မန်စီးတီး ရဲ့ မျှော်လင့်ချက်တွေကို ရပ်တန့်နိုင်မယ့် တသင်းတည်းသော အသင်းကို ထုတ်ဖော်ပြောဆိုလိုက်တဲ့ ဂွာဒီယိုလာ

မန်ချက်စတာ စီးတီး အသင်းရဲ့ နည်းပြကြီး ပက် ဂွာဒီယိုလာ က ဂျာဂင် ကလော့ ရဲ့ လီဗာပူး ဟာ ဒီရာသီ သူ့ အသင်းရဲ့ အဓိက ရည်မှန်းချက်တွေ ကို တားဆီး ရပ်တန့်နိုင်ချေ ရှိတဲ့ တသင်းတည်းသော အသင်း ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

 

စီးတီး ဟာ ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ် ဖလားတွေ ကို အဓိက မျှော်မှန်း ထားပြီး ဒီလမ်းကြောင်း ၂ ခုစလုံးမှာ လီဗာပူးဟာ အကြီးမားဆုံးသော အတားအဆီး အဖြစ် တည်ရှိ နေတယ်လို့ ဂွာဒီယိုလာ က ပြောဆို ခဲ့တာပဲ ဖြစ်ပါတယ် ။

 

 

ဂျာဂင် ကလော့ ဟာ နောက်ပိုင်း နှစ်တွေမှာ ပက်ဂွာဒီယိုလာ ရဲ့ အဓိက ပြိုင်ဘက် ဖြစ်လာခဲ့ပြီး ဂျာမနီ နဲ့ အင်္ဂလန် မြေပေါ်မှာ သူတို့ ၂ ဦး ၂၂ ကြိမ် ရင်ဆိုင် ဆုံတွေ့ ထားခဲ့ကြပါတယ် ။

 

ဒါဟာ ဂွာဒီယိုလာ အတွက် မော်ရင်ဟို ပြီးပါက ( ၂၅ ကြိမ် ) ဒုတိယ အများဆုံး ဖြစ်ပြီး သူတို့ အကြားမှာ နိုင်ပွဲ ၉ ပွဲစီ နဲ့ ဟန်ချက်ညီမျှ နေကြပါတယ် ။

 

 

လီဗာပူး ဟာ ပရီးမီးယားလိဂ် မှာ မန်စီးတီး နဲ့ ၆ မှတ် အကွာကနေ လိုက်လံ ဖိအားပေးနေပြီး ချန်ပီယံလိဂ် မှာလည်း စီးတီး ၊ PSG တို့နဲ့ အပြိုင် ဗိုလ်စွဲဖို့ ရေပန်း အစားဆုံး အသင်းအဖြစ် တည်ရှိနေခဲ့ ပါတယ် ။

 

စပို့တင်း ကို ၅-၀ နဲ့ အနိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းဆင့် ပွဲအပြီးမှာတော့ ဂွာဒီယိုလာ က လီဗာပူး ရဲ့ အဟန့်အတား ဖြစ်လာ နိုင်ချေကို အခုလို ထုတ်ဖော်ပြောဆို သွားခဲ့ ပါတယ် ။

 

 

“ကျွန်တော်တို့ ကို ဥရောပပွဲတွေ ကနေ ကန်ထုတ်နိုင်တဲ့ အသင်းလား ? ပရီးမီးယားလိဂ်မှာ ၆ မှတ် အကွာနဲ့ လိုက်နေတဲ့ အသင်း ( လီဗာပူး ) ပါပဲ ။

 

လွန်ခဲ့တဲ့ ရာသီအနည်းငယ် ကစပြီး သူတို့ဟာ ကျွန်တော်တို့ရဲ့ အဓိက ပြိုင်ဘက် ဖြစ်လာခဲ့တာပါ ။

 

စအို၀ က အနာလိုပါပဲ ၊ အမြဲတမ်း ရှိနေပါတယ် ( ဖလားတိုင်းမှာ လီဗာပူး က အနှောက်အယှက်ပေးပုံကို အိမ်သာတက်တိုင်း နာကျင်ရပုံ နဲ့ ခိုင်းနှိုင်းပြောဆို )” လို့ ဂွာဒီယိုလာ က ပြောဆို သွားခဲ့ ပါတယ် ။

 

 

ဆက်လက်ပြီး ချန်ပီယံလိဂ် ၂ ကြိမ် ရယူထားတဲ့ နည်းပြကြီး က ဥရော ပြိုင်ပွဲတွေဟာ ထူးခြားပြီး အကောင်းဆုံး အသင်း ၊ ရေပန်းအစားဆုံး အသင်းတွေက အမြဲတမ်း ဗိုလ်မစွဲ တတ်ကြောင်းလည်း ရှင်းပြ သွားခဲ့ ပါတယ် ။

 

စီးတီး ဟာ မနှစ်တုန်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲ အထိ ရောက်ခဲ့ပြီး ချဲလ်ဆီးကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ရ ပါတယ် ။

 

 

 

“မနှစ်က ချန်ပီယံလိဂ်မှာ ကျွန်တော်တို့ ၁၄ ပွဲ ၁၅ ပွဲလောက် ကစားခဲ့ရ ပါတယ် ။ ၁၂ ပွဲ နိုင်ခဲ့တယ် ၊ သရေ တပွဲလောက်ပဲကျပြီး ဗိုလ်လုပွဲ မှာ ရှုံးခဲ့ ပါတယ် ။

မနှစ်က စွမ်းဆောင်ရည်ထက် ပိုကောင်းအောင် လုပ်ပြ နိုင်ဖို့ ဆိုတာ တော်တော်လေး မဖြစ်နိုင်တဲ့ ကိစ္စ ပါပဲ ။

 

လူတွေက ပြောကြတယ် . . . ကျွန်တော်တို့ ဒီနှစ် ဗိုလ်စွဲ နိုင်တယ်ပေါ့ ၊ အမှန်က နှစ်တိုင်း ဗိုလ်စွဲဖို့ ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ကစားနေခဲ့တာပါ” လို့ ဂွာဒီယိုလာ က ပြောဆို သွားခဲ့ ပါတယ် ။

 

 

 

ဒါ့အပြင် ဂွာဒီယိုလာ က သူ့ရဲ့ ကစားသမားတွေ အပေါ် ထိန်းသိမ်း တဲ့ နည်းဗျူဟာ ကိုလည်း ထုတ်ဖော် ပြောပြ သွားခဲ့ပါတယ် ။

 

စီးတီး ဟာ ဒီနှစ်မစခင်မှာ အဓိက တိုက်စစ်မှူး အဂွေရို ကို လက်လွှတ် ထားပြီး ဟယ်ရီကိန်း ၊ ဟာလန်း တို့လို သတင်းကြီး နေတဲ့ ထိပ်တန်း တိုက်စစ်မှူးတွေကို ပြန်လည် မဝယ်ယူ ၊ အားမဖြည့် ခဲ့ပေမယ့် ပရီးမီးယားလိဂ် နဲ့ ဥရောပ တို့မှာ ဂိုးသွင်းအား ကောင်းကောင်းနဲ့ ချီတက် နိုင်ခဲ့ ပါတယ် ။

 

 

“ဒီအသင်းမှာ ၆ ရာသီကြာအောင် အတူ ရှိနေပြီးတဲ့ နောက်မှာတော့ ကစားသမားတွေ ကို အရာရာတိုင်းကို အနိုင်ယူချင်စိတ် ရှိအောင် ဆက်လုပ်ပေး ထားဖို့က အဓိက အကျဆုံး ဖြစ်တယ်ဆိုတာ သဘောပေါက်လာခဲ့ ပါတယ် ။

 

အခု အသင်းက ပြိုင်စရာ မရှိရင် အချင်းချင်း နေရာရဖို့ အတွက် ပြိုင်ဆိုင် နေကြတာပါ ။ ရာဟင်း စတာလင် နဲ့ ဘာနာဒို ဆေးလ်ဗား တို့ကိုပဲ ကြည့်ပါ ။ ဒါက တကယ်ကောင်းတဲ့ အရာတခုပါပဲ” လို့ ဂွာဒီယိုလာ က ပြောဆို သွားခဲ့ ပါတယ် ။

 

 

 

SPORTS MYANMAR