ယူနိုက်တက် ဘယ်နေရာတွေမှာ ညံ့သလဲဆိုတာ သိပြီးရင်း သိခဲ့ရတဲ့ ပွဲစဉ်မှာ ဘယ်သူတွေ ကောင်းပြီး ဘယ်သူတွေ ညံ့ခဲ့ကြသလဲ…

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက အိုးလ်ထရပ်ဖို့ဒ် ကွင်းထဲမှာ ဝက်ဖို့ဒ် အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး 0 – 0 ဆိုတဲ့ ဂိုးမရှိ သရေ ရလဒ် ကိုသာ ရယူ သွားနိုင်ခဲ့ပါတယ် ။ ဒါဟာ ချန်ပီယံလိဂ် ဝင်ခွင့် ရချင်တဲ့ ယူနိုက်တက် ပရိသတ်တွေ အတွက်တော့ စိတ်ပျက်စရာပါပဲ ။

ဒီပွဲမှာလည်း မန်ချက်စတာ ယူနိုက်တက် အသင်းဖက်မှ ဘောလုံးပိုင်ဆိုင်မှုနဲ့ အတူ အခွင့်အရေးကောင်းတွေ များစွာ ရယူသွားနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ အသုံးချနိုင်မှု အပိုင်းမှာတော့ ညံ့ပြီးရင်း ညံ့နေဆဲ ဆိုတာကို ဆက်လက် မြင်တွေ့ခဲ့ရပြန်ပါတယ် ။

ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရမှတ်လိုအပ်လို့ အသင်းလိုက် ပိတ်ကန်ကြတဲ့ အသင်းတွေနဲ့ ဆုံတွေ့တဲ့ အခါတွေမှာ ဂိုးတွေကို ဘယ်လိုသွင်းရမလဲ ၊ အခွင့်အရေးတွေကို ဘယ်လို အသုံးချရမလဲဆိုတာ မသိသေးတဲ့ အသင်းမျိုး ဖြစ်ကြောင်း ဒီပွဲမှာ ဆက်သိခဲ့ရပါတယ် ။

ယူနိုက်တက်တို့ ဂိုးပြတ် အနိုင်ယူရမယ့် ပွဲစဉ်မျိုးမှာ တန်းဆင်းဇုန် ရုန်းအားကို တွန်းလှန်နိုင်ခြင်း မရှိခဲ့ကြတဲ့ ယူနိုက်တက် 0 – 0 ဝက်ဖို့ဒ် ပွဲစဉ်မှ အိမ်ကွင်း ပရိသတ်တွေကို နာကျင်မှုတွေ ပေးခဲ့ကြတဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ဖော်ပြပေးလိုက်ပါတယ် ။

ဒီဂီယာ (6)

ဂိုးပေါက် ကာကွယ်မှု နှစ်ကြိမ် လုပ်နိုင်ခဲ့သလို Clean Sheet လည်း ရယူပေးနိုင်ခဲ့တဲ့ အတွက် အထွေအထူး ပြောစရာ မရှိခဲ့ရပါဘူး ။

ဘစ်ဆာကာ (6)

ခံစစ်ပဲ လုံတယ် ၊ တိုက်စစ် လိုက်ပါမှု ညံ့တယ် ဆိုတဲ့ ညာနောက်ခံလူ ကတော့ ဒီပွဲမှာ ခံစစ် ကစားပုံ ကောင်းခဲ့သလို တိုက်စစ်ကိုလည်း အတော်လေး ပံ့ပိုးပေးနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ထိရောက်မှု မရှိခဲ့ပါဘူး ။

လင်ဒီလော့ဖ် (6)

ပထမပိုင်းမှာ အရေးပါတဲ့ ဘောလုံး လုယူမှု လုပ်ဆောင်နိုင်ခဲ့ပါတယ် ။ ဒီပွဲဟာ သူ့အတွက်တော့ သက်တောင့်သက်သာ နိုင်လွန်းတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ရပါတယ် ။

ဗာရန်း (6)

ပထမပိုင်းမှာ အရမ်းကို ကောင်းခဲ့ပါတယ် ။ ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ ပြိုင်ဖက် အသင်း တိုက်စစ်ဆင်ချိန်တွေမှာ အနည်းငယ် ပျာခဲ့ပါတယ် ။

တဲလက်စ် (5)

တိုက်စစ်ပိုင်း လိုက်ပါနိုင်ဆုံး ယူနိုက်တက် ခံစစ် ကစား သမားဟာ ဒီပွဲမှာလည်း ပုံစံကောင်း အချို့ ပြသနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ထိရောက်တဲ့ ပံ့ပိုးမှုတော့ လိုသလောက် မလုပ်နိုင်ခဲ့ပါဘူး ။

မာတစ် (7)

ယူနိုက်တက်တို့ လိုချင်နေခဲ့တဲ့ ကွင်းလယ် ခံစစ်မျိုး ပီသအောင် ကစားပေးနိုင်ခဲ့ပါတယ် ။ တိုက်စစ်မြှင့်ဖို့လိုနေချိန်မှာ လူစားလဲခံခဲ့ရပါတယ် ။

 

ဖရက်ဒ် (6)

ဘောလုံး ပေးပို့မှု အမြဲညံ့တဲ့ ကစားသမားဟာ ဒီလိုပွဲမှာ ပေးပို့မှုတွေ အတော်လေးမှန်ကန်ခဲ့ပါတယ် ။ ဒါပေမဲ့ ပံ့ပိုးပေးနိုင်မှု အပိုင်းမှာတော့ လိုအပ်ချက် ရှိနေဆဲပါပဲ ။

ပေါ့ဂ်ဘာ (6)

ကွင်းလယ်ကနေ တိုက်စစ်ရော ခံစစ်ပါ မျှတအောင် ကစားနိုင်ခဲ့ပါတယ် ။ အီလန်ဂါအတွက်လည်း အခွင့်အရေး ဖန်တီးပေးနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ စိတ်ရှိသလောက် လွတ်လပ်စွာ ကစားပေးနိုင်စွမ်း မရှိခဲ့ပါဘူး ။

ဘရူနို (6)

အကောင်းဆုံးသော အခွင့်အရေးကို ဖြုန်းတီးခဲ့ပါတယ် ။ ဒါပေမဲ့ အခွင့်အရေး ဖန်တီးမှု ၊ ဂိုးပေါက် ခြိမ်းခြောက်မှု အချို့ကို ပြုလုပ်ရင် ဖာထေးနိုင်ခဲ့ပါတယ် ။

အီလန်ဂါ (6)

ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှာ အသက်ဝင်ခဲ့တဲ့ ကစားသမား တစ်ဦးပါပဲ ။ သူ့ရဲ့ မြန်နှုန်း ၊ ကစားအားတွေက ပြိုင်ဖက် ခံစစ်ကို အခက်အခဲ ဖြစ်စေခဲ့ပါတယ် ။ ဒါပေမဲ့ အဲ့တာထက် ပိုပြီး မလုပ်ပြနိုင်ခဲ့ပါဘူး ။

ရော်နယ်ဒို (3)

ယူနိုက်တက်ရဲ့ အကောင်းဆုံး ကစားသမားက ဒီပွဲစဉ်မှာတော့ အညံ့ဖျင်းဆုံး ကစားသမား ဖြစ်သွားခဲ့ပါတယ် ။ ဂိုးတွေ ရယူနိုင်ခဲ့သင့်ပေမဲ့ အဆုံးသတ်ပိုင်း အတော်လေး ညံ့ခဲ့သလို တိုက်စစ်ကိုလည်း ပိုကောင်းစေနိုင်ခြင်း မရှိခဲ့ပါဘူး ။

လူစားဝင် ကစားသမားများ…

ဆန်ချို (7)
ရပ်ရှ်ဖို့ (5)
လုခ်ရှော (5)

#Sports_Myanmar