ဘိုင်ယန်မြူးနစ် အသင်းဟာ နောက်ကျ ချေပဂိုးကို ထိုက်ထိုက်တန်တန် ရရှိ ခဲ့တာ ဖြစ်တယ်လို့ ဆိုတဲ့ နာဂျယ်စ်မန်း

ဂျာမန် ဘီလူးကြီး ဘိုင်ယန်မြူးနစ် အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက် အဆင့် ပထမအကျော့မှာ ဩစတီးယား ကလပ် ဆာလ်ဇ်ဘာ့ဂ် အသင်းကို ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ကိုးမန်း ရဲ့နောက်ကျ ချေပဂိုးကြောင့်သာ ရှုံးပွဲ မကြုံတွေ့ ခဲ့တာပါ ။ 

ဘိုင်ယန်မြူးနစ် အသင်း နည်းပြ နာဂျယ်စ်မန်း ကတော့ သူတို့ အသင်းဟာ ပထမပိုင်းမှာ အမှားတွေ အများကြီး လုပ်ခဲ့ပေမယ့် နောက်ကျ ချေပဂိုး နဲ့တော့ ထိုက်တန်မှု ရှိခဲ့ကြောင်း ပြောကြား လိုက်ပါတယ် ။

 

ဘိုင်ယန်မြူးနစ် အသင်းဟာ ဒီတစ်ပတ် လိဂ်ပြိုင်ပွဲမှာ ဘိုချမ် အသင်းကို ဂိုးပြတ် ရှုံးပွဲ ကြုံတွေ့ ခဲ့ရပြီးနောက် ချန်ပီယံလိဂ် မှာလည်း ရှုံးပွဲ ထပ်တွေ့ဖို့ နီးစပ် ခဲ့ပါတယ် ။ ဘိုင်ယန် မြူးနစ် အသင်းဟာ ဆာလ်ဇ်ဘာ့ဂ် ရဲ့ ဂျူနီယာ အဒါမူ ရဲ့ ၂၁ မိနစ် သွင်းဂိုးကို ပွဲချိန် မိနစ် ၉၀ ကျမှ ပြန်လည် ချေပ နိုင်ခဲ့တာပါ ။

ကိုးမန်း ရဲ့ချေပဂိုးကြောင့် ဘိုင်ယန်မြူးနစ် အသင်းဟာ ချန်ပီယံလိဂ်မှာ အဝေးကွင်း ရှုံးပွဲ မရှိတာ ၂၂ ပွဲဆက် ရှိသွား ခဲ့ပြီ ဖြစ်ပါတယ် ။ နာဂျယ်စ်မန်း ကတော့ ပွဲအပြီး DAZN နဲ့ အင်တာဗျူးမှာ အသင်းရဲ့ စွမ်းဆောင်ရည် နဲ့ ပတ်သက်ပြီး ခုလို မှတ်ချက် ပေးသွားခဲ့ပါတယ် ။

” ဘိုချမ် အသင်း နဲ့ ပွဲကလိုပဲ ကျွန်တော်တို့ ဒုတိယပိုင်းမှာ ပိုကောင်းတဲ့ စွမ်းဆောင်ရည် ပြသ နိုင်ခဲ့ပါတယ် ။ ပထမပိုင်းမှာတော့ ပြိုင်ဘက်ကွင်းဘက်ခြမ်းမှာ ကျွန်တော်တို့ အမှားတွေ အများကြီး ပြုလုပ်ခဲ့ပြီး ဘောလုံး ဆုံးရှုံးမှု အတော်များ ခဲ့ပါတယ် ။ ”

” ကျန်တဲ့ ခံစစ်ပိုင်းကလည်း မကောင်းခဲ့ပါဘူး ၊ ပေးလိုက်ရတဲ့ ဂိုးဆို အလွယ်တကူ ကာကွယ်လို့ ရတဲ့ အနေအထားပါ ၊ ကာကွယ်လို့ လွယ်တဲ့ ဂိုးတစ်ဂိုးကို ခွင့်ပြုလိုက်ရတာ ဖြစ်ပါတယ် ၊ တိုက်စစ် ကစားတော့လည်း လုံလောက်တဲ့ ဖိအားပေးမှုမျိုးလည်း မလုပ်နိုင်ခဲ့ပါဘူး ။ ”

 

” ချေပဂိုး ကတော့ ထိုက်ထိုက်တန်တန် ရရှိ ခဲ့တာပါ ၊ ခံစစ် ကစားပုံကတော့ အန္တရယ် များခဲ့တာ အမှန်ပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။ ဆာလ်ဇ်ဘာ့ဂ် အသင်း ရဲ့ပွဲထွက် လူစာရင်းဟာ ပျှမ်းမျှ ၂၃ နှစ် ၂၄၂ ရက်သာ ရှိပြီး ၂၀၀၃ ခုနှစ် နောက်ပိုင်း ရှုံးထွက် အဆင့် ပွဲစဉ်တွေမှာ အသက်ငယ်ဆုံး လူစာရင်း ဖြစ်ပါတယ် ။

SM