” လူတိုင်းမှာ အိပ်မက်တွေ ရှိတတ်ပါတယ် ၊ အားလုံးရဲ့ အိပ်မက်က အမှန်ဖြစ်လာလေ့ မရှိတတ်ပါဘူး ” အစ်ဂ်ဟာလို

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်သူ အိုဒီယံ အစ်ဂ်ဟာလို က မန်ချက်စတာ မြေမှာ အငှား ကစားခဲ့ရတဲ့ အခိုက်အတန့် အကြောင်းကို ဖွင့်ဟလိုက်ပြီး ဒီအချိန် 12 လ က သူနဲ့ သူ့ရဲ့ မိသားစု အတွက် အမြဲတမ်း အမှတ်တရ ဖြစ်နေလိမ့်မယ်လို့ ပြောခဲ့လိုက်ပါတယ် ။

 

အစ်ဂ်ဟာလိုဟာ လက်ရှိအချိန်မှာတော့ ဆော်ဒီအာရေးဗျ မှ Al-Hilal Riyadh အသင်းမှာ ကစားနေသူပဲ ဖြစ်ပါတယ် ။ သူဟာ 2020 ခုနှစ် ဇန်နဝါရီလ တုန်းက အပြောင်းအရွှေ့ နောက်ဆုံးရက်မှာတော့ နည်းပြ ဆိုးလ်ရှား ရဲ့ ခေါ်ယူမှုကြောင့် မန်ချက်စတာကို ရောက်ခဲ့တာပဲ ဖြစ်ပါတယ် ။

 

အဆိုပါ အချိန်တုန်းကတော့ ဆိုးလ်ရှားရဲ့ ဒီလို လုပ်ရက်အပေါ် ဝေဖန်သူတွေ မေးခွန်းထုတ်သူတွေ များခဲ့ပါသေးတယ် ။ ဒါပေမဲ့ ကစားသမားဖက်ကတော့ အိပ်မက် အသင်းအတွက် ကစားပေးခွင့် ရရှိခြင်း က တစ်သက်တာ အမှတ်တရ ဖြစ်သွားစေခဲ့ ပါတယ် ။

 

ဘာဖြစ်လို့လဲဆိုတော့ အစ်ဂ်ဟာလို ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို အားပေးရင်း ကြီးပြင်းလာခဲ့သူ တစ်ဦး ဖြစ်နေလို့ ပါပဲ ။ သူဟာ ဒီအသင်း အတွက် 23 ပွဲ ကစားပေးပြီးချိန်မှာ 5 ဂိုး အထိလည်း သွင်းယူပေးထားနိုင်ခဲ့ပါသေးတယ် ။ အခုတော့ ESPN နဲ့ အင်တာဗျူးမှာ..

 

” နောင်လာမဲ့ နှစ်တွေအတွင်း ခင်ဗျား အနေနဲ့ သားသမီး ကလေးငယ်တွေကို ပြစရာ တစ်စုံတစ်ခု ရှိနေဖို့ လိုအပ်ပါတယ် ။ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ကလေးလေးတွေကို မန်ချက်စတာ ယူနိုက်တက် အသင်းအကြောင်း ၊ အဲ့ဒီက အတွေ့အကြုံတွေ အကြောင်း ပြောပြဖြစ်ပါတယ် ”

” ကျွန်တော်ကတော့ အိုးလ် ထရပ်ဖို့ဒ် ကနေ ခေါင်းမော့ ရင်ကော့ပြီး ဂုဏ်ယူမှု အပြည့်နဲ့ ထွက်ခွာခဲ့ ပါတယ် ။ ဒါဟာ ကျွန်တော့်ရဲ့ အိပ်မက် အသင်းလေ ။ လူတိုင်းရဲ့ အိပ်မက်တွေ လက်တွေ့ ဖြစ်လာလေ့ ရှိတာမှ မဟုတ်ပဲ ။ ကျွန်တော့်ရဲ့ အိပ်မက်တွေကတော့ လက်တွေ့ ဖြစ်ခဲ့ပါတယ် ”

” ဒါ့ကြောင့် ကျွန်တော့်ရဲ့ ကစားသမား ဘဝက ခမ်းနားခဲ့တယ်လို့ ပြောလို့ရပါတယ် ။ ကျွန်တော်ဟာ ယူနိုက်တက် အသင်းမှာ ကစားခဲ့တဲ့ ပထမဆုံး နိုက်ဂျီးရီးယားသား ဖြစ်ခဲ့ပါတယ် ။ ဒါဟာ ကျွန်တော့် အတွက် ကြီးကြီးမားမား ဂုဏ်ယူစရာ ပါပဲ ”

 

” ဒီအသင်းမှာ ကစားခဲ့စဉ်တုန်းက ကျွန်တော်ဟာ ပုံစံကောင်းတွေလည်း ပြသနိုင်ခဲ့တယ်လေ ။ ဒီအတွက်လည်း ကျွန်တော် တကယ်ပဲ ပျော်ရွှင်မိပါတယ် ။ အိုးလ် ထရပ်ဖို့ဒ် က လေထုဟာ အခြားနေရာတွေနဲ့ တကယ်ပဲ ခြားနားလှပါတယ် ”

” ဒါဟာ တကယ့် အသင်းကြီး တစ်သင်းပါ ။ အကယ်လို့ ခင်ဗျားဟာ ဒီအသင်းရဲ့ အစိတ်အပိုင်း တစ်ခု မဖြစ်ခဲ့ဘူးဆိုရင် ဒီအသင်းဟာ ဘယ်လောက်ထိ ကြီးကျယ် ခမ်းနားလဲဆိုတာကို သိနိုင်မှာ မဟုတ်ပါဘူး ။ ဒါဟာ အရမ်း အရမ်းကို ထူးကဲတဲ့ အသင်းတစ်သင်းပါပဲ ”

 

” ကျွန်တော် ကတော့ ကမ္ဘာ့ အကြီးကျယ်ဆုံး အသင်းအတွက် ကစားခွင့် ရရှိခဲ့တဲ့ အပေါ် ဘုရားသခင်ကို ကျေးဇူးတင်မိပါတယ် ။ ဒါဟာ ကျွန်တော်လုပ်နိုင်တဲ့ အရာတွေထဲက အခမ်းနားဆုံး အရာတစ်ခုပါ။ ကျွတ်တော်အလုပ်တွေ ကြိုးစားခဲ့တယ် ၊ ဂိုးအချို့လည်း သွင်းနိုင်ခဲ့တယ် ။ ဒီအတွက် တကယ်ပဲ ပျော်မိပါတယ် ” လို့ အစ်ဂ်ဟာလို က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

 

#Sports_Myanmar