မန်ချက်စတာယူနိုက်တက် ရဲ့ အပ်ကြောင်းထပ် ရလဒ် အပေါ် နည်းပြ ရန်းနစ် ဘာတွေ ပြောသွားခဲ့သလဲ ?

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ယာယီ နည်းပြ ရပ်ဖ်ရန်းနစ် ဟာ ဆောက်သမ်တန် နဲ့ သရေကျခဲ့တဲ့ ပွဲအပေါ် သူ့ရဲ့ စိတ်ပျက်မှုကို ဖုံးကွယ် မထားဘဲ ထုတ်ပြောသွားခဲ့ ပါတယ် ။

 

ယူနိုက်တက် ဟာ မနေ့ညက ပရီးမီးယားလိဂ် ပွဲစဉ် ၂၅ အဖြစ် ဆောက်သမ်တန် အသင်းကို အိမ်ကွင်း မှာ လက်ခံ ကစားခဲ့ပြီး ၁ ဂိုးစီ သရေ ရလဒ် ထွက်ပေါ် ခဲ့ပါတယ် ။

ဒီသရေ ပွဲကြောင့် ယူနိုက်တက် တို့ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲ ( အမှတ်ပေး ) မှာ တတိယမြောက် သရေပွဲ ဖြစ်လာ စေခဲ့ပြီး အဆင့် ၄ မျှော်လင့်ချက် အတွက် ပိုမို ခက်ခဲ သွားဖို့ ရှိလာစေခဲ့ ပါတယ် ။

 

 

 

ယူနိုက်တက် ဟာ ပထမပိုင်းမှာ ကစားပုံ ကောင်းမွန် ခဲ့ပြီး ဂျေဒန် ဆန်ချို ရဲ့ သွင်းဂိုး နဲ့ ဦးဆောင် နိုင်ခဲ့ ပါတယ် ။ အဆိုပါ ဂိုးမရခင် ကလည်း ဆန်ချို ၊ ရိုနယ်ဒို တို့ အခွင့်အရေးတွေ ရှိခဲ့ ကြပေမယ့် ဂိုးအဖြစ် မပြောင်းလဲ နိုင်ခဲ့ ပါဘူး ။

ဒုတိယပိုင်း မှာတော့ ဆောက်သမ်တန် တိုက်စစ်မှူး ချီ အဒမ် က ချေပဂိုး ပြန်သွင်းယူ သွားခဲ့ ပါတယ် ။

 

အဲ့ဒိ နောက်ပိုင်းမှာတော့ ၂ သင်းစလုံး အခွင့်အရေး ကိုယ်စီ ရခဲ့ကြပြီး ဂိုးသမား ၂ ယောက်ရဲ့ လက်စွမ်းပြ ကာကွယ်မှုတွေကြောင့် သရေ ရလဒ်နဲ့သာ အဆုံးသတ် ခဲ့ရ ပါတယ် ။

 

 

ယူနိုက်တက် ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ ညတုန်းကလည်း ဘန်လေ အသင်းကို အခုလို ပုံစံမျိုး နဲ့ သရေ ကျအောင် ကစားခဲ့ပြီး နောက်တန်းတွေ ရဲ့ ထပ်ခါ ထပ်ခါ ကျူးလွန် နေတဲ့ အမှားတွေ ၊ တိုက်စစ်သမားတွေ ရဲ့ ဂိုးကံခေမှု တွေဟာ ပရိသတ်တွေကို အကြိမ်ကြိမ် စိတ်ပျက် စေခဲ့ရ ပါတယ် ။

နည်းပြ ရန်းနစ် ကတော့

 

“ကံမကောင်းဘူးလို့ပဲ ပြောရမှာပါ ။ ပြီးခဲ့တဲ့ ပွဲတွေ တုန်းကလို အဖြစ်မျိုး အခုညမှာလည်း ထပ်ပြီး ကြုံခဲ့ရ ပြန်ပါပြီ ။

ပထမပိုင်း ကစားပုံက အရမ်း ကောင်းခဲ့ ပါတယ် ။ မိနစ် ၆၀ လောက် အထိ ကောင်းနေ သေးတယ်လို့ ပြောလို့ ရပါတယ် ။

 

တန်ပြန် တိုက်စစ် ကစားတာ ၊ အဝေးပေးပြီး အသင်းလိုက် ပြေးလွှား ကစားတာတွေမှာ ကျွန်တော်တို့ လုပ်နိုင်စွမ်း ရှိသမျှ အကောင်းဆုံး လုပ်ခဲ့ ကြတာပါပဲ”

 

 

“အခွင့်အရေး ဖန်တီးပုံတွေ ၊ ဂိုးသွင်းဖို့ ချိတ်ဆက်တာတွေ အားလုံးကလည်း ကျွန်တော်တို့ ပြင်ဆင် လေ့ကျင့် ထားတဲ့ အတိုင်း ဖြစ်ခဲ့တာပါ ။

 

ဆန်ချို ရဲ့ ဂိုးကလည်း အသင်းလိုက်သွင်းဂိုးကောင်း တခုပါပဲ ။ ဒါပေမယ့် နောက်ပိုင်းမှာ ကျွန်တော်တို့ ဒါတွေကို ဆက်မလုပ် နိုင်ခဲ့တော့ ပါဘူး ။ ပထမပိုင်းပြီးသွား ကတည်းက ဒါတွေ ပြီးသွား သလိုပါပဲ”

 

 

 

“ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပုံစံတွေ ခနခန ပျက်ခဲ့ ပါတယ် ။ အထူးသဖြင့် ပြန်စတဲ့ မိနစ် ၂၀ လောက်မှာပေါ့ ။

 

ခံစစ် ကလည်း အစီအစဉ် မကျခဲ့ ပါဘူး ။ တိုက်စစ် ခံစစ် အကူးအပြောင်းတွေ ရုန်းကန် လာရပါတယ် ။ ပြီးတော့ ဂိုးပေး လိုက်ရ တော့တာပါပဲ ။

 

ပြီးခဲ့တဲ့ ပွဲတိုင်းမှာ ကျွန်တော်တို့ ရသင့်တဲ့ ဂိုးက ၁ ဂိုးနဲ့ အထက် ရှိခဲ့တာကို အားလုံး သိကြမှာပါ ။ ဒါပေမယ့် အဆုံးသတ် မှာတော့ ၁ ပွဲကို ၁ ဂိုးနဲ့ပဲ ပြီးသွားခဲ့ ပါတယ်”

 

 

 

“အခုလို ရလဒ်မျိုး ဖြစ်လာရတာက ကျွန်တော်တို့ရဲ့ အားနည်းချက်ချည်းပဲတော့ မဟုတ်ပါဘူး ။

 

ဆောက်သမ်တန် က တော့တင်ဟမ် ဟော့စပါး ကို ကစားခဲ့တဲ့ ပုံစံအတိုင်း ၊ အဲ့ဒိ ပွဲတုန်းက အားမာန် အတိုင်း ကစားသွားခဲ့ တာပါ ။ ဒီရလဒ် အတွက် သူတို့ရဲ့ အားထုတ်မှုက ထိုက်တန်ခဲ့ ပါတယ် ။

 

ဒါပေမယ့် ကျွန်တော်တို့ ရဲ့ အားထုတ်မှုတွေ ကျဆင်း သွားတာက ပိုပြီး အဓိက ကျခဲ့တယ်လို့ ဆိုရမှာပါ”

 

 

“ဒါကြောင့် ကျွန်တော်တို့ ပိုကောင်းလာအောင် လုပ်ဖို့တွေ ရှိသေးတယ် ၊ ပိုကောင်း လာနိုင်သေးတယ်လို့ ပြောခဲ့ တာပါပဲ ။

 

ဒီလွဲချော်ခဲ့တဲ့ ၊ မရလိုက်တဲ့ ဂိုးတွေသာ ဝင်ခဲ့မယ် ၊ ရခဲ့မယ် ဆိုရင် ပွဲတိုင်းကို ၃-၄ ဂိုးလောက်နဲ့ အဆုံးသတ် နိုင်မှာပါ ။

 

အခုတော့ စိတ်ပျက်စရာ နဲ့ပဲ အဆုံးသတ်ခဲ့ရ ပြန်ပါတယ်” လို့ ရန်းနစ် က ပြောဆို သွားခဲ့ ပါတယ် ။

 

 

မန်ချက်စတာ ယူနိုက်တက် ဟာ မနေ့ညက ပွဲတွေ ကစားပြီးသည်အထိ အဆင့် ၅ နေရာမှာ ရမှတ် ၄၀ နဲ့ ရပ်တည်နေပါတယ် ။

 

ယူနိုက်တက် ရဲ့ အောက်မှာတော့ အာဆင်နယ် က ၂ ပွဲလျော့ ၁ မှတ် အကွာ ၊ စပါး က ၃ ပွဲလျော့ ၄ မှတ်အကွာ ၊ ဝုဗ် က ၂ ပွဲလျော့ ၆ မှတ် အကွာတွေနဲ့ ရပ်တည်နေကြပါတယ် ။

 

 

 

ယူနိုက်တက် ဟာ လာမယ့် ကြားရက် မှာတော့ ချန်ပီယံလိဂ် ၁၆ သင်းဆင့် ပွဲစဉ် အဖြစ် စပိန် လာလီဂါ ထိပ်သီး အက်သလက်တီကို မက်ဒရစ် အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ် ။

 

 

 

SPORTS MYANMAR