သီယာဂို ဆေးလ်ဗားနဲ့ ပတ်သက်ပြီး လမ်းပတ် သူ့ကို ဘာပြောခဲ့လဲ ဆိုတ ပြန်ပြောင်း ဖွင့်ဟခဲ့တဲ့ ရီယိုဖာဒီနန်

ဘရာဇီး ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗား ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီရဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်း ပီအက်စ်ဂျီ အသင်းကနေ ချဲလ်ဆီး အသင်းသို့ အလွတ်နဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ၊ ကစားသမား ဘဝရဲ့ အမြင့်မားဆုံး အောင်မြင်မှုတွေကို နေဝင်ခါနီး အချိန်မှာ ဆွတ်ခူး ရရှိနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ် ။ 

 

ူသီယာဂို ဆေးလ်ဗား ဟာ ကစားသမား ဘဝရဲ့ အကောင်းဆုံး အချိန်တွေ အားလုံးကို ပီအက်စ်ဂျီ အသင်းနဲ့ အတူ ပေးဆပ် ဖြတ်သန်းခဲ့ပေမယ့် ၊ ၎င်းဟာ ပဲရစ် မြို့ခံ ကလပ်နဲ့ လမ်းမခွဲမီ နောက်ဆုံးနှစ်မှာမှ ချန်ပီယံလိဂ် ဗိုလ်လုပွဲသို့ တက်ခွင့် ရခဲ့ပါတယ် ။

 

အခုအခါ ချဲလ်ဆီး အသင်းနဲ့ အတူ တနှစ်ခွဲသာသာပဲ ဖြတ်သန်းရသေးပေမယ့် ၊ သီယာဂို ဆေးလ်ဗား ဟာ ကစားသမား ဘဝ တခါမှ မရခဲ့ဖူးတဲ့ ချန်ပီယံလိဂ် ၊ ဥရောပ စူပါဖလားနဲ့ ကမ္ဘာ့ကလပ်ဖလားတွေကို ကိုင်မြောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

 

ဒါ့အပြင် အသက် ၃၇ နှစ် အရွယ် ရှိပြီ ဖြစ်လို့ ၎င်းရဲ့ စွမ်းဆောင်ရည်အပေါ် သံသယ ဝင်ခဲ့ကြသူတွေကိုလည်း ကွင်းတွင်း ခြေစွမ်းကောင်းတွေနဲ့ ပွဲတိုင်းလိုလို သက်သေပြနိုင်ခဲ့ပါတယ် ။ ချဲလ်ဆီးကို အခုလို အတွေ့အကြုံ ရင့်ကျက်ပြီး ၊ တည်ငြိမ်မှု ရှိတဲ့ ဝါရင့် ခံစစ်မှူး တယောက် ခေါ်ဆောင်ပေးခဲ့ခြင်း အတွက် ချဲလ်ဆီး ပရိသတ်တွေ အနေနဲ့ ယခင် နည်းပြဟောင်း ဖရန့် လမ်းပတ်ကို ကျေးဇူးတင်ရမှာ ဖြစ်ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ခံစစ်မှူးဟောင်း ရီယို ဖာဒီနန် က ချဲလ်ဆီးမှာ ရှိခဲ့စဉ် က လမ်းပတ် ဟာ သီယာဂို ဆေးလ်ဗားနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး ချီးမွမ်းခန်း ဖွင့်ခဲ့တဲ့ အကြောင်းကို ကိုယ်ပိုင် YouTube ချန်နယ် ဖြစ်တဲ့ FIVE မှ တဆင့် အခုလိုပဲ ပြန်ပြောင်း ပြောပြခဲ့ပါတယ် ။

ဖာဒီနန် က ” သီယာဂို ဆေးလ်ဗား ပရီးမီးယားလိဂ်ကို စတင် အခြေချတဲ့အချိန် ၊ ဖရန့် ကျွန်တော့ကို ဘာတွေ ပြောခဲ့လဲ ဆိုတာ ခင်ဗျားတို့ သိကြရဲ့လား ? သူက ‘ ရီယို ၊ သီယာဂို ဟာ ဘောလုံးနဲ့ ပတ်သက်တဲ့ အရာတိုင်းကို စိတ်ဝင်စားတယ် ၊ ကျွန်တော်တို့ ဘယ်လို နည်းစနစ်နဲ့ ချဉ်းကပ် အသုံးပြုချင်လဲ သူ သိချင်ခဲ့တယ် ၊ အင်္ဂလိပ်လိုတော့ သူ အများကြီး နားမလည်ဘူး ၊ ဒါပေမယ့် သူ့မှာ ဘာသာပြန်ပေးမယ့်သူ ရှိတယ် ၊ ဘာပဲဖြစ်နေ ဖြစ်နေ ဘောလုံးနဲ့ ပတ်သက်တာဆို သူ အကုန် စိတ်ဝင်စားနေခဲ့တာ ‘ လို့ ပြောခဲ့ပါတယ် ။ ”

” သူဟာ တကယ့် ဘောလုံး အကြောင်း စေ့စေ့စပ်စပ် သိထားတဲ့ ပုဂ္ဂိုလ် တယောက် ၊ ပရော်ဖက်ရှင်နယ်လည်း အရမ်းဆန်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ တဖက်မှာတော့ ချဲလ်ဆီး ဟာ ပြီးခဲ့တဲ့ စနေနေ့က ကမ္ဘာ့ကလပ်ဖလား ဖိုင်နယ်မှာ ဘရာဇီး ကလပ် ပါးလ်မီးရက်စ်ကို အချိန်ပို မိနစ် ၃၀ အထိ ကစားခဲ့ရကာ ၊ ၂ – ၁ နဲ့ ကပ်အနိုင်ရပြီး ဗိုလ်စွဲခဲ့ပါတယ် ။

ဒီ သမိုင်းဝင် ကမ္ဘာ့ကလပ်ဖလားကို ဆွတ်ခူးစေဖို့ အနိုင်ဂိုး သွင်းခဲ့သူကတော့ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ဖိုင်နယ်မှာ တလုံးတည်းသော အနိုင်ဂိုး သွင်းခဲ့တဲ့ ဂျာမန်သား ကွင်းလယ်လူ ကိုင်ဟာဗက်ဇ်ပဲ ဖြစ်ပါတယ် ။ ဖာဒီနန်ကတော့ ဟာဗက်ဇ် ဟာ သူ့အတွက် ပေးဆပ်ခဲ့ရတဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀ ကို ယင်းဖိုင်နယ် ၂ပွဲတည်းနဲ့ အကြေဆပ်နိုင်ခဲ့ကြောင်း ချီးကျူးသွားခဲ့ပါတယ် ။

 

ဖာဒီနန် က ” ရှင်းရှင်းပြောရရင် ကိုင်ဟာဗက်ဇ် ဟာ ချဲလ်ဆီး ဂျာစီ ဝတ်ပြီး နောက်တပွဲ ထပ်ကစားစရာ မလိုလောက်အောင်ကို သမိုင်းဝင်သွားခဲ့ပါပြီ ။ သူဟာ ဒီဖိုင်နယ် ၂ပွဲတည်းနဲ့ တန်ကြေး ပေါင်သန်း ၇၀ကို အကြေ ဆပ်နိုင်လိုက်တာပါ ။ ကလပ် သမိုင်းကြောင်းရဲ့ အကြီးကျယ်ဆုံး သွင်းဂိုး ၂ဂိုးကို သွင်းယူပေးခဲ့တာပါ ။ ”

” နောက်ထပ် ဂိုးတွေ ထပ်သွင်းပေးစရာ မလိုတော့ပါဘူး ။ အေးဆေးနေ ၊ ဘောကန်ဖိနပ် ချွတ်ပြီး ၊ chill ရုံပါပဲ ။ စနောက်တဲ့ သဘော ပြောတာပါ ။ ဒီလိုမျိုးတော့ ဖြစ်မှာ မဟုတ်ပါဘူး ။ နားထောင် ၊ ခုနက ကျွန်တော် ပြောသလို သူ ချဲလ်ဆီး အတွက် နောက်ထပ် ပွဲတွေ မကစားပေးတော့ဘူး ဆိုရင် ချောင်ကြိုချောင်ကြားထဲ ငုတ်လျှိုး ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

 

SPORTS MYANMAR