ရုရှား မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ရွှေ့ဆိုင်းတော့မယ့် UEFA

ဥရောပ ဘောလုံး အဖွဲ့ချုပ် UEFA ဟာ လက်ရှိ ဖြစ်ပေါ်နေတဲ့ ရုရှား – ယူကရိန်း အရေးအခင်း နဲ့ ပတ်သက်လို့ အရေးပေါ် အစည်းအဝေး တစ်ရပ် ကို မနက်ဖြန်မှာ ကျင်းပသွားမှာ ဖြစ်ကြောင်း တရားဝင် ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။

ဒီအစည်းအဝေး က 2021-2022 ဘောလုံးရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲကြီးကို ရုရှား နိုင်ငံအတွင်းမှာ ကျင်းပတော့မှာ မဟုတ်ကြောင်း ဆုံးဖြတ်ချက် ချမှတ်မှာ ဖြစ်ကာ ၊ နေရာသစ် ကိုပါ တစ်ခါတည်း ထုတ်ပြန် ကြေငြာသွားဖွယ် ရှိနေပါတယ်။

မူလ က ဒီနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို မေလ 28 ရက်နေ့ ၊ ရုရှား နိုင်ငံ စိန့် ပီတာဘတ်မြို့မှာ ကျင်းပဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

မနက်ဖြန်မှာ ကျင်းပမယ့် UEFA Executive Committee အစည်းအဝေးမှာ အဖွဲ့ဝင် 27 ယောက် ပါဝင်မှာ ဖြစ်ပြီး အမျိုးသား 25 ယောက် နဲ့ အမျိုးသမီး 2 ယောက် ဖြစ်ကာ ၊ အဲဒီထဲက အလက်ဇန်းဒါး ဇူကော့ဗ် လို့ အမည်ရတဲ့ အဖွဲ့ဝင် တစ်ယောက်ဟာ ရုရှား ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ရာထူး နဲ့ နိုင်ငံပိုင် လုပ်ငန်း တစ်ခုဖြစ်ပြီး
Gazprom မှာလဲ အမူဆောင်ချုပ် ရာထူးကို ရယူထားတယ်လို့ သိရပါတယ်။

ဒါကြောင့် သူဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ နေရာ ပြောင်းလဲ ကျင်းပမယ့် ဆုံးဖြတ်ချက်ကို ကန့်ကွက်ဖို့ ပြင်ဆင်လာဖွယ် ရှိနေပါတယ်။

တစ်ချိန်တည်းမှာပဲ ရုရှား နိုင်ငံပိုင် လုပ်ငန်း ဖြစ်တဲ့ Gazprom ဟာ UEFA နဲ့ ချန်ပီယံ လိဂ် ပြိုင်ပွဲတွေ ရဲ့ အဓိက စပွန်ဆာ တစ်ခုဖြစ်ပြီး ၊ လက်ရှိ ပေါ်ပေါက်နေတဲ့ နိုင်ငံရေး အကျပ်အတည်းကြောင့် ရုပ်သံ ထုတ်လွှင့်သူတွေဘက်က Gazprom ရဲ့ စပွန်ဆာပေးမှု အပေါ် သံသယတွေ ဖြစ်နေကြပါတယ်။

ဂျာမန် ကလပ် ရှော်ကေး အသင်းကတော့ Gazprom ရဲ့ စပွန်ဆာ ပေးထားမှု ကို သူတို့ ဂျာစီပေါ်ကနေ ချက်ခြင်း ဖယ်ရှားမှာ ဖြစ်ကြောင်း တရားဝင် ကြေငြာချက်တောင် ထုတ်ပြန်လိုက်ပါပြီ။

လက်ရှိ အချိန်ထိတော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ဘယ်နေရာမှာ ပြောင်းလဲ ကျင်းပမလဲ ဆိုတာ သေချာတိကျတဲ့ သတင်းမျိုး ထွက်ပေါ်လာခြင်း မရှိသေးပဲ ၊ အင်္ဂလန် က ဝင်ဘာလေကွင်းကြီး မှာ ကျင်းပသင့်တယ်လို့ ပြောဆိုတာမျိုးတွေ ကြားနေရပါတယ်။

မေလ 28 ရက် ဝန်းကျင် ရောက်ရရင် ဝင်ဘာလေ ကွင်းမှာလဲ Play Off ပွဲစဉ်တွေ ကျင်းပဖို့ စီစဉ်ထားတာ ဖြစ်လို့ ၊ ဝက်စ်ဟမ်း အသင်းရဲ့ အိမ်ကွင်း (သို့) စပါး အိမ်ကွင်းတွေမှာ ပိုပြီး ဖြစ်နိုင်ချေတွေ များနေတယ်လို့ သုံးသပ်လျှက် ရှိနေပါတယ်။

တစ်ချိန်တည်းမှာပဲ ဒီကနေ့ ဗြိတိန် လွှတ်တော်မှာ ကျင်းပခဲ့တဲ့ ယူကရိန်း အရေး ဘယ်လို တုန့်ပြန် ကိုင်တွယ်သင့်သလဲ ဆိုတဲ့ အစည်းအဝေးမှာ လေဘာပါတီ အမတ် ဖြစ်သူ Chris Bryant က အဗရာမိုဗစ်ချ် အနေနဲ့ ချဲဆီး ကို ပိုင်ဆိုင်သင့်ရဲ့လားလို့ မေးခွန်းထုတ်လိုက်ပြီး ၊ သူ့ရဲ့ လုပ်ငန်း နဲ့ ပူတင် တို့အကြားမှာ ဆက်စပ်မှုတွေ အများကြီး ရှိတဲ့ အကြောင်းကို သူရရှိထားတဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေနဲ့ သက်သေပြနိုင်တယ်လို့ တင်သွင်းသွားခဲ့ ပါတယ်။

ချဲဆီး ပိုင်ရှင် ကိုယ်တိုင်ကတော့ သူနဲ့ ပူတင် အကြား မည်သို့သော ဆက်စပ်မှုမှ မရှိတဲ့ အကြောင်းကို အကြိမ်ပေါင်းများစွာ ငြင်းဆိုထားပါတယ်။

SM