ယူနိုက်တက် ကနေ အငှားထွက်ခြင်းကို ‘ အသစ်တစ်ဖန် စတင်ခြင်း ‘ လို့ ခေါင်းစဉ်တပ်လိုက်တဲ့ ဒွန်နီ ဗန်ဒီ ဘိခ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ဒွန်နီ ဗန်ဒီ ဘိခ် က မန်ချက်စတာမြေမှ အဲဗာတန် အသင်းဆီ အငှား ထွက်ခွာလာခြင်းက သူ့ကို စိတ်ဓါတ် ခွန်အားတွေ ပြန်လည် ဖြစ်စေခဲ့တယ်လို့ ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။ 

 

ဒွန်နီ ဗန်ဒီ ဘိခ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီကို ပြောင်းရွှေ့ လာခဲ့ပြီးနောက် လိုချင်နေခဲ့တဲ့ ပွဲထွက် ကစားခွင့် တွေကို မရရှိနိုင်ခဲ့တဲ့ အတွက် ပြီးခဲ့တဲ့ ဆောင်းရာသီ ဈေးကွက်တုန်းက အဲဗာတန် အသင်းဆီ ရာသီကုန်ထိ အငှား ကစားဖို့ ထွက်ခွာလာခဲ့ပါတယ် ။

သူဟာ အဲဗာတန် အသင်းဆီ ပြောင်းရွှေ့လာခဲ့တဲ့နောက်တော့ မကြာမီမှာပဲ ပွဲထွက် ကစားခွင့် ပိုင်ဆိုင်နိုင်ခဲ့ပြီး ပုံစံကောင်း အချို့ကိုလည်း ပြသသွားနိုင်ခဲ့ပါသေးတယ် ။ ဒါဟာ ပွဲထွက်ခွင့်တွေ ပျောက်ဆုံးနေခဲ့တဲ့ ကစားသမား တစ်ဦး အတွက် စိတ်သက်သာရာ ရရှိစေပါတယ် ။

 

ကစားသမားဖက်ကလည်း ကြည့်လိုက်မယ်ဆိုရင် သူ့ဖက်က ပွဲထွက် ကစားခွင့်တွေ ပိုင်ဆိုင်နိုင်မှ ၊ ခြေစွမ်းပြနိုင်မှ လာမဲ့ ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာ နိုင်ငံ့ အသင်း အတွက် ပွဲထွက်ခွင့် ရရှိမှာ ဖြစ်တာကြောင့် အခုလို ကစားခွင့် ရရှိခြင်းက တကယ့်ကို အဓိပ္ပါယ် ရှိစေပါတယ် ။

အခုတော့ စိတ်ဝင်စားတဲ့ အသင်းတွေ အများကြီး ရှိနေတဲ့ ကြားက လမ်းပတ် ကိုင်တွယ်တဲ့ အဲဗာတန် အသင်းဆီ ပြောင်းရွှေ့ပြီး ပွဲထွက်ခွင့်တွေ ရရှိခဲ့ခြင်း သူ့ကို အသစ်တဖန် ပြန်လည် စတင်သလိုမျိုး စိတ်ခံစားမှုတွေကို ပေးစွမ်းကြောင်း ဗန်ဒီ ဘိခ် က ပြောခဲ့လိုက်ပါတယ် ။

” ဧရိယာ နယ်ပယ် အသစ် တစ်ခု ၊ ကစားသမား အသစ်တွေ ၊ နည်းပြ အသစ်တွေနဲ့ အတူ အလုပ် လုပ်ဆောင်ခွင့် ရရှိခြင်း က ကျွန်တော့် အတွက်တော့ အသစ် တစ်ဖန် ပြန်လည် စတင်ခြင်း ဆိုတဲ့ စိတ်ခံစားမှုကို ဖြစ်စေပါတယ် ”

 

” အခုလို ကစားခွင့် ပြန်လည် ရရှိခြင်းက ကျွန်တော့်ကို ခွန်အားတွေ အများကြီး ပေးပါတယ် ။ လက်ရှိ အသင်းရဲ့ အမှတ်ပေးဇယား ရပ်တည်မှု နဲ့ ကြိုးစားအားထုတ်မှုတွေကို ကြည့်ရှုလိုက်ပါ ။ သူတို့တွေဟာ အထက်ကို တက်နိုင်ဖို့ပဲ စိတ်အားထက်သန် နေကြတာပါ ”

” ကျွန်တော် ကိုယ်တိုင်လည်း ကစားသမား တစ်ဦး အနေနဲ့ ဘာတွေကို လုပ်ဆောင်နိုင်စွမ်း ရှိသလဲဆိုတာကို ပြသချင်မိပါတယ် ။ အသင်းရဲ့ စုပေါင်း ဖွဲ့စည်းမှု ကောင်းမွန်လှတယ်လို့ ကျွန်တော် တွေးမိပါတယ် ” လို့ ဗန်ဒီ ဘိခ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

 

#Sports_Myanmar