လိုင်လီိနဲ့ ပွဲမှာ အရင်လို ပုံစံကောင်း ပြန်ရခဲ့တဲ့ ချဲလ်ဆီး ကြယ်ပွင့် တဦးကို ထုတ်ဖော် ချီးကျူးလိုက်တဲ့ တူချယ်

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပထမအကျော့ ပွဲမှာ ပြင်သစ် လီဂူးဝမ်း ကလပ် လိုင်လီ အသင်းကို ဂျာမန် ကွင်းလယ်တိုက်စစ် ကစားသမား ကိုင်ဟာဗက်ဇ် ၊ အမေရိကန် တောင်ပံ ကစားသမား ခရစ်တီယန် ပူလီဆစ် တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၂ – ၀ နဲ့ အနိုင်ရခဲ့ပါတယ် ။

ဒီပွဲမှာ နည်းပြ ဖြစ်သူ သောမတ်စ် တူချယ် ဟာ နည်းစနစ် အပြောင်းအလဲ တရပ် အနေနဲ့ အထောင် တိုက်စစ်မှူး ရိုမီလူ လူကာကူ ကို အရန်ခုံ ပို့ခဲ့ကာ ၊ ဟာဗက်ဇ်ကို False 9 ပုံစံနဲ့ တိုက်စစ်မြားဦးမှာ ကစားစေခဲ့ပါတယ် ။

တူချယ်ရဲ့ နည်းစနစ် အပြောင်းအလဲ အလုပ်ဖြစ်ခဲ့သလို ၊ ထိုပွဲမှာ ချဲလ်ဆီး အတွက် အထူး ခြေစွမ်းပြနိုင်ခဲ့တဲ့ ကစားသမား အများအပြား ရှိခဲ့ပါတယ် ။ အဲဒီထဲမှာ Man of the Match ဆုကို ရရှိခဲ့တဲ့ ကွင်းလယ်လူ အန်ဂိုလို ကန်တေလည်း တဦး အပါအဝင် ဖြစ်ပါတယ် ။

ကန်တေ ဟာ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ်ရဲ့ နောက်ပိုင်း အဆင့်တွေမှာ Man of the Match ဆု ၄ကြိမ် အထိ ဆွတ်ခူးခဲ့ပြီး ၊ အသင်းကို ချန်ပီယံလိဂ် ဖလား ရရှိစေဖို့ ကူညီပေးခဲ့ပါတယ် ။ လတ်တလော ကစားထားတဲ့ ပွဲအချို့မှာ ကန်တေ ဟာ အရင်လို energy အပြည့်နဲ့ ကစားနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့် ၊ မနေ့က ပွဲမှာတော့ ပုံစံကောင်းတွေ ပြန်လည် ရရှိခဲ့ပါတယ် ။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ တူချယ် က ကန်တေရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ” ဟုတ်ပါတယ် ။ အန်ဂိုလိုရဲ့ ဒီနေ့ပွဲက စွမ်းဆောင်ရည် က ကျွန်တော့ကို အံ့အားသင့်စေပါတယ် ။ ဒါပေမယ့် ဒီ စွမ်းဆောင်ရည်မျိုး လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်မှာ မတွေ့ခဲ့ရဘူးလို့ အရင်ဆုံး ဝန်ခံပါရစေ ။ ”

” သူဟာ ဒဏ်ရာက ပြန်သက်သာလာတဲ့ နောက်ပိုင်း ပွဲတွေမှာ ခွန်အား အပြည့်နဲ့ ကစားနိုင်ဖို့ ၊ ရစ်သမ်မှန်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။ ဒီနေ့မှာ သူဟာ ထိပ်တန်း အဆင့် ခြေစွမ်းဆီ ပြန်ရောက်လာပါတယ် ။ ပွဲချိန် တလျှောက် မိနစ်တိုင်းမှာ သူ့ဆီကနေ ပိုကောင်းတဲ့ အရည်အသွေးတွေ မြင်တွေ့ခဲ့ရပါတယ် ။ ”

” ချက်ချင်းဆိုသလို သူဟာ အသင်း အပေါ် ကြီးမားတဲ့ သက်ရောက်မှုမျိုး ပေးနိုင်ခဲ့ပါတယ် ။ ဒါပေမယ့် ဒါက အံ့သြစရာတော့ မဟုတ်ပါဘူး ။ ကျွန်တော်တို့ဟာ သူ ပုံမှန် ခြေစွမ်း ပြန်ရဖို့ ပွဲအနည်းငယ် ထပ်စောင့်ခဲ့ရပြီး ၊ ဒီနေ့မှာတော့ သူ ရစ်သမ် ပြန်ရှာတွေ့နိုင်လိုက်ပါပြီ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ကန်တေ နည်းတူ ခြေစွမ်းပြနိုင်ခဲ့တဲ့ နောက်ထပ် ချဲလ်ဆီး ကြယ်ပွင့် တဦး က False 9 နေရာမှာ အံဝင်အောင် ကစားနိုင်တဲ့ ကိုင်ဟာဗက်ဇ် ဖြစ်ပါတယ် ။ ဟာဗက်ဇ် ဟာ ပွဲချိန် ၈မိနစ်မှာ အရေးပါတဲ့ ဦးဆောင်ဂိုး ကို ထောင့်ကန်ဘောကနေ ခေါင်းတိုက် သွင်းယူပေးခဲ့ကာ ၊ ပဲလေ့စ် က လူကာကူရဲ့ တပွဲလုံး စွမ်းဆောင်ရည်ထက် ပိုပြီး သာလွန်ခဲ့ပါတယ် ။

ဟာဗက်ဇ်ရဲ့ စွမ်းဆောင်ရည် အပေါ်လည်း တူချယ် က ” ကျွန်တော် အရမ်း အားရ ကျေနပ်မိပါတယ် ။ ကိုင် ဟာ ဒီလို ခြေစွမ်းပြနေတာ ရက်သတ္တပတ် အချို့ ရှိပါပြီ ။ ဒီနေ့မှာလည်း သူ ရှေ့ထွက် ဦးဆောင်နိုင်ခဲ့ပါတယ် ။ သူ့ရဲ့ ကြိုးစား အားထုတ်မှု က အံ့မခန်းပါပဲ ။ ”

” သူဟာ တိကျတဲ့ ဆုံးဖြတ်ချက်တွေ ချပေးနိုင်တယ် ၊ အခွင့်အရေးတွေ ဖန်တီးပေးနိုင်တယ် ၊ ကစားကွက်မှာ လိုက်ပါ စီးမျောနိုင်တယ် ၊ ခံစစ်ကူဖို့လည်း ဘယ်တော့မှ ရှက်ရွံ့မနေပါဘူး ။ ဒီနေ့မှာ ကျွန်တော်တို့ဟာ တိုက်စစ် ကစားသမား ၃ယောက်ကို high line ပုံစံနဲ့ ကစားစေခဲ့တာပါ ။ ”

” ဒီလို ကစားကွက်မှာ ပြင်းထန်တဲ့ လုပ်အား ၊ ကစားအား ပြသဖို့ လိုအပ်ပြီး ၊ အသင်းသားတွေ အားလုံး ဒါကို တပွဲလုံး လုပ်ဆောင်နိုင်ခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR