လီယွန်နယ် မက်ဆီ ၊ ခရစ္စတီယာနို ရိုနယ်ဒို တို့နဲ့ ပတ်သက်ပြီး ပရိသတ်တွေ အမြင်မှန်ရဖို့ တိုက်တွန်း သွားခဲ့တဲ့ လိုင်နီကာ

အင်္ဂလန် ၊ တော့တင်ဟမ် ဟော့စပါး နဲ့ ဘာစီလိုနာ တိုက်စစ်မှူးဟောင်း ဂယ်ရီ လိုင်နီကာ က ဘောလုံး ပရိသတ်တွေ အနေနဲ့ မက်ဆီ ရော ရိုနယ်ဒို ပါ အသက်ကြီးပြီး ခြေစွမ်း အကျဘက် ရောက်နေ ကြပြီ ဆိုတာကို လက်ခံကာ အများကြီး မမျှော်လင့် ကြဖို့ တိုက်တွန်း ပြောဆို သွားခဲ့ ပါတယ် ။

ရိုနယ်ဒို ဟာ မကြာသေးခင် က ၃၇ နှစ် ပြည့်မြောက် သွားခဲ့ပြီ ဖြစ်ကာ မက်ဆီ ကတော့ လာမယ့် ဇွန်လ မှာ၃၆ နှစ် ပြည့်မြောက် မှာပဲ ဖြစ်ပါတယ် ။

သူတို့ ၂ ဦး ဟာ မော်ဒန် ဘောလုံး ကမ္ဘာရဲ့ အကောင်းဆုံးတွေ အဖြစ် သတ်မှတ် ခံထားရပြီး ၂ ဦးပေါင်း ရွှေဘောလုံးဆု ၁၂ ဆု အထိ ရယူပိုင်ဆိုင် ထားကြပါတယ် ။

ဒါပေမယ့် တဖြည်းဖြည်း အရွယ်ရတာလာကြောင့် မက်ဆီ ရော ရိုနယ်ဒိုပါ အရင်ကထက် ဂိုးသွင်းနှုန်းတွေ ၊ ဂိုးဖန်တီးနှုန်းတွေ ကျဆင်းလာပြီး မှားယွင်း လွဲချော်မှုတွေလည်း အရင်ကထက် ပိုများ လာခဲ့ကြပါတယ် ။

မက်ဆီ ဟာ အင်္ဂါနေ့ ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက် ပွဲမှာ PSG အတွက် ပင်နယ်တီ ဝင်အောင် မကန်သွင်း နိုင်ခဲ့တာကြောင့် ဝေဖန်မှုတွေ နဲ့ ရင်ဆိုင် ခဲ့ရ ပါတယ် ။

အဆိုပါ ပွဲမှာ PSG ဟာ ရီးရဲမက်ဒရစ် ကို ခြေစွမ်းအသာ ၊ ဂိုးကန်သွင်းမှု အသာနဲ့ ကစားနိုင်ခဲ့ ပေမယ့် ရီးရဲ ုဂိုးသမား ကော့တွိုက် ရဲ့ လက်စွမ်းပြမှုတွေကြောင့် မိနစ် ၉၀ ပြည့်သည် အထိ ဂိုးမရှိ သရေကျနေခဲ့ ပါတယ် ။

ပွဲချိန် အတွင်းမှာ PSG တို့ ပင်နယ်တီ ရခဲ့ပေမယ့်လည်း မက်ဆီ ရဲ့ ကန်ချက် ကို ကော့တွိုက် ကာကွယ်နိုင်ခဲ့ ပါတယ် ။

၉၀+၄ မိနစ်မှာတော့ အမ်ဘာပေ က ဧရိယာ အစွန်ကနေ တကိုယ်တော် အစွမ်းပြကာ ထိုးဖောက်လာပြီး ကော့တွိုက် ရဲ့ ခြေထောက် ကြားကနေ ကန်သွင်းကာ အိမ်ရှင် အသင်းအတွက် တလုံးတည်းသော အနိုင်ဂိုး ကို သွင်းယူပေးခဲ့ ပါတယ် ။

ပွဲအပြီးမှာတော့ ဘာပေ ဟာ မက်ဆီ ကို ကယ်တင် ခဲ့တာလို့ ပြောဆို ဝေဖန်သူတွေ များခဲ့ပြီး မက်ဆီ ရဲ့ စံချိန်တင်တဲ့ လွဲချော်မှု ( ချန်ပီယံလိဂ် သမိုင်း တလျောက် ပင်နယ်တီ အများဆုံး လွဲမှု ) ကို အသားပေး ပြောဆို ခဲ့ကြပါတယ် ။

 

ရိုနယ်ဒို ကတော့ ဒီရာသီ မှာ မန်ချက်စတာ ယူနိုက်တက် အတွက် အဓိက ဂိုးသွင်းသူ အဖြစ် ရှိနေ ပေမယ့် နောက်ပိုင်း ပွဲစဉ်တွေမှာ အခွင့်အရေးတွေ အသုံးမချ နိုင်ဖြစ်ခဲ့တာကြောင့် ဝေဖန်မှုတွေ နဲ့ ရင်ဆိုင် ခဲ့ရတာပဲ ဖြစ်ပါတယ် ။

ဒါပေမယ့် ဂယ်ရီ လိုင်နီကာ ကတော့ ရိုနယ်ဒို ရော မက်ဆီ ပါ အကျဘက်ကို ရောက်နေပြီး သူတို့ အပေါ် အလွန် အမင်း မမျှော်လင့် ထားကြဖို့ တိုက်တွန်း ပြောဆို သွားခဲ့ ပါတယ် ။

“မက်ဆီ က ဇွန်လ ဆို ၃၅ ပြည့်ပါပြီ ။ ရိုနယ်ဒို က ၃၇ နှစ်ကို ကျော်လာခဲ့ပါပြီ ။ ကျွန်တော်တို့ အနေနဲ့ သူတို့ အပေါ် မျှော်လင့်ထားတာတွေ ကို နည်းနည်း လျော့ဖို့ သင့်ပြီလို့ ထင်ပါတယ် ။

အခုချိန်ထိ သူတို့ အံ့သြစရာတွေ လုပ်ပြ နေကြတုန်းပါပဲ ။ ဒါပေမယ့် ဒီလိုမျိုး ဘောလုံး နတ်ဘုရားတွေ တောင်မှ ထာဝရ မကောင်းနေ နိုင်ဘူးဆိုတာ ကို နားလည်ထားရမှာပါ” လို့ လိုင်နီကာ က ပြောဆိုခဲ့ ပါတယ် ။

အဲ့ဒိနောက်မှာတော့လိုင်နီကာ က သူဟာ ရိုနယ်ဒို ထက် မက်ဆီ ကို ပိုနှစ်သက်ကြောင်း ၊ မက်ဆီ ဟာ ရိုနယ်ဒို ထက် ပိုပြီး ဘောလုံးကို စွဲလမ်း နှစ်သက်လာအောင် ကစားတတ်ကြောင်း ၊ ရိုနယ်ဒို ကတော့ အရမ်း ကောင်းတဲ့ ဂိုးသွင်းသူ တယောက် ဖြစ်ကြောင်း သုံးသပ် ပြောဆို သွားခဲ့ ပါတယ် ။

 

“သူတို့ က ကျွန်တော်တို့ ကို ပျော်ရွှင်စရာတွေ ပေးခဲ့ ပါတယ် ။ ရိုနယ်ဒို ၂ ယောက် ( ပေါ်တူဂီ နဲ့ ဘရာဇီး ) က တကယ် ထက်မြက်တဲ့ ဂိုးသွင်းသမားတွေပါ ။ ဒါပေမယ့် လီယို ( မက်ဆီ ) နဲ့ ဒီယေဂို ( မာရာဒိုနာ ) တို့လို ကစားသမားတွေ ကျတော့ ပိုပြီး ထူးခြား ပါတယ် ။ သူတို့ က အခြားသူတွေ မလုပ် နိုင်တဲ့ အရာ ၃-၄ ခုလောက် ကို လုပ်ပြ နိုင်သူတွေပါ”

 

“သူတို့ တွေက ကွဲပြားပါတယ် ၊ ရိုနယ်ဒို ကို ကျွန်တော်လည်း သဘောကျ ပါတယ် ။ သူ လုပ်ခဲ့တာတွေ က တကယ့်ကို လေးစား စရာပါပဲ ။ ဘောလုံး ဂရိတ် တယောက်ဆိုတာ သံသယ ရှိစရာ မလိုပါဘူး ။ ဒါပေမယ့် ဘောလုံးရသ ကို ခံစားတာနဲ့ အကဲဖြတ်မယ် ဆိုရင်တော့ ကျွန်တော် က ဒီယေဂို တို့ လီယို တို့ ကစားတာကို ပိုပြီး သဘောကျ မိပါတယ်” လို့ ပြောဆို သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR