ယနေ့ည ပဲလေ့စ်နဲ့ ပွဲကို လွဲချော်နိုင်တဲ့ ကစားသမား ၅ဦး အထိ ရှိကြောင်း အတည်ပြုလိုက်တဲ့ တူချယ်

ချဲလ်ဆီး အသင်း ဟာ ယနေ့ညမှာ ပရီးမီးယားလိဂ် ပွဲစဉ် ၂၆ အဖြစ် လန်ဒန်မြို့ခံ ပြိုင်ဖက် ခရစ်စတယ် ပဲလေ့စ် အသင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ် ။ ကမ္ဘာ့ကလပ်ဖလားကို ပူပူနွေးနွေး ရရှိထားတဲ့ ချဲလ်ဆီး အသင်း အတွက် ဒါဟာ တလနီးပါး အကြာမှာမှ ပြန်ကစားရတဲ့ ပရီးမီးယားလိဂ်ပွဲလည်း ဖြစ်ပါတယ် ။

ကိုဗစ် ပြဿနာတွေကို ကျော်လွန်လာပြီ ဖြစ်ပေမယ့် ၊ လက်ရှိ ချဲလ်ဆီး အသင်းမှာ ဒဏ်ရာနဲ့ ကြံ့ခိုင်မှု ပြဿနာတွေကတော့ ဆက်ရှိနေဆဲ ဖြစ်ပါတယ် ။ ကာလရှည် ဒဏ်ရာကြောင့် အသီးသီး နားနေရတဲ့ ဘယ်နောက်ခံလူ ဘန်ချေဝဲလ်နဲ့ ညာနောက်ခံလူ ရိစ်ဂျိမ်းစ် တို့ဟာ ယနေ့ညပွဲကို ဆက်လက် လွဲချော်ဦးမှာ ဖြစ်ပါတယ် ။

ဒါ့အပြင် ခြေကျင်းဝတ် အရွတ် ဒဏ်ရာ အသေးစား တခု ရထားတဲ့ ကွင်းလယ်လူ မေဆင်မောင့် ဟာ ကာရာဘောင် ဖလား အမှီ ပြန်ကစားနိုင်ဖို့ မျှော်မှန်းထားပေမယ့် ၊ ယနေ့ညပွဲကိုတော့ ဆင်နွှဲနိုင်ဦးမှာ မဟုတ်ပါဘူး ။ ယနေ့ မနက်ကမှ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ဟာ မတူညီတဲ့ ပြဿနာ ရင်ဆိုင်နေရတဲ့ ထပ်တိုး ကစားသမား ၂ဦး ထုတ်ပြန်ခဲ့ပါတယ် ။

တဦးကတော့ ဂျာမန် လက်ရွေးစင် တိုက်စစ်မှူး တီမို ဗာနာ ဖြစ်ပြီး ၊ ၄င်းဟာ နေမကောင်း ဖြစ်ရာက ပြန်လာရမှာ ဖြစ်လို့ ယနေ့ညပွဲကို လွဲချော်ဖွယ် ရှိပါတယ် ။

နောက်တဦး ကတော့ အားထားရတဲ့ အသင်းခေါင်းဆောင် ညာနောက်ခံလူ ဆီဆာ အက်ဇ်ပီလီကွီတာ ဖြစ်ပြီး ၊ ၄င်းဟာ ကြွက်သား မသက်မသာ ဖြစ်နေတယ်လို့ သိရပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ တူချယ် က ” ကာရာဘောင် ဖလား ဗိုလ်လုပွဲ အမှီ မေဆင် ပြန်လည် သက်သာလာဖို့ ကျွန်တော်တို့ တွန်းအားပေးသွားမှာပါ ။ ကံဆိုးစွာနဲ့ သူဟာ ကမ္ဘာ့ကလပ်ဖလား ဖိုင်နယ်ရဲ့ အစောပိုင်း မိနစ်တွေမှာတင် ဒီ အရွတ် ဒဏ်ရာကို ရခဲ့ပါတယ် ။ ”

” လိုင်လီနဲ့ ချန်ပီယံလိဂ်ပွဲ အမှီ ပြန်လာဖို့ အရမ်း အရမ်း နီးစပ်ပေမယ့် ၊ အဓိကတော့ သူ့ကို ကာရာဘောင် ဖိုင်နယ် အတွက်ပဲ တွန်းအားပေးသွားမှာပါ ။ နောက်ပြီး အက်ဇ်ပီ ဟာလည်း မနက်ဖြန် ပွဲကို ပါဝင်ဖို့ မသေချာနေပါဘူး ။ တမြန်နေ့က လေ့ကျင့်ရေး အစီအစဉ် အပြီး သူ မသက်မသာ ဖြစ်ခဲ့ပုံ ပေါ်ပါတယ် ။ ”

” ဒီနေ့မှာ သူ့ရဲ့ အခြေအနေကို ကျွန်တော်တို့ စစ်ဆေးသွားမှာပါ ။ တီမိုကိုလည်း မနက်ဖြန်ပွဲ လွဲချော်နိုင်တဲ့ စာရင်းမှာ ထည့်ရပါဦးမယ် ။ သူဟာ ဒီနေ့မှ နေမကောင်း ဖြစ်ရာကနေ ပြန်ကောင်းလာတာပါ ။ ဒီတော့ သူ့ကို လောလောလတ်လတ် အသုံးပြုဆိုတာ နည်းနည်း စောလွန်းတယ်လို့ ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ဒဏ်ရာကြောင့် ကမ္ဘာ့ကလပ်ဖလား ပြိုင်ပွဲသို့ မပူးပေါင်းနိုင်တဲ့ ကွင်းလယ်လူ ရူဘင် လော့ဖ်တပ်စ်ချိခ် ဟာ ဒဏ်ရာက ပြန်လည် သက်သာလာပြီးနောက် ၊ အသင်းလိုက် လေ့ကျင့်ရေး အစီအစဉ်မှာ ပူးပေါင်းနေတာ ၂ရက် ရှိခဲ့ပါပြီ ။ ဒီတော့ ၄င်းဟာ ယနေ့ည ပဲလေ့စ်နဲ့ ပွဲအတွက် ကစားသမား စာရင်းမှာ ပြန်လည် ပါဝင်လာမှာ ဖြစ်ပါတယ် ။

လော့ဖ်တပ်စ်ချိခ်နဲ့ ပတ်သက်ပြီး တူချယ် က ” သူ့မှာ ခြေကျင်းဝတ် ပြဿနာ ရှိခဲ့တာပါ ။ ခြေသလုံး ကြွက်သားမှာ သူ အတော်လေး နာကျင်ခဲ့ရပြီး ၊ ယောင်ကိုင်းခဲ့ပါတယ် ။ အရမ်း ဆိုးရွားတဲ့ ဒဏ်ရာတော့ မဟုတ်ပေမယ့် ၊ ကွင်းတွင်း ပြန်လည် လေ့ကျင့် ကစားနိုင်ဖို့က သူ့အတွက် အဆင်မပြေခဲ့ပါဘူး ။ ”

” အဘူဒါဘီကနေ ကျွန်တော်တို့ ပြန်ရောက်လာပြီးကတည်းက သူ အသင်းနဲ့ ပြန်လည် ပူးပေါင်းနေသလို ၊ သူ့ကို ကြည့်ရတာ လွတ်လပ်မှု ရှိနေတယ်လို့ ကျွန်တော် ခံစားရပါတယ် ။ ဒီတပတ်လုံး သူ ကောင်းကောင်း လေ့ကျင့်ထားပြီး ၊ မနက်ဖြန်ပွဲ အတွက် ကစားသမား စာရင်းမှာ ပါဝင်ဖို့လည်း ရှိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR