ရီးရဲလ်မက်ဒရစ်ကို နောက်ဆုံးမိနစ်ဂိုးနဲ့ အနိုင်ရခဲ့အပြီး ပီအက်စ်ဂျီ အသင်းဖော် တဦးကို ဇာဗီ ၊ အင်နီယေစတာ တို့နဲ့ ခိုင်းနှိုင်း ချီးကျူးလိုက်တဲ့ နေမာ

မနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ပထမအကျော့ ပွဲစဉ် တပွဲမှာ ပီအက်စ်ဂျီ အသင်းဟာ ရီးရဲလ်မက်ဒရစ် အသင်းကို တိုက်စစ်မှူး ကီလီယန် အမ်ဘတ်ပေရဲ့ နောက်ဆုံး မိနစ် သွင်းဂိုးနဲ့ အတူ အနိုင်ရကာ ၊ နောက်တဆင့် တက်ဖို့ အခွင့် အနည်းငယ် ပိုသာသွားခဲ့ပြီ ဖြစ်ပါတယ် ။

 

ဒီပွဲမှာ ပီအက်စ်ဂျီ ဟာ ခြေစွမ်း ၊ ဘောလုံး ပိုင်ဆိုင်မှု ၊ ဂိုးပေါက် ခြိမ်းခြောက်မှု ၊ အခွင့်အရေး ဖန်တီးမှု အသာစီး ရခဲ့ပေမယ့် ၊ ရီးရဲလ်မက်ဒရစ် ဂိုးသမား သီဘောက် ကော်တွိုက်စ်ကိုတော့ နာကျင်အချိန်ပိုရဲ့ နောက်ဆုံး မိနစ် အရောက်မှာမှ ကျော်လွန်နိုင်ခဲ့ပါတယ် ။

ပီအက်စ်ဂျီ ဟာ ဒီပွဲမှာ ဦးဆောင်ဂိုး ပိုရနိုင်စေမယ့် ပင်နယ်တီ အခွင့်အရေး ရခဲ့ပေမယ့် ၊ လီယွန်နယ် မက်ဆီ ဝင်အောင် အဆုံးမသတ်နိုင်ခဲ့ပါဘူး ။ သို့ပေမယ့် နိုင်ပွဲနဲ့ အတူ ပီအက်စ်ဂျီ အတွက် အပေါင်း လက္ခဏာ ဆောင်ခဲ့တဲ့ အချက် တချို့တော့ ရှိခဲ့ပါတယ် ။

 

ဒါကတော့ အားထားရတဲ့ အီတလီ လက်ရွေးစင် ကွင်းလယ်လူ မာကို ဗာရက်တီ မိနစ် ၉၀ အပြည့် ကစားကာ ၊ ခြေစွမ်းပြနိုင်ခဲ့သလို ၊ ဒဏ်ရာက ပြန်လာတာ သိပ်မကြာသေးတဲ့ နေမာမှ မိနစ် တချို့တဝက် ပြန်ကစားပေးနိုင်ခဲ့ကာ ၊ အမ်ဘတ်ပေရဲ့ သွင်းဂိုးကို ဖန်တီးပေးခဲ့ခြင်း ဖြစ်ပါတယ် ။

ပွဲအပြီး အင်တာဗျူး တခုမှာတော့ နေမာ က ပီအက်စ်ဂျီ ကွင်းလယ်ကို အကောင်းဆုံး ထိန်းကျောင်းပေးထားတဲ့ ဗာရက်တီကို တချိန်က ၎င်းရဲ့ အသင်းဖော်တွေ ဖြစ်ခဲ့ဖူးတဲ့ ဘာစီလိုနာ ဂန္တဝင် ကွင်းလယ်လူဟောင်း ဇာဗီ ၊ အင်နီယေစတာ တို့နဲ့ အခုလိုပဲ ခိုင်းနှိုင်း ချီးကျူးသွားခဲ့ပါတယ် ။

နေမာ က ” မာကို ဟာ အရည်အချင်းရှိတဲ့ ကစားသမား တယောက် ဆိုတာ ကျွန်တော် သိပါတယ် ။ ဒါပေမယ့် သူ ဒီလောက် အထိ အံ့သြဖွယ် စွမ်းဆောင်နိုင်တယ် ဆိုတာကို ကျွန်တော် မသိခဲ့ပါဘူး ။ သူဟာ genius တဦး ဖြစ်ပြီး ၊ ကျွန်တော်နဲ့ တွဲကစားခဲ့ဖူးတဲ့ ဇာဗီ ၊ အင်နီယေစတာ တို့လို ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတွေထဲက တဦး ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ပီအက်စ်ဂျီ နည်းပြ မော်ရစ်စီယို ပိုချက်တီနို က ၎င်းတို့ဟာ အမ်ဘတ်ပေရဲ့ နောက်ဆုံးမိနစ် သွင်းဂိုးနဲ့ အနိုင်ရဖို့ ထိုက်တန်ကြောင်း ဖွင့်ဟရင်း ၊ ရီးရဲလ်မက်ဒရစ်ထက် အဖက်ဖက်က ပိုမို သာလွန်ခဲ့ကြောင်း အခုလိုပဲ ဖြေကြားခဲ့ပါတယ် ။

 

Canal+ နဲ့ တွေ့ဆုံခဲ့ရာမှာ ပိုချက်တီနို က ” ကျွန်တော် အရမ်း ပျော်ရွှင်နေပါတယ် ။ အသင်းရဲ့ စွမ်းဆောင်ရည် က အရမ်းကောင်းခဲ့ပါတယ် ။ တပွဲလုံး ယေဘူယျ ခြုံကြည့်ရင် ကျွန်တော်တို့ဟာ ရီးရဲလ်ထက် ပိုကောင်းခဲ့ပါတယ် ။ ဒီနေ့ နိုင်ပွဲနဲ့ ကျွန်တော်တို့ ထိုက်တန်မှု ရှိပါတယ် ။ ဒုတိယ အကျော့ ကစားဖို့ ကျန်သေးတာ မှန်ပါတယ် ။ ”

” ဒါပေမယ့် အရေးကြီးဆုံး အရာက ပထမဆုံး ခြေလှမ်း ဖြစ်ပါတယ် ။ ဒါဟာ အရမ်းကောင်းတဲ့ ပွဲတပွဲ ဖြစ်ခဲ့ပြီး ၊ ကျွန်တော်တို့ဟာ ပြိုင်ဖက်ရဲ့ ဘောလုံး ပေးပို့ပုံ စနစ်ကို ဖြတ်တောက်နိုင်ခဲ့သလို ၊ သူတို့ရဲ့ ကွင်းလယ်လူတွေ အပေါ် အချိန်ပြည့် ဖိအားပေးနိုင်ခဲ့ပါတယ် ။ ”

” သူတို့ကို ရပ်တန့်နိုင်ဖို့ ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ကြိုးစားရင်း ၊ တဖက်ကလည်း ပွဲကို ထိန်းချုပ်နိုင်ဖို့ အာရုံစိုက်ခဲ့ပါတယ် ။ ပြိုင်ဖက်ကိုလည်း အခွင့်အရေး အနည်းငယ်ပဲ ပေးခဲ့ပါတယ် ။ ကစားသမားတွေ အတွက် ဒီနိုင်ပွဲက ထိုက်တန်ပါတယ် ။ အခုတော့ ဒုတိယ အကျော့ ပွဲအတွက် ကျွန်တော်တို့ ဆက်လက် ပြင်ဆင်ရမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

 

SPORTS MYANMAR