လီဗာပူးကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့ရာမှာ တူချယ်နဲ့ ကီပါ အနက် ဘယ်သူက တာဝန်ရှိလဲ ဆိုတာ ဆွေးနွေးခဲ့ကြတဲ့ ဂျေမီ ရက်ဒ်နပ်နဲ့ ဟက်ဆယ်ဘိန့်ခ်

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ကာရာဘောင် ဖလား ဗိုလ်လုပွဲမှာ လီဗာပူး အသင်းကို ပွဲချိန် မိနစ် ၁၂၀ အတွင်း သူတင်ကိုယ်တင် အပြန်အလှန် ကစားနိုင်ခဲ့ပေမယ့် ၊ ပင်နယ်တီ အဆုံးအဖြတ်မှာ လူစားဝင် ဂိုးသမား ကီပါ က ၁၁ကြိမ်မြောက် ပင်နယ်တီကို လွဲချော်ခဲ့တာကြောင့် ၁၁ – ၁၀ နဲ့ အရေးနိမ့်ကာ ၊ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ် ။

ကီပါ ဟာ ကာရာဘောင် ဖလား တတိယ အဆင့်နဲ့ စတုတ္ထ္တ အဆင့် ပွဲတွေက ပင်နယ်တီ အဆုံးအဖြတ်တွေမှာ လက်စွမ်းပြကာ ၊ ချဲလ်ဆီးကို ကယ်တင်ပေးခဲ့သလို ၊ ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ် ၂ကျော့လုံးမှာလည်း တည်ငြိမ်တဲ့ လက်စွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး ၊ Clean Sheet တွေပါ ထိန်းသိမ်းနိုင်ခဲ့ပါတယ် ။

သို့ပေမယ့် နည်းပြ ဖြစ်သူ သောမတ်စ် တူချယ် ဟာ ဗိုလ်လုပွဲမှာ ပထမ ဦးစားပေး ဂိုးသမား အက်ဒိုဝါ့ဒ် မန်ဒီကို မိနစ် ၁၂၀ နီးပါး အသုံးပြုခဲ့ပြီးမှ ၊ ကီပါကို ပင်နယ်တီ ဖမ်းဖို့ လူစားဝင်စေခဲ့ပါတယ် ။ ဒီ ဆုံးဖြတ်ချက် က အခု တခါမှာတော့ တူချယ်ကို ပေးဆပ်မှု ကြီးမားသွားခဲ့တယ်ပဲ ဆိုရမှာ ဖြစ်ပါတယ် ။

လီဗာပူး ကွင်းလယ်လူဟောင်း ဂျေမီ ရက်ဒ်နပ် ကတော့ တူချယ် ဟာ တပွဲလုံးမှာ ချဲလ်ဆီး အသင်း အတွက် မဟာ လက်စွမ်းပြမှုတွေနဲ့ အတူ ကယ်တင်ထားနိုင်ခဲ့တဲ့ မန်ဒီကို ဆက်မယုံပဲ ၊ ကီပါကို ပင်နယ်တီ ဖမ်းဖို့ ပုံအပ်လိုက်တာ က ရူးလောက်စရာကောင်းတဲ့ အကြောင်း အခုလိုပဲ ဝေဖန်သွားခဲ့ပါတယ် ။

Sky Sports ရဲ့ ပွဲပြီး သုံးသပ်ချက် အစီအစဉ်မှာ ဂျေမီ ရက်ဒ်နပ် က ” ဒါဟာ ကိုယ်ပါးနပ်လွန်းလို့ ခံလိုက်ရတဲ့ အနေအထား တရပ် ဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ် ။ တူချယ် ဟာ ကီပါကို လူစားလဲသုံးဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ် ။ ဘာလို့လဲ ဆိုတော့ သူ့အမြင်မှာ ကီပါ က ပင်နယ်တီ ကာကွယ်တာ ပိုကောင်းတယ်လို့ ထင်ခဲ့တာကြောင့်ပါ ။ ”

” သူဟာ အခြေအနေကို ပိုပြီး ရှုပ်ထွေးအောင် လုပ်လိုက်တယ်လို့ ကျွန်တော် ထင်ပါတယ် ။ မန်ဒီကသာ ပိုပြီး ကြီးကျယ်တဲ့ ဂိုးသမား တဦး ဖြစ်ပါတယ် ။ မန်ဒီကိုသာ ဆက်ပြီး ပေးဖမ်းမယ် ဆိုရင် သူတို့ မနိုင်လောက်ဘူးလို့ ခင်ဗျားတို့ ဘယ်လို ပြောနိုင်မှာလဲ ? ဒါက အဓိပ္ပာယ် မရှိဘူးလို့ ထင်ပါတယ် ။ ”

” ဒီ လူစားလဲမှု က အဓိပ္ပာယ် မရှိဘူး ဆိုတာ ဒီနေ့ပွဲက ထပ်ပြီး သက်သေပြခဲ့ပြန်ပါပြီ ။ သူဟာ ပင်နယ်တီ တကြိမ်မှကို ကောင်းကောင်း မကာကွယ်နိုင်ခဲ့ပါဘူး ။ နီးတောင် မနီးစပ်ခဲ့ပါဘူး ။ ပင်နယ်တီ လွဲတယ် ဆိုတာ ဘယ်သူမဆို ဖြစ်နိုင်တာကို ကျွန်တော်တို့ အားလုံး သဘောတူပါတယ် ။ ”

” ဒါပေမယ့် ဂိုးသမား လူစားလဲတာက ကျွန်တော့အတွက် အဓိပ္ပာယ်ကို မရှိတာပါ ။ သူဟာ ခင်ဗျားမှာ ရှိသလောက် လောင်းကြေး အကုန် ထပ်ရလောက်တဲ့ အထိ ကောင်းနေတဲ့ ဂိုးသမား မဟုတ်ပါဘူး ။ နောက်ပိုင်းမှာ ပင်နယ်တီ ဖမ်းဖို့ အတွက် ဒီလိုမျိုး ဂိုးသမား လူစားလဲတဲ့ ကိစ္စမျိုး ထပ်မလုပ်မိဖို့ ကျွန်တော် မျှော်လင့်ပါတယ် ။ ”

” မန်ဒီ ဟာ ကမ္ဘာ့ အကောင်းဆုံး ဂိုးသမား တဦး ဖြစ်ပါတယ် ။ ဒါပေမယ့် တူချယ် ဟာ မန်ဒီကို ဆက်မယုံကြည်ခဲ့ပဲ ၊ ကီပါကို ပင်နယ်တီ ဖမ်းဖို့ တာဝန်ပေးခဲ့ပါတယ် ။ ဒါက ရူးလောက်စရာပါ ။ အရှေ့က ပင်နယ်တီတွေ ကန်တဲ့အချိန်တွေမှာတောင် ကျွန်တော် သူ့ရဲ့ အပြုအမူတွေကို မနှစ်သက်ခဲ့ပါဘူး ။ ”

” အဲဒီနောက် သူဟာ အဆိုးရွားဆုံး ပင်နယ်တီ ကန်သွင်းမှု တရပ် လုပ်ခဲ့ပါတယ် ။ ဘာကြောင့် ခင်ဗျား အဲလို လုပ်ခဲ့တယ် ဆိုတာ ကျွန်တော် နားမလည်နိုင်တော့ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ဂျင်မီ ဖလွိုက်ဒ် ဟက်ဆယ်ဘိန့်ခ် ကတော့ ကီပါ ဟာ ပင်နယ်တီကို Goal kick နဲ့ မှားခဲ့တဲ့ပုံပေါ်ကြောင်း အရွှန်းဖောက် ဝေဖန်ခဲ့ပါတယ် ။

ဟက်ဆယ်ဘိန့်ခ် က ” ကျွန်တော့ အတွေးမှာ ကီပါ ဟာ ဒီ ပင်နယ်တီကို Goal kick ကန်တာနဲ့များ မှားနေသလားလို့ ထင်ယောင်ထင်မှား ဖြစ်စေခဲ့ပါတယ် ။ အကယ်၍ ဒါက Goal kick ဖြစ်မယ် ဆိုရင်တော့ ကောင်းတဲ့ ကန်ချက်လို့ ပြောရပါလိမ့်မယ် ။ ”

” ပင်နယ်တီ ကန်သွင်းတယ် ဆိုတာ သူ့ရဲ့ အကောင်းဆုံးသော အရည်အချင်းတွေထဲက တခု မဟုတ်ပါဘူး ။ တူချယ် ဟာ ကီပါ က ပင်နယ်တီမှာ ပိုကောင်းတယ်လို့ ထင်တဲ့ အတွက် မန်ဒီကို လူစားလဲဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ ကျွန်တော်သာဆိုရင်တော့ ဒီနေရာမှာ ကီပါကို ကိုယ့်ရဲ့ ဖိနပ်ကြိုး ချည်ခိုင်းဖို့ အတွက်တောင် အကြံဉာဏ် မပေးလိုပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR