လိဒ်ကို ဂိုးပြတ်ချေမှုန်းကာ မန်စီးတီးနဲ့ ၃ မှတ်အကွာကို ရောက်လာခဲ့တဲ့…လီဗာပူး ၆-၀ လိဒ် ပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာများ

လီဗာပူးအသင်းဟာ မနေ့ညက အန်ဖီးမှာ လိဒ်ကို ၆ ဂိုးပြတ်နဲ့ အနိုင်ယူကာ ထိပ်ဆုံးက မန်စီးတီးနဲ့ ၃ မှတ်အကွာကို ရောက်လာခဲ့ပြီး အမှတ်ပေးဖလား အတွက် အကောင်းဆုံး ဖိအားပေးလိုက်ပါတယ်။ လီဗာပူး အတွက် ဂိုးတွေကိုတော့ မိုဆာလား (၂ ဂိုး) ၊ မာနေး (၂ ဂိုး) ၊ မာတစ် ၊ ဗန်ဒိုက် တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာတွေ ကတော့

၁~ပြန်လည် မြင်တွေ့ရပြီဖြစ်တဲ့ ပြင်းထန်တဲ့ title race
လီဗာပူးတို့ လက်ကျန်ပွဲစဉ်မှ လိဒ်ကို အနိုင်ရလိမ့်မယ်လို့ လူတော်တော်များများ မျှော်လင့်ထားကြပြီး ဖြစ်ကာ ကလော့ရဲ့ အသင်းဘက်ကလည်း တစ်စုံတစ်ရာ အမှားအယွင်းမရှိအောင် ကစားသွားခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် လီဗာပူးဟာ စီးတီးနဲ့ ၃ မှတ်အကွာကို ရောက်လာခဲ့ပြီး မန်စီးတီး အနေနဲ့ လက်ရှိအချိန်မှာ ဖိအားတွေ ပိုမို မြင့်မားသွားခဲ့ပြီ ဖြစ်ပါတယ်။

လီဗာပူးတို့ အန်ဖီးမှာ ၃ မှတ် ရခဲ့ခြင်းကြောင့် သူတို့ဟာ နောက်ဆုံး ၆ ပွဲဆက် နိုင်ခဲ့တာ ဖြစ်ပြီး title race မှာ အရှိန်အဟုန်ကောင်းကို ရနေပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၈-၁၉ ကလို ရမှတ်မျိုးတွေကို မြင်တွေ့ရနိုင်မှာ မဟုတ်ပေမယ့်လည်း ဒီလိုမျိုး ဒရမ်မာဆန်ဆန် title race ကိုတော့ ပြန်လည် မြင်တွေ့ရနိုင်ပါတယ်။ လီဗာပူးဟာ လာမည့် ဧပြီလမှာ စီးတီးကို အီတီဟတ်မှာ သွားကစားရမှာ ဖြစ်ပြီး လက်ရှိမှာတော့ အဆိုပါပွဲစဉ်အတွက် ရင်ခုန်မှုတွေက စတင်မြင့်တက်လာပြီ ဖြစ်ပါတယ်။

၂~ဂိုးသွင်းခြေ မပျက်သွားခဲ့တဲ့ ဆာလား
အာဖရိကဖလားဖိုင်နယ်က ရှုံးပွဲဟာ ဆာလားကို သိပ်ကြာကြာ hangover မဖြစ်စေခဲ့ပါဘူး။ ဆာလားဟာ ဒီရာသီရဲ့ အစောပိုင်းမှာ သူ့ကစားသမားဘ၀ရဲ့ အကောင်းဆုံး ပုံစံကို ပြသခဲ့ပါတယ်။ လီဗာပူး စတားဟာ သူ့ရဲ့ ပထမဦးဆုံး ၂ ရာသီမှာ လိဂ်ပြိုင်ပွဲရဲ့ ထိပ်တန်းဂိုးသွင်းရှင် ဖြစ်ပြီး ဒီရာသီမှာလည်း ရွှေဖိနပ်ဆုကို ရယူနိုင်ရန် သေချာသလောက် ဖြစ်နေပါပြီ။ လိဒ်နဲ့ပွဲမှာ ပင်နယ်တီကနေ ၂ ဂိုးသွင်းခဲ့တဲ့ ဆာလားဟာ လက်ရှိမှာ လိဂ်သွင်းဂိုး ၁၉ ဂိုးထိ သွင်းယူထားခဲ့ပြီ ဖြစ်ပါတယ်။

ဆာလားရဲ့ ပင်နယ်တီ မှတ်တမ်းဟာ တကယ့်ကို ကောင်းမွန်လှပြီး လိဒ်နဲ့ ပွဲစဉ်မှာလည်း ၁၂ ကိုက် အကွာကနေ အမှားအယွင်းမရှိ ယုံကြည်မှု ရှိစွာ ကန်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်က လီဗာပူးအတွက် သွင်းဂိုး ၁၅၀ အမြန်ဆုံးပြည့်တဲ့ ဒုတိယမြောက် ကစားသမား ဖြစ်လာခဲ့တဲ့ ဆာလားရဲ့ သွင်းဂိုးတွေဟာ ဒီရာသီ ဖလား ၄ လုံး လမ်းကြောင်းပေါ်မှာ ရှိနေဆဲ ဖြစ်တဲ့ လီဗာပူးအတွက် တကယ့်ကို အရေးပါနေမှာပါ။

၃~ကျောရိုးတွေကို လက်လွှတ်ထားမှုနဲ့အတူ ရုန်းကန်နေရတဲ့ လိဒ်
လိဒ်ရဲ့ ပွဲစဉ်တော်တော်များများမှာ ကယ်ဗင်ဖီးလစ် ၊ ပက်ထရစ်ဘန်းဖို့ဒ် နဲ့ ကူးပါး တို့ရဲ့ ဒဏ်ရာရနေမှုတွေကို commentator တွေရဲ့ ပြောဆိုမှုတွေကို ကြားနေရပါတယ်။ အသင်းတိုင်း ဒဏ်ရာပြသနာတွေ ရှိပေမယ့်လည်း ဒီလိုမျိုး ရှေ့လယ်နောက် အသင်းရဲ့ ပင်မကျောရိုးတွေကို ဆုံးရှုံးထားခဲ့တဲ့ အသင်းတိုင်းဟာ ရုန်းကန်ရမှာ သေချာနေပြီး လိဒ်ကတော့ ဒီအတိုင်းပါပဲ။ ခံစစ်က ကူးပါးရဲ့ ခေါင်းဆောင်မှုစွမ်းရည် ၊ top 4 ကလပ်တွေ ချိတ်ဆက်နေတဲ့ ကွင်းလယ်က ဖီးလစ်ရဲ့ အရည်အသွေးတွေကို လိဒ်တို့ လိုအပ်နေပါတယ်။

လိဒ်ဟာ ဒီပွဲစဉ်မတိုင်မီ ဖီးလစ်မပါတဲ့ လိဂ်ပွဲစဉ် ၁၀ ပွဲမှာ ၃၂ ဂိုးထိ ပေးထားခဲ့ရပြီး ဒီပွဲစဉ် အပြီးမှာတော့ ဒီမှတ်တမ်းကို ပိုဆိုးသွားခဲ့ပါတယ်။ တိုက်စစ်ပိုင်းမှာ ဆိုရင်လည်း ဘန်းဖို့ဒ်ရဲ့ ပြင်းထန်တဲ့ လုပ်အား နဲ့ သွင်းဂိုးတွေဟာ လိဒ်ဆီမှာ ကင်းမဲ့နေခဲ့ပါတယ်။ ခြားနားတဲ့ ဗျူဟာ ကစားဟန်နဲ့ ဒါတွေကို အနည်းငယ် သက်သာအောင် ဖြေရှင်းသွားလို့ ရနိုင်ပေမယ့်လည်း ဘီယယ်ဆာရဲ့ principles မှာ ဒါမျိုး ဘယ်တော့မှ မရှိပါဘူး။

၄~တောင့်တင်းတဲ့ front three နဲ့ လီဗာပူး
လီဗာပူးတို့ ဒီယက်ကို ခေါ်ယူလိုက်ချိန်မှာ ပွဲထွက်နေရာ အတွက် မာနေး နဲ့ ဆာလား တို့ကို ခြိမ်းခြောက်နိုင်တော့မယ်လို့ လူတော်တော်များများ ယူဆခဲ့ကြပါတယ်။ အထူးသဖြင့် ဒီယက်ဟာ အသက် ၃၀ ပတ်၀န်းကျင်ကို ရောက်လာပြီ ဖြစ်တဲ့ ဆီနီဂေါစတားရဲ့ နေရာကို တစ်ဖြည်းဖြည်း နေရာယူကာ အနာဂတ် လီဗာပူး front three ဖြစ်လာမယ်လို့ သုံးသပ်ထားကြပါတယ်။ ကလော့ဟာ ဘယ်ခြမ်းတိုက်စစ် နေရာ အတွက် ဒီယက်ကို အထိုင်ကျအောင် လုပ်ပေးနေပြီး ဒီနေ့ပွဲစဉ်မှာ ဒီယက် မာနေး ဆာလား တို့ တိုက်စစ်အတွဲကို အသုံးပြုခဲ့ပါတယ်။

မာနေးဟာ အထောင်တိုက်စစ်မှာ ကစားသွားခဲ့ပြီး နောက်ကိုဆင်းကာ ချိတ်ဆက် ကစားခဲ့ပါတယ်။ ဒီယက်ကတော့ ပေါ်တိုမှာ တအားကို အလုပ်ဖြစ်ခဲ့တဲ့ ဘယ်ခြမ်း တိုက်စစ်မှာ ကစားသွားခဲ့ပြီး ဒီပွဲစဉ်မှာလည်း ခြေစွမ်းထပ်ပြခဲ့ပါတယ်။ ဆာလားကတော့ ထုံးစံအတိုင်းပဲ ဘယ်ခြမ်း တိုက်စစ်မှာ သူ့ရဲ့ ပုံမှန် စွမ်းဆောင်ရည်ကို ပြသလျက် ရှိနေပြီး ဖာမီနို နဲ့ ဂျိုတာတို့ ဒဏ်ရာကနေ ပြန်လာချိန်မှာတော့ ကလော့ အနေနဲ့ လူရွေးချယ်ရာမှာ ပိုမို ခေါင်းခဲရတော့မှာပါ။

၅~တီယာဂို x ဖာဘင်ညိုတို့ရဲ့ အကောင်းဆုံး မှတ်တမ်း
ဒီပွဲစဉ်မတိုင်မီ တီယာဂို နဲ့ ဖာဘင်ညို တို့ဟာ အရမ်းကောင်းတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ ဒီပွဲမတိုင်မီ သူတို့ ၂ ဦး ပွဲထွက်ခဲ့တဲ့ ၁၇ ပွဲမှာ လီဗာပူးဟာ တစ်ခါမှ မရှုံးခဲ့ဘဲ ၁၆ ပွဲထိ နိုင်ခဲ့ပါတယ်။ အခုဆိုရင် ဒီအတွဲဟာ ၁၈ ပွဲ ရှုံးပွဲမရှိ မှတ်တမ်းနဲ့အတူ ၁၇ ပွဲထိ နိုင်ပွဲရထားခဲ့ပါတယ်။ ဒီကွင်းလယ်လူ ၂ ဦးဟာ တိုက်စစ်နဲ့ ခံစစ် စွမ်းရည်တွေကို မျှတစွာ ရောမွှေထားတဲ့ အတွဲဖြစ်ပြီး ဖာဘင်ညိုဟာ ကွင်းလယ်အဖျက်နေရာကနေ ခံစစ်ကို ကာကွယ်မှုတွေ ပေးခဲ့ပြီး စပိန်ကွင်းလယ်လူ ကတော့ တိုက်စစ်ကို ကောင်းမွန်တဲ့ passing တွေနဲ့ ပံ့ပိုးပေးသလို တစ်ခါတစ်ရံ နံပါတ် ၆ နေရာကို ဆင်းကာ အခြားကွင်းလယ်လူကို လွတ်လွတ်လပ်လပ် ကစားနိုင်အောင် လုပ်ပေးခဲ့ပါတယ်။

တီယာဂိုရဲ့ ဘောလုံးစွမ်းရည်ကတော့ တကယ့် အံ့ဖွယ်ဖြစ်ပြီး ကွင်းလယ်ကနေ ကစားကွက်ကို ထိန်းချုပ် ကစားပေးသလို အကွက်မြင်လှတဲ့ pass တွေနဲ့ တိုက်စစ်ကို ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ပရီးမီးယားလိဂ် title race ဟာ ပိုမို ပြင်းထန်နေပြီ ဖြစ်တာတော့ အားလုံး သိပြီး ဖြစ်ပါတယ်။ မန်စီးတီးကို ကျော်တက်နိုင်ဖို့ အတွက် ဆိုရင် လီဗာပူး အနေနဲ့ ဒီကစားသမား ၂ ဦး ကြံ့ခိုင်မှု ပြည့်ဝနေဖို့တော့ အရေးကြီးပါတယ်။

SM