လိုင်လီနဲ့ ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ချဲလ်ဆီး ကြယ်ပွင့် ၂ဦးရဲ့ နောက်ဆုံးရ အခြေအနေ အကြောင်း အသိပေးလိုက်တဲ့ တူချယ်

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပထမ အကျော့ပွဲမှာ လက်ရှိ ပြင်သစ် ချန်ပီယံ လိုင်လီ အသင်းကို ဂျာမန် စတား ကိုင်ဟာဗက်ဇ်နဲ့ အမေရိကန် စတား ခရစ်တီယန် ပူလီဆစ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၂ – ၀ ရလဒ်နဲ့ သက်တောင့်သက်သာ နိုင်ခဲ့ပါတယ် ။

ဒီရလဒ်ကြောင့် ချဲလ်ဆီး ဟာ ကွာတားဖိုင်နယ်သို့ ခြေတဖက် ကြိုလှမ်းထားနိုင်လိုက်သလို ၊ အသင်းလိုက် ကစားပုံ ၊ တဦးချင်း ကစားပုံတွေမှာ တိုးတက်မှု အချို့ မြင်တွေ့ခဲ့ရပေမယ့် ၊ ဆိုးရွားခဲ့တာ က အားထားရတဲ့ ကွင်းလယ်လူ မတ်တီယို ကိုဗာဆစ်နဲ့ တောင်ပံ ကစားသမား ဟာကင် ဇီယက်ခ်ျတို့ ဒဏ်ရာ ရသွားခြင်း ဖြစ်ပါတယ် ။

ကိုဗာဆစ် ဟာ ပထမပိုင်းမှာကတည်းက အနည်းငယ် ထိခိုက်မှု ရှိခဲ့ပြီး ၊ ဒုတိယပိုင်း အစ ၅မိနစ်မှာပဲ ဆက်ကစားဖို့ မဖြစ်နိုင်တော့လို့ ရူဘင် လော့ဖ်တပ်စ်ချိခ်နဲ့ လူစားလဲ ခံခဲ့ရကာ ၊ ဆေးကုသမှု ချက်ချင်း ခံယူခဲ့ပါတယ် ။ နောက် ၁၀ မိနစ် အကြာမှာ ဇီယက်ခ်ျ ဟာလည်း ပြေးလွှားရင်း ဒဏ်ရာရခဲ့လို့ ၊ ဆာအူးလ် နီဂွက်ဇ်နဲ့ လူစားလဲခံခဲ့ရပါတယ် ။

ဇီယက်ခ်ျ ဟာ လတ်တလောမှာ ချဲလ်ဆီးရဲ့ ခြေစွမ်း အကောင်းဆုံး ကစားသမား ဖြစ်နေတာကြောင့် ၊ ဒီ ဒဏ်ရာသာ ကာလတို မဟုတ်ပဲ ၊ ကာလရှည်သာ ဖြစ်ခဲ့ရင် ၊ သောမတ်စ် တူချယ် အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု တရပ် ဖြစ်လာမှာ သေချာနေပါတယ် ။

အထူးသဖြင့် တနင်္ဂနွေနေ့ ၊ ဝင်ဘလေကွင်းမှာ ကစားရမယ့် ကာရာဘောင် ဖိုင်နယ် မတိုင်မီ ၊ ဒဏ်ရာ စာရင်းမှာ အသစ် ၂ဦး ထပ်တိုးခဲ့တာ က ချဲလ်ဆီး အတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်ပါတယ် ။ မနေ့က ပွဲအပြီး BT Sport နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာတော့ တူချယ် က ၄င်းတို့ ၂ဦးရဲ့ ဒဏ်ရာ အခြေအနေ အကြောင်း အခုလိုပဲ မှတ်ချက်ပြုခဲ့ပါတယ် ။

 

တူချယ် က ” သူတို့ရဲ့ ဒဏ်ရာ အခြေအနေ ဘယ်လောက်ထိ ပြင်းထန်တယ် ဆိုတာ ကျွန်တော် မသိသေးပါဘူး ။ ပထမပိုင်း အပြီးမှာ ကျွန်တော် ကိုဗာကို လူစားလဲခဲ့လိုက်ရမှာပါ ။ ဒီလိုဆိုရင် နောက်ထပ် လူစားလဲမှု တခု ထပ်တိုး လုပ်လို့ရခဲ့မှာ ဖြစ်ပါတယ် ။ ”

” ဟာကင်ရဲ့ ဒဏ်ရာ အကြောင်းတော့ အသင်း ဒေါက်တာနဲ့ ကျွန်တော် စကား မပြောကြည့်ရသေးပါဘူး ။ အရမ်း ပြင်းပြင်းထန်ထန် မဟုတ်ဖို့ပဲ မျှော်လင့်ကြတာပေါ့ ။ ဒီနေ့မှာ အင်္ဂါပဲ ရှိသေးတာပါ ။ ကာရာဘောင် ဖိုင်နယ် မတိုင်ခင် ကြားထဲမှာ ဒဏ်ရာကနေ ပြန်လာဖို့ အချိန် ၄ရက် ရပါသေးတယ် ။ ”

” ဒီလို ဒဏ်ရာ ပြဿနာတွေ များနေတာ ကျွန်တော်တို့ မနှစ်သက်သလို ၊ အရန်ခုံ က ကစားသမားတွေကို ဒဏ်ရာကြောင့် လူစားလဲ သုံးဖို့ထက် ၊ နည်းစနစ် အပြောင်းအလဲ လုပ်ဖို့ လူစားလဲ သုံးရတာကို ပိုပြီး အလိုရှိပါတယ် ။ ဒီတော့ သူတို့ အားလုံး လာမယ့် တနင်္ဂနွေနေ့ ဖိုင်နယ် အတွက် အသင့်ဖြစ်နေကြမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး တူချယ် က မနေ့ည က ချဲလ်ဆီးရဲ့ ကစားပုံနဲ့ ပတ်သက်ပြီး ” ဟုတ်ပါတယ် ။ ကျွန်တော်တို့ဟာ ဒီနေ့ပွဲမှာ လျင်မြန် သွက်လက်တဲ့ ကစားဟန် တချို့ ပြသနိုင်ခဲ့ပါတယ် ။ လောလောလတ်လတ်မှာ ကျွန်တော်တို့ဟာ ပြိုင်ပွဲ တခုပြီး တခု ခုန်ကူ သွားလာနေတာကြောင့် ၊ လျင်မြန်တဲ့ အခိုက်အတန့် အတွင်း ခြေစွမ်းကောင်းနေရာကနေ ခြေစွမ်း ဆိုးသွားတာမျိုး ကြုံနိုင်ပါတယ် ။ ”

” ဒီနေ့မှာ အဖွင့်ဂိုး သွင်းပြီးတဲ့နောက် ၊ ဘောလုံး အလေအလွင့် ၊ ကစားပုံ လေးလံမှု ၊ ဆုံးဖြတ်ချက် မပြတ်သားမှုတွေပဲ ထပ်ခါထပ်ခါ ဖြစ်ခဲ့ပါတယ် ။ ဒါပေမယ့် ဒုတိယပိုင်းမှာ ကျွန်တော်တို့ ဒါကို ပြန်လည် ဖာထေးနိုင်ခဲ့ပါတယ် ။ ဒီ ကစားပုံ က လတ်တလော ကျွန်တော်တို့ရဲ့ ဖြစ်ရပ်မှန်ကို ဇာတ်လမ်း ဖော်ထားသလိုပါပဲ ။ ”

” ဒါပေမယ့် ကောင်းတဲ့ အရာတွေလည်း ရှိပါတယ် ။ ဒီနေ့ပွဲက ကောင်းတဲ့ ခြေစွမ်းတွေကို ပိုပြီး ရှည်ကြာ တည်တံ့အောင် ထိန်းထားမယ် ဆိုရင် ဒါဟာ ကျွန်တော်တို့ အတွက် နောက်ထပ် အဆင့် တဆင့်ကို တက်လှမ်းနိုင်ဖို့ ဖြစ်လာမှာပါ ။ ဒီနေ့မှာ ကျွန်တော်တို့ဟာ နည်းစနစ် ၊ ကြံ့ခိုင်မှု ရှုထောင့်တွေ အရ သေသေချာချာ ပြင်ဆင်လာတဲ့ ပြိုင်ဖက် တသင်းကို ရင်ဆိုင်ခဲ့ရတာပါ ။ ”

” ဒီနေ့လိုပွဲမျိုးမှာ စိတ်ပိုင်းဆိုင်ရာ အရ ရှေ့တဆင့် တက်လိုက်နိုင်ဖို့ ၊ ခံစစ် အရ ကျစ်လျစ်မှု ရှိဖို့ ဆိုတာ ခက်ခဲပေမယ့် ၊ ဒါက ကျွန်တော်တို့ လုပ်တဲ့ အလုပ် ဖြစ်ပါတယ် ။ ဒီနေ့မှာ ပြိုင်ဖက်ကို အပိုင် အခွင့်အရေးတွေ ခွင့်မပြုခဲ့ရသလို ၊ ပွဲနဲ့ ပတ်သက်ပြီး ကောင်းတဲ့ ခံစားချက်တွေသာ ရခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR