လိဂ်ဖလားဖိုင်နယ်မှာ တွေ့ဆုံမယ့် ချဲလ်ဆီး နဲ့ လီဗာပူး အသင်းသားတွေ ပေါင်းစပ်ထားတဲ့ အကောင်းဆုံး အသင်းကို ရွေးချယ်လိုက်တဲ့ ဂလင်းဂျွန်ဆင်

အင်္ဂလန် ညာနောက်ခံလူဟောင်း ဖြစ်သူ ဂလင်းဂျွန်ဆင်ဟာ လာမည့် တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ကာရာဘောင်ဖလား ဖိုင်နယ်ပွဲစဉ် မတိုင်မီ ချဲလ်ဆီး နဲ့ လီဗာပူး အသင်းသားတွေ ပေါင်းစပ်ထားတဲ့ အကောင်းဆုံး အသင်းကို ရွေးချယ်သွားခဲ့ပြီး ဒီအသင်းမှာ လီဗာပူးရဲ့ နာမည်ကြီးတွေ ဖြစ်ကြတဲ့ အလီဆွန် ဂျော်ဒန်ဟန်ဒါဆန် နဲ့ ဆာဒီယိုမာနေး တို့ ပါ၀င်ခဲ့ခြင်း မရှိခဲ့ပါဘူး။

လီဗာပူး နဲ့ ချဲလ်ဆီး တို့ဟာ ဆီမီးဖိုင်နယ်မှာ အာဆင်နယ် နဲ့ စပါး တို့ကို ကျော်ဖြတ်ကာ ဖိုင်နယ်တက်လာခဲ့တဲ့ အသင်းတွေ ဖြစ်ကြပြီး ဒီရာသီရဲ့ ပထမဦးဆုံး ပြည်တွင်းဖလားကို လုသွားရမှာပါ။ နောက်ဆုံး ကစားခဲ့တဲ့ လိဂ်ပွဲစဉ် ၆ ပွဲဆက် နိုင်ထားခဲ့တဲ့ လီဗာပူးဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဖလားရဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး တတိယနေရာက ချဲလ်ဆီးထက် ၁၀ မှတ် အသာရနေပါတယ်။

အလီဆွန်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ Clean sheet ၁၃ ကြိမ်နဲ့ အီဒါဆင် (၁၄ ကြိမ်) ရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နေပေမယ့်လည်း ဂျွန်ဆင်က ဂိုးသမားနေရာ အတွက် အလီဆွန်ကို ကျော်ကာ မန်ဒီကို ရွေးချယ်ခဲ့ပါတယ်။ ကွင်းလယ်ပိုင်းမှာလည်း လီဗာပူးနောက်ခံလူဟောင်းဟာ သူ့ရဲ့ အကောင်းဆုံး XI မှာ ခြေစွမ်းပြလျက် ရှိနေတဲ့ ဟန်ဒါဆန်ကို ထည့်သွင်းခဲ့ခြင်း မရှိခဲ့ပါဘူး။

ဂျွန်ဆင်က “ဂိုးသမား နေရာ အတွက် ကျွန်တော် အက်ဒူရာမန်ဒီကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော် အလီဆွန်ကိုလည်း လွယ်လွယ်ကူကူ ရွေးချယ်သွားလို့ ရပါတယ်။ သူတို့ ၂ ဦးစလုံးဟာ ကမ္ဘာ့အဆင့် ဂိုးသမားတွေ ဖြစ်ကြပြီး တစ်ဦးနဲ့ တစ်ဦး လက်စွမ်းမကွာပါဘူး။ ဒါ့ကြောင့် ဒါဟာ လွယ်ကူတဲ့ ဆုံးဖြတ်ချက်ပါ။ ဂိုးပေါက်မှာ ဘယ်သူပဲ ဖြစ်ဖြစ် ကိစ္စမရှိပါဘူး။

နောက်တန်း ၄ ယောက် အတွက် ကျွန်တော် ထရန့်အလက်ဇန်းဒါးအာနိုး ၊ ဗာဂျယ်ဗန်ဒိုက် ၊ ရူဒီဂါ နဲ့ ရောဘတ်ဆန် တို့ကို ရွေးချယ်သွားမှာပါ။ ကျွန်တော် ရိဂျိမ်းကိုလည်း ညာနောက်ခံလူ နေရာအတွက် ရွေးသွားလို့ ရပါတယ်။ ဒါပေမယ့် ဖိုင်နယ်လို အကြိတ်အနယ် ဖြစ်ပြီး ကိုယ်မသာ သူမသာတဲ့ အခြေအနေတွေမှာ ထရန့်ဟာ ကိုယ့်အသင်းကို ကောင်းမွန်တဲ့ ပေးပို့မှုတွေ set-pieces နဲ့ ဖရီးကစ်တွေကနေ ပိုမို ကူညီပေးနိုင်မှာပါ။

ဒီလိုပွဲမျိုးမှာ ဘယ်အသင်းကမှ ၃-၀ ၊ ၄-၀ နဲ့ မနိုင်နိုင်ပါဘူး။ တစ်သင်းသင်းက တစ်ဂိုးအသာလောက်နဲ့ပဲ နိုင်သွားမှာပါ။ တစ်ခါတစ်ရံ ဂိုးရဖို့ အတွက် အံ့ဖွယ်အရာတွေ လုပ်ပေးနိုင်မယ့်သူ လိုအပ်တက်ပါတယ်။ ဒါ့ကြောင့်လည်း ကျွန်တော် ထရန့်ကို ရွေးချယ်ခဲ့တာပါ။ ကွင်းလယ်မှာတော့ ကျွန်တော့် အနေနဲ့ ကန်တီ ၊ မေဆင်မောင့် နဲ့ ဖာဘင်ညို တို့ကို ရွေးသွားမှာပါ။

တိုက်စစ်ပိုင်း အတွက် ဟာကင်ဇီယက် ၊ မိုဆာလား နဲ့ လူး၀စ်ဒီယက် တို့ကို ရွေးချယ်ပါတယ်။ ဒီယက်ဟာ ယုံကြည်မှု ပြည့်၀တဲ့ ကစားသမား ဖြစ်ပြီး အသင်းမှာ ချက်ချင်းဆိုသလို ခြေစွမ်းပြနေပါတယ်။ သူဟာ ဖိအားကို သိပ်ပြီး ကြောက်တဲ့ပုံစံ မရှိပါဘူး။ ဒီလိုပွဲမျိုးမှာ ယုံကြည်မှု ပြည့်၀တဲ့ ကစားသမားတွေကိုပဲ အသုံးပြုချင်ပါတယ်။ ဒ့ါကြောင့် ဒီပွဲမှာ ကျွန်တော် မာနေးကို ကျော်ပြီး ဒီယက်ကို ပွဲထွက်စေမှာပါ။ မာနေးဟာ ပေါက်ကွဲမှုနဲ့ ကစားတဲ့သူ ဖြစ်ပြီး ပွဲပြီးဖို့ မိနစ် ၃၀ အလိုမှာ သူ၀င်လာခဲ့မယ် ဆိုရင် သူဟာ ပွဲကို အပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဂျွန်ဆင်ရဲ့ Combined XI – မန်ဒီ ၊ အလက်ဇန်းဒါးအာနိုး ၊ ဗန်ဒိုက် ၊ ရူဒီဂါ ၊ ရောဘတ်ဆန် ၊ ဖာဘင်ညို ၊ ကန်တီ ၊ မောင့် ၊ ဇီယက် ၊ ဆာလား ၊ ဒီယက်

SM