လီဗာပူး ကို ပြောင်းရွှေ့ ကစားဖို့ ကလော့ပ် ကို ပြန်ပြီး မေးခွန်းထုတ်ခဲ့တဲ့ ကိုနာတေး

ကိုနာတေး ဟာ ရုပ်ပိုင်းဆိုင်ရာ တည်ဆောက်မှုရော ၊ နည်းစနစ်ပိုင်းမှာပါ ကျွမ်းကျင်တဲ့ လူငယ် ချာတိတ်တစ်ယောက် ဆိုတာ ပရီးမီးယားလိဂ် ပရိသတ်တိုင်းက သိထားပြီးသား ဖြစ်ပါတယ်။ နည်းပြကြီး ယာဂန် ကလော့ပ် ကိုယ်တိုင်ကတော့ ဒီအလားအလာတွေကို အစောကြီး ကတည်းက ကြိုမြင်ခဲ့လို့ ၊ အခြားသူတွေထက် လက်ဦးမှု ရယူကာ အန်ဖီးလ် ဆီ အရခေါ်ဆောင်ခဲ့သူပါ။

လီဗာပူး ဟာ အပြောင်းအရွှေ့ ကိစ္စတွေ မဆွေးနွေးမှီ ကစားသမားကို တွေ့ဆုံပြီး စည်းရုံးရေးဆင်းဖို့ လိုက်ပ်ဇစ်ဆီ က ခွင့်ပြုချက် အရင်ဆုံးရခဲ့ပါတယ်။ ကိုဗစ် ကိစ္စတွေကြောင့် ကိုယ်တိုင်တွေ့ဆုံနိုင်ကြခြင်း မရှိပေမယ့် ၊ Video Call ကနေ တဆင့် ကလော့ပ် ကိုယ်တိုင် စည်းရုံးရေး ဆင်းခဲ့တာပါ။

အဲဒီ အခိုက်အတန့်မှာ ကိုနာတေး က ဂျာမန် နည်းပြကြီးကို မေးခွန်း ပြန်ထုတ်ခဲ့ဖူးတဲ့ အကြောင်းကို အခုလို ပြောပြသွားခဲ့ ပါတယ်။

“ OK မစ္စတာ ကလော့ပ်…. ကျနော်သာ ခင်ဗျား ရဲ့သားဆိုရင် ၊ ခင်ဗျားသားသာ ကျနော့် နေရာမှာ ဆိုရင် ဘယ်လို အကြံပြုချက်မျိုး ပေးမလဲဗျာ။

အဲဒီ အချိန် ကလော့ပ် ပြန်ပြောတာက….ဒီကလပ်ကတော့ ကောင်းတယ် ၊ ဒီကလပ်လဲ ကောင်းတယ် ဒါပေမယ့် ငါကတော့ မင်းကို လီဗာပူး ကို ရွေးဖို့ပဲ တိုက်တွန်းမှာတဲ့လေ။ ကျနော် က ကလော့ပ် ရဲ့ မျက်စိကိုပဲ သေချာ စိုက်ကြည့်နေတာပါ။ တစ်ခြားကို လုံး၀ အာရုံမရောက်ပါဘူး။

သူ့ဆီကနေ ပြန်ကြားရမယ့် အဖြေက တကယ်ပဲ စိတ်ရင်းမှန်နဲ့ ပြောတာလား ၊ သူ့ဘက် လိုချင်လို့ ဆွဲပြီးပြောတာလား ဆိုတာ သိနိုင်ဖို့ပါ။ သူဟာ စေတနာ အပြည့်နဲ့ ပြောတယ် ဆိုတာ အဲဒီ ကတည်းက ခံစားမိခဲ့ပါတယ်။

လီဗာပူး ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက် ချလိုက်ရတာ ကျနော့် အတွက် အရမ်းကို ကောင်းပါတယ်။ ဒီကလပ်မှာ စုဖွဲ့ ထားတဲ့ ကစားသမားကို ကြည့်လိုက်ရုံနဲ့တင် ဘယ်သူက လီဗာပူး ကို မလာချင်ပဲ နေမလဲဗျာ” လို့ ဖွင့်ဟ သွားခဲ့ ပါတယ်။

အဲဒီ အချိန်က ယူနိုက်တက် ၊ ချဲဆီး နဲ့ ရီးရဲ မက်ဒရစ် အသင်းတွေကို ကိုနာတေး ကို အပြိုင်ချဉ်းကပ်နေတာ ဖြစ်ပြီး ၊ လီဗာပူး ကတော့ အပြောင်းအရွှေ့ မစတင် ခင်ကတည်းက အပြီးသတ် ခေါ်ယူနိုင်ဖို့ ခြေလှမ်းဦးခဲ့ပါတယ်။

“ ဘောလုံးသမား တစ်ယောက် ရဲ့ ဘဝမှာ ဆုံးဖြတ်ချက်တွေ ချရတာ အရေးပါဆုံး အချိန်တွေပါ။ ကျနော် ကတော့ အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချနိုင်လိုက်တဲ့ အတွက် ပျော်ပါတယ်။

တကယ်တော့ လွယ်ကူလွန်းခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ 3-4 ပတ်လောက် စဉ်းစားရင်း ခေါင်းတောင် ပွင့်ထွက်မတတ် အတွေးတွေ နယ်ချဲ့ခဲ့ရတာပါ ဘာလို့လဲ ဆိုတော့ ဒါက ကိုယ့်ဘ၀ ရဲ့ အလှည့်အပြောင်း ဖြစ်သွားနိုင်တဲ့ ဆုံးဖြတ်ချက်မျိုး ဖြစ်နေလို့ပါပဲ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

ကလော့ပ် ဟာ ဒီရာသီမှာ ကိုနာတေး ကို အရံ ကစားသမား အဖြစ်သာ မထားပဲ ပွဲကြီးတွေမှ ရွေးပြီး ကစားခွင့်တွေ ပေးခဲ့ပါတယ်။ လက်ရှိ အချိန်ထိ ကစားထားတဲ့ 15 ပွဲ ကို ကြည့်လိုက်ရင် ယူနိုက်တက် ၊ ချဲဆီး ၊ စပါး ၊ အာဆင်နယ် ၊ အင်တာမီလန် ၊ အေစီမီလန် တို့လို အဝေးကွင်း ပွဲစဉ်တွေတောင် ပါဝင်နေပါတယ်။ ထူးခြားတာ က လီဗာပူး ဟာ ကိုနာတေး ပါဝင် ကစားတဲ့ ပွဲတိုင်း အခုထိ ရှုံးပွဲ မကြုံရသေးပါဘူး။

“ ကျနော် က တစ်ပွဲပြီး တစ်ပွဲ ကစားခွင့်ရရင်း တိုးတက်မှုတွေ ရှိနေပါတယ်။ မန်နေဂျာကြီးကလဲ တကယ့်ပွဲမျိုးတွေမှကို ထည့်ကစားတာပါ။ ကျနော့် စိတ်ပိုင်း ဆိုင်ရာ ခံယူချက်ကလဲ အသင်းနိုင်ပွဲ ရရင်တောင် ကိုယ်လုပ်မိတဲ့ အမှားတွေ ပြန်ရှာရင်း နောက်ပွဲမှာ ပွဲကောင်းအောင် ကြိုးစား ပြင်ဆင်နေတတ်ပါတယ်။

ဒီအရွယ်မှာတော့ အမြင့်ဆုံး စွမ်းဆောင်ရည်တွေ မရသေးပါဘူး။ ဒါပေမယ့် အသက်နဲ့ စာရင်တော့ ကျနော့် စွမ်းဆောင်ရည် ကိန်းဂဏန်းတွေက အလားအလာကောင်းတဲ့ ဘက်ကို ညွှန်ပြနေပါတယ်။ ကျနော့် ရဲ့ ခံယူချက်ကလဲ ဘာဖြစ်လို့ ကမ္ဘာ့အကောင်းဆုံး ခံစစ်မှုး တစ်ယောက် မဖြစ်နိုင်ရမှာလဲ ဆိုတဲ့ အသိမျိုး နဲ့ ကြိုးစားနေတာပါ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

SM