လိုင်လီနဲ့ ပွဲမှာ လူကာကူကို ဘာကြောင့် လုံးဝ အသုံးမပြုခဲ့လဲ ဆိုတာ ဖြေရှင်းလိုက်တဲ့ တူချယ်

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပထမ အကျော့မှာ လိုင်လီ အသင်းကို ကိုင်ဟာဗက်ဇ် ၊ ခရစ်တီယန် ပူလီဆစ် တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၂ – ၀ ရလဒ်နဲ့ အနိုင်ရကာ ၊ ကွာတားဖိုင်နယ်သို့ တက်ရောက်ဖို့ အလားအလာကောင်း တရပ် ပိုင်ဆိုင်နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

ဒီပွဲမှာ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ဟာ အကြီးမားဆုံး နည်းစနစ် ပြောင်းလဲမှု တရပ် လုပ်တဲ့ အနေနဲ့ ၊ record signing တိုက်စစ်မှူး ရိုမီလူ လူကာကူ ကို အရန်ခုံ ပို့ကာ ၊ ဂျာမန် ကွင်းလယ် တိုက်စစ် ကစားသမား ကိုင်ဟာဗက်ဇ် ကို အထောင် တိုက်စစ် နေရာမှာ False 9 ပုံစံနဲ့ ကစားစေခဲ့ပါတယ် ။

တူချယ်ရဲ့ ဆုံးဖြတ်ချက် အလုပ်ဖြစ်ခဲ့တယ်လို့ ပြောရမှာ ဖြစ်ပြီး ၊ ဟာဗက်ဇ် ဟာ ပဲလေ့စ်နဲ့ ပွဲက လူကာကူရဲ့ တပွဲလုံး ထိချက် ၇ချက်သာ ရှိခဲ့တဲ့ မှတ်တမ်းဆိုးကို ၈မိနစ်တည်းနဲ့ ထိချက် ၈ချက်ရကာ ၊ ဂိုးပါသွင်းပြီး တုန့်ပြန်ပြခဲ့ပါတယ် ။ ဒါ့အပြင် ချဲလ်ဆီး တိုက်စစ် ဟာ လူကာကူ မပါမှ ၊ သွက်လက်မှု ဖျော်ဖြေမှု ပိုပေးနိုင်ခဲ့ပါတယ် ။

လူကာကူ ဟာ ပြီးခဲ့တဲ့ နှစ်ကုန်ခါနီး ထွက်ပေါ်ခဲ့တဲ့ Sky Italia နဲ့ အင်တာဗျူး အပြီး နှစ်သစ် အဖွင့် လီဗာပူးနဲ့ ပွဲမှာ ကစားသမား စာရင်းကနေ ချန်လှပ်ခဲ့ရပြီးနောက် ၊ မနေ့ညက ပွဲမတိုင်ခင် အထိ ပွဲထွက်ခွင့်တွေ ဆက်တိုက် ပြန်ရခဲ့ပါတယ် ။

မနေ့က ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ တူချယ် က ပွဲပန်းဒဏ်ကြောင့် လူကာကူကို အနားပေးဖို့ ဆုံးဖြတ်ခဲ့တဲ့အပြင် ၊ လတ်တလော ဝေဖန်မှုတွေအောက် ရောက်နေတဲ့ ယင်း ဘယ်လ်ဂျီယမ်သားဖက်က ကာကွယ်ပေးဖို့ ရည်ရွယ်ကြောင့်လည်း အရန်ခုံ ပို့ဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။

တူချယ် က ” တပွဲနဲ့ တပွဲက မတူပါဘူး ။ ဒီနေ့မှာ ကျွန်တော်တို့ အာရုံစိုက်ခဲ့တာ က ပြင်းပြင်းထန်ထန်နဲ့ မြန်နှုန်းမြင့် ကစားနိုင်ဖို့ ၊ ဘောလုံး ခြေထဲ မရှိချိန် ပြင်းပြင်းထန်ထန် ဖိအားပေးနိုင်ဖို့ ဖြစ်ပါတယ် ။ ရိုမီလူ ဟာ ပြီးခဲ့တဲ့ ပွဲအနည်းငယ်မှာ ဒီ အခန်းကဏ္ဍမှာ ပါဝင်ပေးနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။ ”

” ဒါကြောင့် သူဟာ ရုပ်ပိုင်းဆိုင်ရာ အရရော ၊ စိတ်ပိုင်းဆိုင်ရာ အရပါ ပင်ပန်းနေတယ်လို့ ကျွန်တော် ယူဆမိတာပါ ။ ဒီနှစ် အစပိုင်း က လီဗာပူးနဲ့ ပွဲနောက်ပိုင်း ၊ သူ ပွဲတိုင်း ပွဲထွက်ခွင့် ရခဲ့ပြီး ၊ တချို့ ပွဲတွေမှာ အချိန်ပိုတွေ အထိ ကစားပေးခဲ့ရပါတယ် ။ ဒီနေ့မှာ ပုံစံကောင်း ရနေတဲ့ ကိုင် ကို တည်ပြီး ကျန်တဲ့ တိုက်စစ် ကစားသမားတွေနဲ့ ဝန်းရံခဲ့တာပါ ။ ”

” အထူးသဖြင့် ပိုပြီး ပြင်းထန်တဲ့ လုပ်အားနဲ့ ကစားအားတွေကို အလိုရှိခဲ့ခြင်းပါ ။ ဟုတ်ပါတယ် ။ ကာရာဘောင် ဖိုင်နယ် အတွက် ပွဲထွက်စာရင်း ရွေးချယ်တာ က ဒီနေ့ပွဲ အပေါ်ချည်း မူတည်မှာ မဟုတ်ပါဘူး ။ နောက် ၄ရက် အတွင်း ဘာမဆို ဖြစ်နိုင်ပါသေးတယ် ။ ရိုမီလူမှာလည်း လာမယ့် ဖိုင်နယ်ပွဲ ကစားဖို့ အခွင့်အရေး ရှိနေပါသေးတယ် ။ ”

” ဟုတ်ပါတယ် ။ လတ်တလော သူ့အပေါ် ဝေဖန်မှုတွေဆီက ကာကွယ်ပေးဖို့ ဆိုတာကလည်း အချက် တချက် ဖြစ်ပါတယ် ။ လူတိုင်း က သူ့ရဲ့ ပဲလေ့စ်နဲ့ ပွဲက ထိချက် အရေအတွက် အပေါ် ပယ်ပယ်နယ်နယ် ဝေဖန်နေတာ ဖြစ်လို့ ဒီနေ့ပွဲကို သူ ကစားဖို့ အတွက် အခိုက်အတန့်ကောင်း တရပ် မဟုတ်ခဲ့ပါဘူး ။ ”

” ဒီနေ့မှာ ကျွန်တော်တို့ဟာ တောင့်တင်းလှတဲ့ စွမ်းဆောင်ရည်နဲ့ အတူ အနိုင်ရအောင် ကစားသွားခဲ့တာကို ခင်ဗျားတို့ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရမှာပါ ။ ဒီနေ့ပွဲ ဟာ ခက်ခဲခဲ့ပြီး ၊ ပွဲမစခင်ကဆို လူတိုင်း မေးနေကြတာ ရိုမီလူ အကြောင်း ဖြစ်ပါတယ် ။ ဒီနေ့မှာ သူ အပါအဝင် ကစားခွင့် မရခဲ့ကြတဲ့ အသင်းသား ၉ယောက် အထိ ရှိခဲ့ပါတယ် ။ ”

” ဘောလုံး ဟာ အသင်းလိုက် ပူးပေါင်းရတဲ့ အားကစားနည်း ဖြစ်တယ် ဆိုတာ မမေ့ဖို့ ကျွန်တော် ပြောလိုပါတယ် ။ ပွဲထွက်ခွင့် ရတဲ့ ကစားသမား ၁၁ယောက်လုံး ဟာ အသင်းနဲ့ အသင်းဖော်တွေ အတွက် ရာနှုန်းပြည့် ပေးဆပ်ထားကြတာပါ ။ အရန်ခုံ က အသင်းသားတွေလည်း ထိုနည်းတူပါပဲ ။ အထူးသဖြင့် ချဲလ်ဆီးလို အသင်းမျိုးမှာ ဒီလို နည်းလမ်းနဲ့ပဲ နိုင်ပွဲတွေ ရှာဖွေနေတာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR