ဝေဖန်မှုတွေကို တုန့်ပြန်လိုက်ပြီး လိုအပ်ချက်တွေကို ထုတ်ပြောလိုက်တဲ့ ရန်းဂနစ်

ယူနိုက်တက် အသင်း နည်းပြ ရဲ့လ်ဖ် ရန်းဂနစ် ကတော့ သူ့အပေါ် ကျရောက်နေခဲ့တဲ့ ဝေဖန်မှုတွေကို တုန့်ပြန်ရင်း သူဟာ ထိပ်တန်း အလုပ်တစ်ခုကို လုပ်နေရသူ ဖြစ်ကြောင်းပါ ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

 

ရဲ့လ်ဖ် ရန်းဂနစ် ဆိုတာ မန်ချက်စတာ ယူနိုက်တက် အသင်းမှ ဆိုးလ်ရှား နဲ့ ကာရစ် တို့ ထွက်ခွာခဲ့ကြချိန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ရာသီကုန် အထိ ယာယီ နည်းပြ အဖြစ်နဲ့ ကိုင်တွယ်ဖို့ ရောက်လာခဲ့သူပဲ ဖြစ်ပါတယ် ။

သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ကိုင်တွယ်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် 11 ပွဲမှာ ရှုံးပွဲ တစ်ပွဲသာ ကြုံတွေ့ခဲ့ရပါသေးတယ် ။ ထို့အတူ ယူနိုက်တက် အသင်းလည်း ထိပ်သီး လေးသင်း စာရင်းထဲ ဝင်ရောက်လာခဲ့ပြီပဲ ဖြစ်ပါတယ် ။

 

ဒါပေမဲ့ အဆိုပါ ပွဲစဉ်တွေထဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အောက်အသင်းတွေနဲ့ သရေ ရလဒ် မကြာခန ထွက်ပေါ်ခဲ့တာက ပရိသတ်တွေ အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပြီး ဒီအဖြစ်အပျက် အပေါ် ဝေဖန်သူတွေလည်း များပြားခဲ့ကြပါတယ် ။

 

အခုတော့ ယူနိုက်တက် နည်းပြ ရန်းဂနစ် က သူတို့တွေရဲ့ လမ်းကြောင်းတစ်လျှောက်မှာ အခက်အခဲအချို့ ရှိနေခဲ့ကြောင်း ဝန်ခံလိုက်ပြီး ရာသီဝက် ကုန်ဆုံးချိန်မှာ အသင်းဆီ ရောက်ရှိလာခဲ့ရတာက သူ့အတွက် ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခု ဖြစ်ခဲ့ရကြောင်း ဖွင့်ဟလိုက်ပါတယ် ။

” ရာသီဝက်မှာ ရောက်လာခဲ့ရတာက ကျွန်တော့်အတွက် စိန်ခေါ်မှု တစ်ခုပါပဲ ။ အဲ့ဒီအချိန်တုန်းက အသင်းဟာ ယုံကြည်မှု ကင်းမဲ့နေခဲ့သလို ကောင်းကောင်းလည်း မကစားနိုင်ခဲ့ပါဘူး ။ ပြီးတော့ ကျွန်တော်ဟာ အတူ မလုပ်ခဲ့ဖူးတဲ့ သူတွေနဲ့ အလုပ်တွေလည်း ပူးပေါင်းလုပ်ဆောင်ခဲ့ရပါတယ် ”

 

” ဒါက ဆင်ခြေ ပေးနေခြင်းတော့ မဟုတ်ပါဘူး ။ အားလုံံး သိပြီးသား အချက်အလက် တစ်ခုပါ ။ ကျွန်တော့်အတွက်တော့ အသင်းကို မှန်ကန်စွာ ရောသမနိုင်ဖို့ ၊ တိုက်စစ်ပိုင်းရော ခံစစ်ပိုင်းမှာပါ ဟန်ချက် တစ်ခု ရရှိနိုင်ဖို့ လုပ်ဆောင်နေခဲ့ရပါတယ် ”

” သေချာတာ တစ်ခုကတော့ ကျွန်တော်တို့ဟာ ပေးဂိုး အရည်အတွက်တွေကို လျှော့ချနိုင်ဖို့ အဓိကထား ကြိုးစားရပါ့မယ် ။ အခြားတဖက်မှာတော့ ဘောလုံးကိုင် ကစားနေချိန်မှာ ပြိုင်ဖက်တွေ အတွက် ကြောက်စရာကောင်းတဲ့ အသင်းမျိုး ဖြစ်နိုင်ဖို့လည်း ကြိုးစားရပါ့မယ် ”

” ရက်သတ္တပါတ်အချို့ နဲ့ လ,အနည်းငယ် အတွင်းထဲမှာ ကျွန်တော်တို့ဟာ တိုးတက်မှု အရိပ်အယောင်တွေ ပြသနိုင်ခဲ့ပြီလို့ ထင်ပါတယ် ။ ဒါပေမဲ့ အနာဂတ် တစ်ခုမှာ အခုထက် အများကြီး ပိုပြီး တိုးတက်နိုင်သေးတယ်ဆိုတာကိုလည်း ကျွန်တော်တို့ သိရှိထားကြပါတယ် ”

 

” ကျွန်တော်တို့ အနေနဲ့ ပွဲကောင်း တစ်ပွဲကို မပိုင်ဆိုင်ခဲ့ရရင်တောင်မှ gameplan အတိုင်း ကြိုးစား ကစားပေးနိုင်ဖို့ လိုအပ်လှပါတယ် ။ ဒီ plan က အလုပ် မဖြစ်သေးရင်တောင် ဒီအတိုင်းပဲ ဆက်ပြီး လိုက်နာကျင့်သုံးဖို့ ကြိုးစားရပါ့မယ် ။ ကျွန်တော်တို့ ဒီနေရာမှာ တိုးတက်ဖို့ လိုအပ်နေပါသေးတယ် ” လို့ ရန်းဂနစ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

 

#Sports_Myanmar