လီဗာပူးဟာ သူလုံး၀ ထင်မှတ်မထားခဲ့တဲ့ အရာကို လုပ်ပြသွားခဲ့တယ်လို့ ၀န်ခံလိုက်တဲ့ ဂယ်ရီနဗီး

မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း ဂယ်ရီနဗီးက ပရီးမီးယားလိဂ် ပွဲစဉ် ၂၆ အပြီးမှာ သူတို့ အနေနဲ့ ပြိုင်ဆိုင်မှု ပြင်းထန်မယ့် title race ကို ပြန်လည် မြင်တွေ့ရတော့မှာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ လီဗာပူး အသင်းဟာ ပွဲစဉ် ၂၆ မှာ နော့ဝှစ်ကို နောက်ကနေ လိုက်ကစားကာ ၃-၁ နဲ့ အနိုင်ရရှိခဲ့ပြီး မန်စီးတီးနဲ့ ၆ မှတ်အကွာကို ရောက်လာခဲ့ပါတယ်။

ဒါပေမယ့်လည်း နောက်ကျပွဲ ကစားရမယ့် မန်စီးတီးဟာ အိမ်ကွင်းမှာ တော့တင်ဟမ်ကို နိုင်ရင် ၉ မှတ် အကွာကို ပြန်ရောက်သွားမှာ ဖြစ်ပေမယ့်လည်း ပက်ဂွာဒီယိုလာရဲ့ အသင်းဟာ အန်တိုနီယိုကွန်တီရဲ့ အသင်းကို အိမ်ကွင်းမှာ ၃-၂ နဲ့ အရေးနိမ့်ခဲ့ပါတယ်။ ဒ့ါကြောင့် လီဗာပူး အနေနဲ့ ဒီကြားရက်မှာ ကစားရမယ့် ပရီးမီးယားလိဂ် ပွဲကျန်မှာ လိဒ်ယူနိုက်တက်ကို နိုင်ခဲ့မယ်ဆိုရင် မန်စီးတီးနဲ့ ၃ မှတ်အကွာကို ရောက်လာတော့မှာ ဖြစ်ပါတယ်။

နဗီးက ပြီးခဲ့တဲ့ ဇန်နဝါရီလက မိုဆာလား နဲ့ ဆာဒီယိုမာနေး တို့ အာဖရိကဖလား သွားရောက် ယှဉ်ပြိုင်နေချိန်မှာ လီဗာပူး အနေနဲ့ title race မှာ ဆက်ရှိနိုင်မှာ မဟုတ်ဘူးလို့ ထင်မှတ်ခဲ့ကြောင်း ၀န်ခံသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း the Reds တို့ဟာ မာနေး နဲ့ ဆာလား တို့ မရှိတဲ့ ကာလမှာ ကာရာဘောင်ဖလား ဖိုင်နယ်ကို တက်ရောက်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အပြင် ပရီးမီးယားလိဂ်မှာလည်း နိုင်ပွဲတွေ တောက်လျှောက် ရယူခဲ့ပါတယ်။

နဗီးက “လီဗာပူးဟာ အရမ်းကို ကောင်းတဲ့ အသင်း ဖြစ်ပါတယ်။ မာနေး နဲ့ ဆာလား တို့ အာဖရိကဖလား ပြိုင်ပွဲ သွားရောက် ကစားနေတဲ့ ကာလအတွင်း မန်စီးတီးရဲ့ နောက်ကို ထပ်ချပ်မကွာ လိုက်ရတာဟာ သူတို့ အတွက် အရမ်းကို ခက်ခဲလှပါတယ်။ လွန်ခဲ့တဲ့ ၃ ပတ် ၄ ပတ်လောက်က တစ်စုံတစ်ယောက်က ‘မာနေး နဲ့ ဆာလား တို့ အာဖရိကဖလားကို သွားရောက် ယှဉ်ပြိုင်နေချိန်မှာ လီဗာပူး အနေနဲ့ လိဂ်ဖလား ဖိုင်နယ်ကို တက်ရောက်ပြီး မန်စီးတီးနဲ့ ရမှတ် ကွာဟမှုကို လျော့ချနိုင်လိမ့်မယ်လို့ ထင်မိသလား?’ လို့ မေးခဲ့မယ် ဆိုရင် ကျွန်တော့်ဘက်က No လို့ ပြန်ပြောမိမှာပါ။

ဒါဟာ လုံး၀ ဖြစ်နိုင်စရာကို မရှိပါဘူး။ ဘာလို့လဲဆိုတော့ မန်စီတီးဟာ တကယ့်ကို မယုံနိုင်လောက်အောင် ကစားပြနေပြီး ရလဒ်ကောင်းတွေ ဆက်တိုက် ရယူထားခဲ့လို့ ဖြစ်ပါတယ်။ သူတို့ရဲ့ ယခုလို စွမ်းဆောင်ခဲ့မှုဟာ ကျွန်တော့်ကို အံ့အားသင့်စေခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိ အချိန်မှာတော့ ကျွန်တော်တို့ title race ကို ပြန်လည် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

SM