ရွန်းနီဟာ သူ့ရဲ့ ဖေးဘရိတ် ကစားသမား တစ်ဦးပါ လို့ ဖွင့်ဟလိုက်တဲ့ ယူနိုက်တက် ပစ်မှတ်ဟောင်း

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကွင်းလယ် တိုက်စစ် နေရာအတွက် ကစားသမား တစ်ဦး ရှာဖွေ နေခဲ့စဉ်တုန်းက ဘရူနို ဖာနန်ဒက်စ် နဲ့ အတူ ပေါ်လို ဒိုင်ဘာလာ ၊ ဂျိမ်းစ် မက်ဒီဆင် တို့လည်း ပစ်မှတ် ကစားသမား စာရင်းထဲ ပါဝင်ခဲ့ကြပါသေးတယ် ။

ဒါပေမဲ့ အဆိုပါ အချိန်တုန်းက ဒိုင်ဘာလား ကိုယ်တိုင်ဟာ အသင်းမှာပဲ ဆက်နေဖို့ ဆန္ဒရှိနေခဲ့သလို မက်ဒီဆင် ကို ခေါ်ယူရေးမှာလည်း လက်စတာ ဖက်က တောင်းဆိုနေခဲ့တဲ့ ပမာဏဟာ များပြားလွန်းခဲ့တဲ့ အတွက် အပြောင်းအရွှေ့ဟာ မဖြစ်ခဲ့ရပါဘူး ။

နောက်ဆုံးမှာတော့ ယူနိုက်တက် တို့ဟာ ဘရူနို ဖာနန်ဒက်စ် နဲ့ ဒွန်နီ ဗန်ဒီ ဘိခ် တို့ကို ခေါ်ယူလိုက်တဲ့နောက် နောက်ထပ် ကွင်းလယ် တိုက်စစ် အားသန်တဲ့ ကစားသမား တစ်ဦးတစ်ယောက်ကို ထပ်မံ ခေါ်ယူမယ့် လေသံတွေက တိတ်ဆိတ် သွားခဲ့ရပါတယ် ။

ဒီလို အနေအထား တစ်ရပ်မှာ တစ်ချိန်က မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပစ်မှတ် ကစားသမား ဖြစ်ခဲ့ဖူးတဲ့ အင်္ဂလန် လက်ရွေးစင် ဂျိမ်းစ် မက်ဒီဆင် က ယူနိုက်တက် ဂန္တဝင် ဝိန်း ရွန်းနီ ဟာ သူ့ရဲ့ ဖေးဘရိတ် ကစားသမား တစ်ဦး ဖြစ်ကြောင်း ဝန်ခံ ဖွင့်ဟခဲ့လိုက် ပါတယ် ။

ဝိန်း ရွန်းနီ ဆိုတာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အဂ်လန် လက်ရွေးစင် အသင်းတွေ အတွက် စံချိန်တင် သွင်းဂိုးတွေ သွင်းယူပေးထားသူ ဖြစ်ခဲ့တဲ့ အတွက် အင်္ဂလန် နိုင်ငံသား နောက်ပေါက် ကစားသမား အများစု ရဲ့ idol တစ်ဦး ဖြစ်နေခဲ့ ပါတယ် ။

အခုတော့ မက်ဒီဆင် ကလည်း ဝိန်းရွန်းနီ ဟာ သူ့ရဲ့ ဖေးဘရိတ် ကစားသမား တစ်ဦး ဖြစ်ကြောင်း ၊ ယူရို 2004 ပြိုင်ပွဲ တုန်းက ခရိုအေးရှားဖက် သွင်းခဲ့တဲ့ ရွန်းနီ ရဲ့ သွင်းဂိုး က အခုထိ အမှတ်တရ အဖြစ် ရှိနေသေးဆဲ ဖြစ်ကြောင်း ပြောခဲ့လိုက် ပါတယ် ။

” ယူနိုက်တက်ဖန် တစ်ဦး ဖြစ်ခဲ့ရတဲ့ ကျွန်တော့် အတွက်တော့ သူ (ရွန်းနီ) ဟာ ဖေးဘရိတ် ကစားသမား တစ်ဦးပါပဲ ။ ရွန်းနီ နဲ့ ပတ်သက်လို့ ကျွန်တော့်ရဲ့ ပထမဆုံးသော အမှတ်တရ က ယူရို 2004 ပြိုင်ပွဲ ပါပဲ ”

” အဲ့ဒီတုန်းက သူဟာ အသက် 18 နှစ် အရွယ်သာ ရှိနေခဲ့သေးပြီး ခရိုအေးရှား လက်ရွေးစင် အသင်းဖက်ကို ဂိုးသွင်းယူနိုင်ခဲ့တယ်လေ ။ အဲ့ဒီတုန်းက ကျွန်တော့် အဖေ က ကျွန်တော့်ကို ပွေ့ချီပြီး စားပွဲခုံကို လှည့်ပတ် ပြေးနေခဲ့တာ မှတ်မိနေပါသေးတယ် ”

” အဲ့တုန်းက ကျွန်တော့် အသက် အရမ်းငယ်သေးတယ်လေ ။ ကျွန်တော့် အတွက်ကတော့ ဝိန်းရွန်းနီဟာ ပရီးမီးယားလိဂ် သမိုင်း တစ်လျှောက်ရဲ့ အကောင်းဆုံး ကစား သမားပဲ လို့ ထင်မိပါတယ် ” လို့ မက်ဒီဆင် က ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar