လီဗာပူးနဲ့ ရင်ဆိုင်ရမယ့် ကာရာဘောင် ဖိုင်နယ် မတိုင်မီ ချဲလ်ဆီး အသင်းရဲ့ နောက်ဆုံးရ ဒဏ်ရာ သတင်း အကြောင်း အသိပေးခဲ့တဲ့ တူချယ်

လာမယ့် တနင်္ဂနွေနေ့မှာ ချဲလ်ဆီး အသင်း ဟာ ကာရာဘောင် ဖလား ဗိုလ်လုပွဲ အဖြစ် လီဗာပူး အသင်းနဲ့ ဝင်ဘလေကွင်းမှာ အကြိတ်အနယ် ရင်ဆိုင် ကစားရဖို့ ရှိပါတယ် ။ ချဲလ်ဆီး ဟာ နောက်ဆုံး ကစားခဲ့တဲ့ လိုင်လီနဲ့ ပွဲမှာ အားထားရတဲ့ အသင်းသား အချို့ကို ဒဏ်ရာ ပြဿနာကြောင့် လက်လွှတ်ခဲ့ရပါတယ် ။

သို့ပေမယ့် ကာရာဘောင် ဖိုင်နယ် မတိုင်မီ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေး အစီအစဉ် ၂ခုမှာ ရာသီကုန်အထိ အနားယူရမယ့် ဘယ်နောက်ခံလူ ဘန်ချေဝဲလ် က လွဲပြီး ၊ ကျန်တဲ့ ချဲလ်ဆီး အသင်းသား အားလုံး လေ့ကျင့်ခဲ့ကြပါတယ် ။ ဒါဟာ ချဲလ်ဆီး ပရိသတ်တွေ အတွက်တော့ အားတက်စရာ သတင်း ဖြစ်ပါတယ် ။

လိုင်လီနဲ့ ပွဲမှာ ဒဏ်ရာ အသေးစား ကိုယ်စီ ရရှိခဲ့ကြတဲ့ ကွင်းလယ်လူ မတ်တီယို ကိုဗာဆစ်နဲ့ တောင်ပံ ကစားသမား ဟာကင် ဇီယက်ခ်ျ တို့ဟာလည်း ထူးထူးခြားခြား နာကျင်မှု မပြခဲ့တာကြောင့် ၊ အသင်းလိုက် လေ့ကျင့်မှုမှာ ပြန်လည် ပါဝင်နေကြောင်း သိရပါတယ် ။

တံကောက်ကြော ဒဏ်ရာကြောင့် ၂လနီးပါးလောက် အနားယူခဲ့ရတဲ့ ညာနောက်ခံလူ ရိစ်ဂျိမ်းစ် ကတော့ ကာရာဘောင် ဖိုင်နယ် အမှီ မနေ့က ထရိန်နင်မှာ ပူးပေါင်း ပါဝင်ခဲ့ပါတယ် ။ အလားတူ လိုင်လီနဲ့ ပွဲမှာ ကြံ့ခိုင်မှု မပြည့်လို့ အရန်ခုံ ထိုင်ခဲ့တဲ့ ကွင်းလယ်လူ မေဆင်မောင့် ဟာလည်း လီဗာပူးနဲ့ ပွဲအတွက် အသင့်ဖြစ်နေပြီလို့ သိရပါတယ် ။

ယနေ့ ညနေက ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ တူချယ် က နောက်ဆုံးရ ဒဏ်ရာ သတင်းနဲ့ ပတ်သက်ပြီး ” ဘန်ချေဝဲလ် က လွဲရင် ၊ ကျန်တဲ့ အသင်းသား အားလုံး ဒီနေ့ လေ့ကျင့်ထားကြပါတယ် ။ ဒါက အရမ်းကောင်းတဲ့ သတင်းပါ ။ ဒီတော့ ကစားသမား အစုံအလင်နဲ့ ပြင်ဆင်ခွင့် ရလိုက်တာပေါ့ ။ ”

” ဟာကင်နဲ့ ကိုဗာတို့ ၂ဦးလုံး အိုကေနေပါတယ် ။ ဒီနေ့ ထရိန်နင်မှာ သူတို့ ပါဝင်ထားပြီး ၊ ထူးထူးခြားခြား နာကျင်ခံစားရတာမျိုးလည်း မရှိပါဘူး ။ အားလုံး ထရိန်နင် အစကနေ အဆုံး ပူးပေါင်း ပါဝင်နိုင်ခဲ့ကြပါတယ် ။ ဆိုးရွားတဲ့ တုန့်ပြန်မှု ဆိုတာ မရှိပဲ ၊ အပေါင်း လက္ခဏာ ဆောင်တဲ့ တုန့်ပြန်မှုတွေသာ ရှိခဲ့ပါတယ် ။ ”

” ဖိုင်နယ် မတိုင်ခင် အထိ ဒီအတိုင်းပဲ ဆက်ရှိဖို့ ကျွန်တော် မျှော်လင့်ပါတယ် ။ ဒါပေမယ့် မနက်ဖြန် တရက် ကျွန်တော်တို့ ဆက်လေ့ကျင့်ဖို့ ရှိပါသေးတယ် ။ အဲဒီမှာ ထူးထူးခြားခြား ဘာ ပြဿနာမှ မရှိလာဘူး ဆိုရင် ဖိုင်နယ် အတွက် ကစားသမား အားလုံး ပါဝင်နိုင်ကြမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး တူချယ် က ဗိုလ်လုပွဲမှာ ရိစ်ဂျိမ်းစ် ပွဲထွက်ခွင့် ရနိုင်ဖို့ ရှိမရှိနဲ့ ပတ်သက်ပြီးလည်း ” ဒီ မေးခွန်းကို အခုအချိန်မှာ တပ်အပ် အဖြေ တခုပေးဖို့ မသေချာသေးပါဘူး ။ နောက်ဆုံး လေ့ကျင့်ရေး အစီအစဉ် ၂ခုကို သူ ကောင်းကောင်း ကျော်ဖြတ်ထားနိုင်ခဲ့ပါတယ် ။ ဒါပေမယ့် နောက်ဆုံး အကြိမ် လေ့ကျင့်မှုကို တချက် စောင့်ကြည့်လိုက်ပါဦး ။ ”

” ပြီးမှ ရူးလောက်စရာကောင်းတဲ့ အထိ သူ့ကို ဖိုင်နယ်မှာ အရဲစွန့် ထုတ်သုံးဖို့ အဆင်ပြေမပြေ ကျွန်တော်တို့ ဆုံးဖြတ်ရမှာပါ ။ ရိစ်နဲ့ ပတ်သက်ပြီး ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောနိုင်တာ က သူဟာ ထရိန်နင် မှာ အခြေအနေ အများကြီး တိုးတက်နေတဲ့ အကြောင်း ၊ ကောင်းကောင်း လေ့ကျင့်နိုင်တဲ့ အကြောင်းသာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR