မန်စီးတီးနားကို ၃ မှတ်တိုးမယ့် လီဗာပူး ၊ လန်ဒန် ၂ သင်းရဲ့ အဆင့် ၄ အိပ်မက်တွေနဲ့ . . . ကြားရက် ပရီးမီးယားလိဂ် ပွဲကျန်တွေအတွက် ခန့်မှန်းချက်များ

ဒီတပတ် ကြားရက်မှာတော့ အကြောင်းကြောင်းကြောင့် ရွှေ့ဆိုင်း ထားခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲကျန် အချို့ ကို ယှဉ်ပြိုင် ကစား သွားကြမှာ ဖြစ်ပါတယ် ။

မြန်မာ စံတော်ချိန် မနက်ဖြန် နံနက် နဲ့ သန်ဘက်ခါ နံနက်တွေမှာ ပွဲကျန် ၄ ပွဲ ကစားသွားမှာ ဖြစ်ပြီး လီဗာပူး ၊ အာဆင်နယ် ၊ တော့တင်ဟမ် ဟော့စပါး တို့ရဲ့ ပွဲတွေ ပါဝင်နေပါတယ် ။

လီဗာပူး ဟာ မန်စီးတီး နဲ့ ၆ မှတ်ကွာဟမှုကို ကျဉ်းမြောင်းအောင် လုပ်ဖို့ အခွင့်အရေး ရှိနေပြီး အာဆင်နယ် နဲ့ စပါးတို့ တော့ အဆင့် ၄ မျှော်လင့်ချက်တွေ အတွက် ပွဲကျန်တွေကို အကောင်းဆုံး အသုံးချနိုင်ဖို့ ကြိုးစား ကြရမှာပါ ။

ဒါကြောင့် ဒီကြားရက်မှာ ကစားကြမယ့် ပရီးမီးယားလိဂ် ပွဲကျန်တွေ အတွက် Sky Sports က လူးဝစ်ဂျုံးစ် ရဲ့ ခန့်မှန်းချက်တွေကို ဖော်ပြ ပေးလိုက်ရပါတယ် ။

၁ ။ ဘန်လေ – တော့တင်ဟမ် ဟော့စပါး

မန်စီးတီး ကို အနိုင် ကစားလိုက်တာက စပါး အသင်းသားတွေရဲ့ စိတ်ဓါတ်တွေကို အများကြီး တိုးတက် သွားစေမှာပါ ။

၂ သင်းစလုံးကတော့ ပိတ်ရက်တုန်းက ရလဒ်တွေ လှခဲ့ကြပါတယ် ။

ဘန်လေ ရဲ့ တပ်ဖ်မော် ဟာ ကစားရ ခက်တဲ့ နေရာတခု ဖြစ်ပြီး လီဗာပူးတောင်မှ ခက်ခက် ခဲခဲ အနိုင်ယူ ခဲ့ရတာပါ ။

အခုလည်း စပါးတို့ ဒီလိုပဲ ခက်ခက် ခဲခဲ ကစားရဦး မှာပါပဲ ။

ဆွန်ဟောင်မင် ၊ ဟယ်ရီကိန်း တို့ ဂိုးပေါက် ပြန်တွေ့လာကြသလို အသစ်ခေါ်ထားတဲ့ ကူလူဆက်ဗ်စကီး ကလည်း အားကိုးလို့ ရနေပါပြီ ။ ဒီလူတွေရဲ့ အားနဲ့ပဲ စပါးတို့ အဖိုးတန်အမှတ်ကို ရှာတွေ့ သွားမှာပါ ။

ခန့်မှန်းချက် – ဘန်လေ ၀ – ၁ စပါး

၂ ။ လီဗာပူး – လိဒ်ယူနိုက်တက်

ဒီပွဲပြီးသွားရင် မန်စီးတီးနဲ့ လီဗာပူးကြားမှာ ၃ မှတ်ပဲ ကွာသွားတော့မှာပါ ။ ၃ မှတ်ဆိုတာ မိနစ် ၉၀ တည်းနဲ့ ဘာမဆို ဖြစ်လို့ရတဲ့ အနေအထားပါပဲ ။ ဒီဆွဲဆောင်မှုကပဲ လီဗာပူး ကို တားဆီးလို့ မရအောင် ဖြစ်စေမှာပါ ။

ယူနိုက်တက် နဲ့ ကစားခဲ့တဲ့ ပွဲမှာ လိဒ် ရဲ့ ခံစစ်က ယုံကြည်အားကိုးလို့ မရနိုင်ဘူးဆိုတာကို ထပ်ပြီး ပြသခဲ့ ပါတယ် ။

အခု သူတို့ ရင်ဆိုင်ရမယ့် လီဗာပူး က မန်ချက်စတာ ယူနိုက်တက်ထက် ပိုကောင်းနေတဲ့ အသင်းပါ ။

လိဒ် အတွက် လုပ်စရာက တခုတည်း ရှိပါတယ် ။ ဂိုးတွေ အများကြီး မပေးရအောင် ဆုတောင်းရုံပါပဲ ။

ခန့်မှန်းချက် – လီဗာပူး ၄-၁ လိဒ်ယူနိုက်တက်

၃ ။ အာဆင်နယ် – ဝုဗ်

ဒီပွဲကတော့ ကြားရက် ပွဲတွေထဲမှာ စိတ်ဝင်စားဖို့ အကောင်းဆုံး နဲ့ အကျိတ်အနယ် အရှိဆုံးပွဲ ဖြစ်လာမှာပါ ။

၂ သင်းစလုံးဟာ အဆင့် ၄ နေရာအတွက် မျှော်လင့်ချက် ကိုယ်စီ ရှိနေကြပါတယ် ။ တနင်္ဂနွေ တုန်းက လက်စတာ ကို အနိုင် ကစားနိုင်ခဲ့တာက ဝုဗ် အတွက် အများကြီး အားတက်စေခဲ့ မှာပါ ။

ဝုဗ် ဟာ ဒီရာသီမှာ စပါး ၊ မန်ယူနိုက်တက် တို့ကို အဝေးကွင်းတွေမှာ ဂိုးမပေးရဘဲ အနိုင်ယူထားခဲ့ ပါတယ် ။

ဂိုးသမား ဟိုဆေးဆာ ကလည်း ဒီနှစ် ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး ခေါ်ယူမှုလို့တောင် ပြောနေကြပါပြီ ။

အာဆင်နယ် ဘက်မှာလည်း ဆာကာ ပိုပြီး ကောင်းလာသလို အခြား တိုက်စစ်သမားတွေ ရဲ့ ချိတ်ဆက် ကစားပုံတွေ ကလည်း ကောင်းမွန်ပါတယ် ။

ဒါပေမယ့် ဝုဗ် ရဲ့ တိုက်စစ်ပိုင်းကိုလည်း လျော့တွက်လို့ မဖြစ်ပါဘူး ။ ဂိုးနည်းနည်းနဲ့ သရေကျသွားဖို့ များတယ်လို့ပဲ ဆိုရမှာပါ ။

ခန့်မှန်းချက် – အာဆင်နယ် ၁ – ၁ ဝုဗ်

၄ ။ ဝက်ဖိုဒ့် – ခရစ္စတယ် ပဲလေ့စ်

ပုံမှန်ဆိုရင်တော့ ဒီပွဲကို ခရစ္စတယ်ပဲလေ့စ် နိုင်ဖို့ များပါတယ် ။ ဒါပေမယ့် ဝက်ဖိုဒ့် နည်းပြသစ် ဖြစ်လာတဲ့ ရွိုင်းဟော့ဆန် က ပဲလေ့စ် က ကစားသမား အတော်များများ ကို ကိုင်တွယ်ခဲ့သူပါ ။ ဒါက အခုပွဲအတွက် အိမ်ရှင် ဘက်ကို အားသာချက် ရှိနေ နိုင်ပါတယ် ။

အထူးသဖြင့် ပဲလေ့စ် တောင်ပံ ကစားသမား ဇာဟာ ကို ဘယ်လိုထိန်းချုပ် မလဲဆိုတာနဲ့ ပတ်သက်ပြီးလို့ပေါ့ ။

ခန့်မှန်းချက် – ဝက်ဖိုဒ့် ၁ – ၁ ပဲလေ့စ်

 

SPORTS MYANMAR