မန်ယူနိုက်တက် ကို မေ့ထားပြီး ချဲလ်ဆီး ကို ကျော်တက်နိုင်ရေး အာရုံစိုက် လုပ်ဆောင်ဖို့ တိုက်တွန်းခံလိုက်ရတဲ့ အာဆင်နယ် အသင်းသားများ

ဂန်းနား ကစားသမားဟောင်း လီဒီဇွန် က အာဆင်နယ် အသင်း အနေနဲ့ ဒီရာသီ အဆင့် လေး မှန်းနေမယ့် အစား အဆင့် ၃ နေရာ ရရှိအောင် အဓိကအာရုံစိုက် လုပ်ဆောင် သင့်တယ်လို့ အကြံပေး ပြောကြား လိုက်ပါတယ် ။

အာတီတာ ရဲ့ အာဆင်နယ် အသင်း ဟာ ပရီးမီးယားလိဂ် ပွဲကျန်မှာ ဝုလ်ဗာဟမ်တန် အသင်းကို အနိုင်ယူပြီး အမှတ်ပေး ဇယား အဆင့် ငါးနေရာကို ရောက်ရှိ လာခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ ၂ ပွဲကျန် အနေအထားနဲ့ အဆင့် ၄ က မန်ယူနိုက်တက် နဲ့ တစ်မှတ်သာ ကွာပါတော့တယ် ။

ဒါ့အပြင် အာဆင်နယ်အသင်းဟာ အဆင့် ၆ က ဝက်စ်ဟမ်း ကို ၃ မှတ် ၊ အဆင့် ၇ က ဝုလ်ဗာဟမ်တန် ကို ၅ မှတ် ၊ စပါး ကို ၆ မှတ်အထိ ဖြတ်ထား နိုင်ပါတယ် ။ အာဆင်နယ် အသင်း ကစားဖို့ ကျန်ရှိနေသေးတဲ့ ပွဲတွေက စပါး ၊ ချဲလ်ဆီး တို့နဲ့ အဝေးကွင်းပွဲတွေ ဖြစ်ပါတယ် ။

လီဒီဇွန် ကတော့ သူ့ရဲ့ အသင်းဟောင်း အာဆင်နယ် အသင်း အနေနဲ့ အဆင့် ၃ နေရာက ချဲလ်ဆီး ကို ကျော်တက်နိုင်ဖို့ကိုပါ အာရုံစိုက် လုပ်ဆောင်သင့်တယ်လို့ Amazon Prime မှာ ပြောကြား သွားခဲ့ပါတယ် ။ ချဲလ်ဆီး အသင်း ဟာ အာဆင်နယ် ထက် တစ်ပွဲ ပို ကစားထားပြီး ငါးမှတ် ဖြတ်ထားတာ ဖြစ်ပါတယ် ။

” ကျွန်တော်သာ အာဆင်နယ် အဝတ်လဲခန်း အတွင်းမှာ ရှိနေတဲ့သူဆိုရင် မန်ယူနိုက်တက် ကို ကြည့်နေမှာ မဟုတ်ပါဘူး ၊ ချဲလ်ဆီး အသင်းကို ကျော်တက်နိုင်ရေးကိုပဲ စောင့်ကြည့်နေမှာ ဖြစ်ပါတယ် ။ ”

” ကျွန်တော်တို့ ကစားဖို့ ကျန်နေတဲ့ ပွဲတွေနဲ့ဆို ချဲလ်ဆီး နဲ့ ၂ မှတ်အကွာ အနေအထားကို ရောက်လာဖို့ ရှိပါတယ် ၊ ချဲလ်ဆီး က ချန်ပီယံလိဂ် ပြိုင်ပွဲလည်း ကစားရဖို့ ရှိနေတာကြောင့် ကျွန်တော်တို့ထက် ပွဲပိုများပါတယ် ။ အာဆင်နယ် အသင်း ရှိနေသင့်တဲ့ နေရာ ၊ ရှိခဲ့သင့်တဲ့ နေရာက အဆင့် ၃ နေရာလို့ ကျွန်တော် တော့ ပြောချင်ပါတယ် ၊ သူတို့ အဆင့် ၃ ရရှိရေး ရည်မှန်းချက် ထားသင့်ပါတယ် ။ ”

” တိုနီအဒမ် သာ အာဆင်နယ် အဝတ်လဲခန်းမှာ ရှိနေရင်လည်း မန်ယူနိုက်တက် အကြောင်း မေ့ပြီး ချဲလ်ဆီး နေရာကို ယူကြမယ်လို့ ပြောမှာပါပဲ ။ ဝုလ်ဗ် လို ကစားရခက်ခဲတဲ့ အသင်းနဲ့ ပွဲမှာ အာဆင်နယ် အသင်းက ကောင်းမွန်တဲ့ စရိုက် လက္ခဏာတွေ ပြသ နိုင်ခဲ့ပါတယ် ။ ”

” ဝုလ်ဗ် က နေရာလွတ်တွေ မရှိအောင် ပိတ်ဆို့ ကစားခဲ့ပြီး ဘောလုံးကို လက်လွတ်စပယ် ကန်မထုတ်ပါဘူး ။ နောက်တန်း ငါးယောက် အထိ ပိတ်ဆော့တဲ့ အခါမှာတော့ ကစားရ အတော် ခက်ခဲ သွားခဲ့ပါတယ် ။ ”

” မှန်ကန်တဲ့ လူစားလဲမှုတွေ လုပ်နိုင်ခဲ့တဲ့ နည်းပြ အာတီတာ ကိုတော့ အများကြီး ချီးကျူး ဂုဏ်ပြုရမှာပါ ။ ပေပေ က ပွဲအများကြီး ကစားခွင့် မရပါဘူး ၊ ဒါပေမယ့် သူ က အသင်း အပေါ် အကျိုးပြုနိုင်တဲ့ ကစားသမားပါ ၊ ပြိုင်ဘက် က အထိုင်ချ ကစားနေတော့ ပေပေ ကို ထည့်လိုက်တာက သူတို့ကို လှုပ်လှုပ်ရှားရှား ဖြစ်သွား စေခဲ့ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM