မန်စီးတီးနဲ့ ရင်ဆိုင်ရာမှာ ခံစစ်ကို အထိုင်ကျမကစားတဲ့ အသင်း ၅ သင်းကို ပြောပြလိုက်တဲ့ ဂွာဒီယိုလာ

ပက်ဂွာဒီယိုလာက ပရီးမီးယားလိဂ်ရဲ့ အသင်း အများစုဟာ သူ့ရဲ့ မန်ချက်စတာစီးတီး အသင်းနဲ့ ရင်ဆိုင်ကစားရာမှာ ခံစစ်ကို အထိုင်ချကာ တန်ပြန်တိုက်စစ်နဲ့ ကစားလေ့ ရှိတယ်လို့ ဆိုလိုက်ပြီး အသင်း အနည်းငယ်သာ ဒီလို မကစားတာလို့ ပြောသွားပါတယ်။ ဂွာဒီယိုလာက ပရီးမီးယားလိဂ် အသင်း ၅ သင်းသာ သူတို့ကို အပြန်အလှန် တိုက်စစ်ဆင် ကစားခဲ့တယ်လို့ ဆိုလိုက်ပြီး ဒီအသင်းတွေဟာ title race မှာ သူတို့ကို ဖိအားပေးနေတဲ့ လီဗာပူး ၊ မီခေးအာတီတာရဲ့ အာဆင်နယ် ၊ ဘရိုက်တန် ၊ လိဒ်ယူနိုက်တက် နဲ့ အက်စတွန်ဗီလာ တို့ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံဟာ ပြီးခဲ့တဲ့ စနေနေ့က ဂွတ်ဒီဆင်ပက်မှာ အဲဗာတန်ကို ဖီးလ်ဖိုဒန်ရဲ့ ဂိုးနဲ့ ၁-၀ နဲ့ ခက်ခက်ခဲခဲ အနိုိုင်ခဲ့ပြီးနောက် title race မှာ လီဗာပူးကို ၆ မှတ်အသာနဲ့ ဦးဆောင်နေပါတယ်။ ဒီပွဲစဉ်မှာ အငြင်းပွားစရာ ဖြစ်ခဲ့ပြီး ပင်နယ်တီ ဧရိယာအတွင်း ရိုဒရီရဲ့ သိသာထင်ရှားတဲ့ လက်ထိဘောကို VAR ဒိုင်က ပင်နယ်တီ အဖြစ် မသတ်ခဲ့တာ ဖြစ်ပြီး ဒိုင်တွေရဲ့ ညံ့ဖျင်းမှုတွေကို အပြင်းအထန် ဝေဖန်နေကြပါတယ်။

ပရီးမီးယားလိဂ် အသင်း အများစုဟာ မန်စီးတီးနဲ့ ရင်ဆိုင်ရာမှာ ခံစစ်ကို အထိုင်ချကစားလေ့ ရှိတဲ့ အပေါ် မေးမြန်းရာမှာ ပက်က “ကျွန်တော်တို့ဟာ သူတို့ကို ဒီလိုမျိုး အခြေအနေ ဖြစ်အောင် တွန်းပို့တယ် ဆိုတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လီဗာပူး ဘရိုက်တန် အာဆင်နယ် အက်စတွန်ဗီလာ နဲ့ လိဒ်ယူနိုက်တက် တို့ကလွဲပြီး ကျန်အသင်း အများစု ကတော့ ဒီလိုမျိုး ကစားခဲ့ပါတယ်။ ကျန်အသင်းတွေ အားလုံးက ခံစစ်ကို အထိုင်ချ ကစားပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ ကောင်းမွန်တဲ့ build-up လုပ်တဲ့ အခါကျရင် သူတို့ဟာ ခံစစ်ကို အထိုင်ချလိုက်ပါတယ်။ ဒါပေမယ့် ဒီလို ကစားတာနဲ့ ပက်သက်ပြီး တစ်စုံတစ်ရာ မှားယွင်းမှု ရှိတယ်လို့ ကျွန်တော် ပြောနေတာ မဟုတ်ပါဘူး။ မန်နေဂျာတိုင်းဟာ သူတို့ အလို ရှိတာကို လုပ်နိုင်ပါတယ်။ သူတို့ရဲ့ ခံစစ်ကို ဖောက်ထွင်းဖို့ဟာ ကျွန်တော်တို့ လက်ထဲမှာပါ။ high pressing အသင်းတွေကို ဘယ်လို ရင်ဆိုင်ရမလဲ အသင်းတွေ ခံစစ်ကို အထိုင်ချကစားရင် ဘယ်လို လုပ်ရမလဲဆိုတာ ကျွန်တော်တို့ သိနေရမှာပါ။

နည်းဗျူဟာတွေ ထဲက တစ်ခု ကတော့ စိတ်ရှည်ဖို့ပဲ ဖြစ်ပါတယ်။ ပြီးတော့ ဂိုးမပေးရဖို့ ခံစစ်ကြောင်းကို တိုက်ရိုက်ပြေးလွှားမှုတွေ မလုပ်ဖို့ နဲ့ တန်ပြန်တိုက်စစ်တွေ ခွင့်မပြုဖို့ ဖြစ်ပြီး စိတ်ရှည်ရှည် ကစားကာ အချိန်ကောင်းမှာ ကျွန်တော်တို့ ဂိုးသွင်းနိုင်စွမ်း ရှိပါတယ်။ ကျွန်တော်တို့ ဒီလိုမျိုး ဆက်လုပ်သွားဖို့ လိုအပ်ပါတယ်။” လို့ ပြောလိုက်ပါတယ်။

ဆက်လက်ပြီး ဂွာဒီယိုလာက စီးတီး ပရိတ်သတ်တွေ အနေနဲ့ လက်ကျန် ၁၁ ပွဲမှာ အဲဗာတန်နဲ့ ပွဲစဉ်က ရလဒ်မျိုးတွေကိုသာ အများစု မြင်တွေ့ရလိမ့်မယ်လို့ ဆိုခဲ့ပြီး ရာသီအစပိုင်းကလိုမျိုး ၇-၀ ၅-၀ ရလဒ်တွေကို မြင်တွေ့ရမယ့် နေ့ရက်တွေဟာ ပြီးဆုံးသွားပြီလို့ သတိပေးခဲ့ပါသေးတယ်။

SM