မန်ယူနိုက်တက်ဟာ လွန်ခဲ့တဲ့ ၉၀ ခုနှစ်တွေက လီဗာပူးရဲ့ လမ်းကြောင်းအတိုင်း သွားနေတယ်လို့ ဆိုလိုက်တဲ့ ကတ်ကာရီနို

ချဲလ်ဆီး ကစားသမားဟောင်း ဖြစ်သူ တိုနီကတ်ကာရီနိုက မန်ချက်စတာယူနိုက်တက် အသင်းဟာ ဆုဖလားတွေနဲ့ အလှမ်းဝေးကွာ ခဲ့တဲ့ လွန်ခဲ့တဲ့ ၉၀ ခုနှစ်တွေက လီဗာပူး အသင်းလို ဖြစ်လာတော့မယ် လမ်းကြောင်းပေါ်ကို ရောက်နေတယ်လို့ ဆိုလိုက်ပြီး သရဲနီတို့နဲ့ ပက်သက်ပြီး စိုးရိမ်မိတယ်လို့ ဝန်ခံလိုက်ပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ သောကြာနေ့က ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့ကို ပင်နယ်တီ အဆုံးအဖြတ်မှာ အရေးနိမ့်ကာ အက်ဖ်အေဖလား စတုတ္ထအဆင့် ကနေပဲ ထွက်ခွာ ခဲ့ရပါတယ်။

လက်ရှိ အချိန်မှာတော့ မန်ယူနိုက်တက် အတွက် ဆုဖလား မျှော်လင့်ချက်ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲ အပေါ်မှာပဲ ရှိနေပေမယ့် ဒီရာသီ ၎င်းတို့ရဲ့ ခြေစွမ်းအရ ဒီဖလားကို ဆွတ်ခူးနိုင်ဖို့ဟာ အတော့်ကို အခွင့်အရေး နည်းပါးလှပါတယ်။

ယူနိုက်တက် အနေနဲ့ ဒီရာသီမှာ ချန်ပီယံလိဂ်ဖလား မဆွတ်ခူးနိုင်ခဲ့ဘူးဆိုရင် ဆုဖလားနဲ့ ဝေးကွာနေတာ ၅ ရာသီမြောက် ဖြစ်လာတော့မှာ ဖြစ်ပြီး ကတ်ကာရီနိုက ရှေ့ပိုင်း ဆယ်စုနှစ်တွေမှာ ဆုဖလားတွေ များစွာ ဆွတ်ခူးနိုင်ခဲ့ပေမယ့်လည်း ၉၀ ခုနှစ်ကျော် ကာလတွေမှာ ဆုဖလားတွေနဲ့ ဝေးကွာခဲ့တဲ့ လီဗာပူးလိုမျိုး မန်ယူနိုက်တက် ကလည်း ဖြစ်လာနိုင်တယ်လို့ ဆိုသွားပါတယ်။

ကတ်ကာရီနိုက “ဘောလုံးအသင်း တစ်သင်း အနေနဲ့ အောင်မြင်မှုတွေ ရရှိဖို့ အတွက် ဆိုရင် အရာတော်တော်များများ မှန်ကန်ကာ စိန်ခေါ်မှုတွေကို ကျော်ဖြတ်သွားရမှာ ဖြစ်ပါတယ်။

မန်ယူနိုက်တက် အသင်းကို ကြည့်ရတာ ကာလရှည် sleepwalking ဖြစ်နေတဲ့ ပုံစံပါပဲ။ ဒါဟာ ကစားသမားနဲ့ နည်းပြပိုင်းမှာတင် မကပါဘူး။ ဘောလုံးကလပ် တစ်ခုရဲ့ ကဏ္ဍမျိုးစုံမှာ လူမှန်နေရာမှန် ဖြစ်နေရပါမယ်။

လီဗာပူးဟာ ၉၀ ခုနှစ်ပိုင်းတွေက ဒီလိုမျိုးကာလကို ဖြတ်သန်းခဲ့ရပြီး ၂၀၀၀ ခုနှစ်တွေကို ကူးပြောင်းသွားခဲ့ပါတယ်။ သူတို့ဟာ ဆုဖလားတွေ မရဘဲ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရပါတယ်။ သူတို့ဟာ တိုက်ပွဲတော့ ဝင်နေတာ ပါပဲ။

သူတို့ဟာ ရာဖေးဘင်နီတက်ဇ်ရဲ့ လက်အောက်မှာ ချန်ပီယံလိဂ် နဲ့ အက်ဖ်အေဖလား တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဂျရတ်ဟူလီယာရဲ့ လက်အောက်မှာလည်း ဆုဖလားတွေ ရခဲ့ပါတယ်။ အခြား မန်နေဂျာတွေနဲ့လည်း ဆုဖလား တစ်ချို့ ရခဲ့ပါတယ်။

ဒါပေမယ့် သူတို့ဟာ အခုလိုမျိုး ပရီးမီးယားလိဂ်ဖလားကို အမြဲ စိန်ခေါ်နိုင်တဲ့ အသင်းမျိုး မဟုတ်ခဲ့ပါဘူး။ သူတို့ဟာ မန်စီးတီးလောက် အမှတ်ပေးဖလားကို မရထားခဲ့ပေမယ့်လည်း သူတို့ဟာ ဒီဖလား အတွက် ကောင်းကောင်းတော့ စိန်ခေါ်နိုင်စွမ်း ရှိပါတယ်။

ယူနိုက်တက်ဟာ ဒီအဆင့်နဲ့ အဝေးကြီးပါ။ တစ်ခါတစ်ရံ အသင်းအတွက် အသင့်တော်ဆုံးလူကို ရဖို့ ဆိုတာ အချိန်အကြာကြီး စောင့်ဆိုင်းရတက်ပါတယ်။

မန်ယူနိုက်တက်ဟာ ဖာဂူဆန်မတိုင်မီတုန်းက မန်နေဂျာ အပြောင်းအလဲတွေ ကစားသမား အဝင်အထွက် ကြမ်းကြမ်းနဲ့ ဖိအားများပြီး နာကျင်စရာ ကာလကို ဖြတ်သန်းခဲ့ရပါတယ်။

ဖာဂီရဲ့ လက်အောက်မှာတော့ သူတို့ဟာ ဘောလုံးလောကရဲ့ အမြင့်ဆုံး ဆုဖလား များစွာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ယူနိုက်တက် အတွက် အောင်မြင်မှုဟာ ချန်ပီယံလိဂ် ဝင်ခွင့် ဖြစ်နေပါတယ်။

အခုချိန်မှာတော့ အိုးထရပ်ဖို့ဒ်ကို သွားကစားရခြင်းဟာ ဖာဂီ လက်ထက်တုန်းကလိုမျိုး ခြောက်ခြားစရာ မရှိတော့ပါဘူး။ လုံးဝကို ခြားနားသွားပါပြီ။” လို့ ဆိုလိုက်ပါတယ်။

SM