မိတ်ဆွေဟောင်းတွေ ၊ ပြိုင်ဘက်ဟောင်းတွေ ပြန်ဆုံကြမယ့် ချန်ပီယံလိဂ် ရဲ့ El Clasico

2 လကြာအောင် ရပ်နားထား အပြီးမှာတော့ ချန်ပီယံလိဂ် ပွဲစဉ်တွေ ပြန်လည် ရောက်ရှိလို့ လာခဲ့ ပါပြီ ။

 

အုပ်စု ပွဲစဉ်တွေ ပြီးသွားချိန် မှာတော့ အသင်း ၁၆ သင်းဟာ စိန့်ပီတာစဘတ်မြို့ ၊ ဂဇ်ပရွန် အရီနာ ထဲမှာ ကျင်းပမယ့် နောက်ဆုံး ဗိုလ်လုပွဲ လက်မှတ် ၂ စောင် အတွက် အမှားမခံတဲ့ ပွဲတွေကို ဆက်လက် ယှဉ်ပြိုင် ကစား ကြတော့မှာပဲ ဖြစ်ပါတယ် ။

 

၁၆ သင်းဆင့် ရဲ့ ပထမအကျော့ ပွဲတွေကို ၂ ပတ်ခွဲကာ ယှဉ်ပြိုင် ကစားသွားမှာ ဖြစ်ပြီး ဒီတပတ် မှာတော့ မန်စီးတီး ၊ ရီးရဲမက်ဒရစ် ၊ PSG ၊ လီဗာပူး စတဲ့ ဗိုလ်စွဲဖို့ ရေပန်းစား နေတဲ့ အသင်းတွေ ရဲ့ ပွဲတွေ ပါဝင်လာခဲ့ ပါတယ် ။

 

 

 

ဒီအထဲမှာတော့ ပြင်သစ် နိုင်ငံ ပါရီမြို့ မှာ ကစားမယ့် PSG နဲ့ ရီးရဲမက်ဒရစ် တို့ရဲ့ ပွဲကတော့ ဒီနှစ် ၁၆ သင်းဆင့် ရဲ့ စိတ်ဝင်စား စရာ အကောင်းဆုံး ပွဲဖြစ်လာမှာပါ ။

၂ သင်းစလုံးဟာ ထိပ်တန်း ကစားသမားတွေ ပိုင်ဆိုင် ထားကြပြီး ဂန္ထဝင်မြောက်တဲ့ ပွဲတပွဲ ( El Clasico ) ဖြစ်လာဖို့ သေချာသလောက် ပါပဲ ။

 

 

 

ဒီပွဲဟာ မိတ်ဆွေဟောင်းတွေ ၊ ပြိုင်ဘက်ဟောင်းတွေ ပြန်ဆုံ ကြတဲ့ ပွဲလို့လည်း ဆိုနိုင်ပါတယ် ။ ဘာလို့လည်း ဆိုတော့ ၂ သင်းစလုံးမှာ ကစားဖူးသူတွေ ၊ အရင်က ပြိုင်ဘက် ဖြစ်ခဲ့ဖူးသူတွေက အမြောက် အများ ရှိခဲ့ ကြလို့ ပါပဲ ။

 

နည်းပြတွေမှာကနေ စမယ်ဆိုရင် ရီးရဲ ဂုရုကြီး အန်ဆယ်လော့တီ ဟာ PSG ကို ၃ နှစ်နီးပါး ကိုင်တွယ် ခဲ့ဖူး ပါတယ် ။ PSG နည်းပြ ပိုချက်တီနို ကတော့ အက်စ်ပန်ညို နည်းပြ အဖြစ် နဲ့ လာလီဂါ မှာ ရီးရဲ ကို ၂ ရာသီ ရင်ဆိုင် ခဲ့ဖူးသူပါ ။

 

 

 

PSG မှာ ရောက်နေတဲ့ ရီးရဲ ခံစစ်ကျောက်ဆောင်ဟောင်းကြီး ဆာဂျီယို ရာမိုစ့် ကတော့ ဒဏ်ရာကြောင့် ဒီညမှာ အသင်းဟောင်းနဲ့ ပြန်ဆုံမယ့် အခွင့်အရေးကို လွဲချော် သွားခဲ့ ပါပြီ ။

ဒါပေမယ့် တချိန်က ရီးရဲမက်ဒရစ် အမာခံ ကွင်းလယ်လူ ဖြစ်တဲ့ အန်ဟဲ ဒီမာရီယာ ကတော့ ( နေမာ ကို ပွဲချိန်ပြည့် သုံးဖို့ အလားအလာ နည်းတာကြောင့် ) PSG ရဲ့ ပွဲထွက် စာရင်းမှာ ပါဝင်လာပြီး အသင်းဟောင်းကို အနိုင်ယူဖို့ အစွမ်းကုန် ကြိုးစား သွားဖွယ် ရှိနေပါတယ် ။

 

 

ဒါတင်မကပါဘူး ၊ နွေရာသီမှာ အင်တာ ကနေ ပြောင်းလာတဲ့ ထိပ်တန်း ညာနောက်ခံလူ ဟာခီမီ ဟာ ရီးရဲ မက်ဒရစ် အကယ်ဒမီထွက် ကစားသမားပါ ။ အင်တာ ကို ပြောင်းစဉ် က ရီးရဲ ကနေ ပြန်ဝယ်ခွင့် ထည့်သွင်း ထားခဲ့ပေမယ့် နွေတုန်းက ရီးရဲ က ပြန်ဝယ်ဖို့ ဆန္ဒ မရှိတာကြောင့် PSG ကို ရောက်လာ ခဲ့ရတာပဲ ဖြစ်ပါတယ် ။

အခု ညမှာတော့ ဒီဆုံးဖြတ်ချက် မှားကြောင်းကို ဟာခီမီ တယောက် သက်သေပြနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာပါ ။

 

 

 

ဒီမာရီယာ ၊ ဟာခီမီ တို့လို ရီးရဲ ကို ပြန်လည်ရင်ဆိုင်နိုင်ချေ ရှိတဲ့ နောက်တယောက် ကတော့ ဂိုးသမားကြီး ကေလာ နာဗက်စ် ပါပဲ ။ ရီးရဲ နဲ့ ချန်ပီယံလိဂ် ၃ ထပ်ကွမ်း ရယူထားတဲ့ နာဗက်စ် ဟာ ဥရောပ ပြိုင်ပွဲတွေမှာ အတွေ့အကြုံရင့် ဂိုးသမားကြီး ဖြစ်ပြီး အခုလို ပွဲမျိုးမှာ ဒွန်နာရမ်မာ နဲ့ ဘယ်သူ့ကို ပွဲထုတ်မလဲ ဆိုတာ ပိုချက်တီနို အတွက် ခေါင်းခဲစရာ ဖြစ်နိုင်လောက် ပါတယ် ။

 

 

ရီးရဲ ဘက်မှာတော့ ဖာလန်း မန်ဒီ ဟာ PSG ရဲ့ လူငယ် ကစားသမား အဖြစ် ကစားခဲ့ဖူးပါတယ် ။ ဘန်ဇီးမား ( လိုင်ယွန် ) ၊ ကာမာဗင်ဂါ ( ရင်းနစ် ) ၊ အီဒင် ဟာဇက် ( လိုင်လီ ) တို့ ကတော့ ပြင်သစ်လိဂ်မှာ ကစားဖူးတဲ့ PSG ရဲ့ ပြိုင်ဘက်ဟောင်းတွေ ဖြစ်ခဲ့ကြပါတယ် ။

 

 

PSG တိုက်စစ်မှူး လီယွန်နယ် မက်ဆီ ကတော့ ရီးရဲမက်ဒရစ် ရဲ့ အကြီးမားဆုံးသော ပြိုင်ဘက် ဖြစ်ခဲ့တာပါ ။

 

ရွှေဘောလုံး ၇ ဆုရှင် အာဂျင်တိုင်းသားဟာ ဘာစီလိုနာ ကစားသမားဘ၀ မှာ ရီးရဲ နဲ့ ၄၅ ကြိမ် ဆုံတွေ့ ဖူးပြီး ၂၆ ဂိုးထိ သွင်းထားခဲ့ ပါတယ် ။ ဒီ ၄၅ ကြိမ်မှာ မက်ဆီ ( ဘာစီလိုနာ ) က ၁၉ ကြိမ်နိုင်ထားပြီး ၁၁ ကြိမ် သရေကျကာ ၁၅ ကြိမ် ရှုံးနိမ့် ထားရပါတယ် ။ ရီးရဲ နဲ့ ဘာစီလိုနာ တို့ ကစားတဲ့ ပွဲတွေမှာ မက်ဆီလောက် ဘယ်သူမှ ဂိုးမသွင်း ထားနိုင်ပါဘူး ။

 

ဒီညပွဲမှာရော မက်ဆီ ရဲ့ အရိပ်ဆိုးတွေက ရီးရဲ ကစားသမားတွေကို ခြောက်လန့်နေဦးမလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ် ။

 

ဒါ့အပြင် နေမာ နဲ့ အန်ဒါဟာရဲရား တို့ဟာလည်း ဘာစီလိုနာ ၊ ဘီဘာအို အသင်းတွေမှာ ကစားရင်း ရီးရဲမက်ဒရစ် ရဲ့ ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြဖူးပါတယ် ။

 

နိုင်ငံ အသင်းအရ ကြည့်မယ်ဆိုရင်တော့ ဘရာဇီးသားတွေ ဖြစ်တဲ့ နေမာ နဲ့ မာကွင်ဟိုစ့် က တဘက် ၊ ကက်စမဲရိုး ၊ မီလီတို ၊ ရိုဒရီဂို ၊ မာဆယ်လို နဲ့ ဗီနီဆီယပ် တို့က တဘက် ယှဉ်ပြိုင် ကြရမှာပါ ။

ပြင်သစ်ကစားသမားပါဝင်မှု ကလည်း မနည်းပါဘူး ။ အိမ်ရှင် PSG ဘက်မှာ ကင်ပမ်ဘီ ၊ အမ်ဘာပေ ၊ ခွာဇာဝါ တို့ ရှိနေကြပြီး ရီးရဲ ဘက်မှာတော့ ကာမာဗင်ဂါ ၊ မန်ဒီ နဲ့ ဘန်ဇီးမား တို့ ပါဝင်လာကြမှာပဲ ဖြစ်ပါတယ် ။

ရီးရဲ က မီလီတို ၊ PSG က ဒါနီလို တို့ကတော့ ပေါ်တို အသင်းမှာ အတူ ကစားခဲ့ဖူးတဲ့ မိတ်ဆွေဟောင်း တွေပါ ။ ဒါကြောင့် ဒီညပွဲဟာ မိတ်ဆွေဟောင်းတွေ ၊ ပြိုင်ဘက်ဟောင်းတွေ ပြန်ဆုံကြမယ့် ပွဲလို့ ဆိုရတာပဲ ဖြစ်ပါတယ် ။

 

 

 

ဖြစ်နိုင်ချေ ရှိတဲ့ လူစာရင်း ကတော့ –

 

PSG း နာဗက်စ် ။ ဟာခီမီ ၊ မာကွင်ဟိုစ့် ၊ ကင်ပမ်ဘီ ၊ နူနို မန်ဒက်စ် ။ ဒါနီလို ၊ ပါရီဒက်စ် ၊ ဗာရက်တီ ။ ဒီမာရီယာ ၊ မက်ဆီ ၊ ဘာပေ

 

 

 

ရီးရဲမက်ဒရစ် း ကော့တွိုက် ။ ကာဗာရယ် ၊ မီလီတို ၊ အယ်ဘာ ၊ မန်ဒီ ။ ကရူးစ် ၊ ကက်စမဲရိုး ၊ မိုဒရစ် ။ အဆန်ဆီရို ၊ ဘန်ဇီးမား ၊ ဗီနီဆီယပ်

 

 

 

ဒီလို အဆင့်မျိုး ၊ ဒီလို အသင်းကြီးချင်း ရင်ဆိုင်တွေ့ကြရာမှာ ဘယ်သူက အနိုင်ရမယ် ဆိုတာမျိုး ခန့်မှန်းဖို့ မလွယ်ကူပါဘူး ။ ပရိသတ်တွေ ပီပီ ပရိသတ်တွေလိုပဲ ချန်ပီယံလိဂ် ရဲ့ အရသာကို စီးမြော ခံစား လိုက်ကြရအောင်ဗျာ . . . .

 

 

 

SPORTS MYANMAR