ဘာစီလိုနာ အသင်းမှာ ခဏတာပဲ ကစားခဲ့ရပေမယ့် အသင်း အပေါ် သံယောဇဉ် ကြီးမားတဲ့ အဂွေးရိုး

နှလုံး ပြဿနာကြောင့် ကစားသမား ဘဝ ကနေ အနားယူ လိုက်ရတဲ့ အဂွေးရိုး ဟာ မနေ့ညက အသင်းဟောင်း နှစ်သင်း ရဲ့ ထိပ်တိုက် တွေ့ဆုံမှု ကို အားပေး ကြည့်ရှု ခဲ့ပြီး ပွဲအပြီးမှာတော့ အနိုင်ရသွားတဲ့ ဘာစီလိုနာ အသင်း နဲ့ အသင်းဖော်ဟောင်းတစ်ဦးကို ချီးကျူး ဂုဏ်ပြု သွားခဲ့ပါတယ် ။

အဂွေးရိုး ဟာ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝကို အာဂျင်တီးနား ကလပ် Independiente မှာ စတင် ခဲ့သူ ဖြစ်ပါတယ် ။ အဲ့ဒီနောက်မှာတော့ အက်သလက်တီကို မက်ဒရစ် ၊ မန်ချက်စတာ စီးတီး အသင်းတွေမှာ ကစားပြီး အောင်မြင်မှုတွေ ရယူ နိုင်ခဲ့ပါတယ် ။

ပြီးခဲ့တဲ့နှစ်မှာတော့ အဂွေးရိုး ဟာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ ကစားခဲ့ပြီး လေးပွဲသာ ကစားရသေးတဲ့ အချိန်မှာ နှလုံး ပြဿနာကြောင့် ဆရာဝန်တွေရဲ့ အကြံပေးချက် အရ ကစားသမား ဘဝကနေ အနားယူ လိုက်ရပါတယ် ။

မနေ့ညကတော့ အဂွေးရိုး ရဲ့ အသင်းဟောင်း နှစ်သင်း ထိပ်တိုက် တွေ့ဆုံ ခဲ့ကြပြီး ဘာစီလိုနာ အသင်းဟာ နူးကမ့်မှာ အက်သလက်တီကို မက်ဒရစ် အသင်းကို လေးဂိုး နှစ်ဂိုး ဆိုတဲ့ ရလဒ် နဲ့ အနိုင်ရပြီး အဆင့်လေး နေရာကို တက်လှမ်း သွားခဲ့ပါတယ် ။

ပွဲအပြီးမှာတော့ အဂွေးရိုး ဟာ အေတီကို နဲ့ ပွဲမှာ ဘာစီလိုနာ အတွက် သွင်းဂိုး တစ်ဂိုး သွင်းယူ နိုင်ခဲ့တဲ့ နောက်ခံလူ အယ်ဘာ ကို ဖုန်းဆက်ပြီး ချီးကျူး ဂုဏ်ပြု ခဲ့ပါတယ် ။ ” ငါ့ ကောင်ရေ ၊ ငါ အခု မင်းကို ဖုန်းဆက်လိုက်တာ က မင်းရဲ့ အရမ်းမိုက်တဲ့ သွင်းဂိုး အတွက် ဂုဏ်ပြု စကား ပြောချင်တာကြောင့်ပါ ။ ”

” ပွဲကလည်း တကယ် ကောင်းပါတယ် ၊ မင်းတို့ ကစားသွားတာလည်း သိပ်ကောင်းပါတယ် ။ ငါတို့ အသင်း အခုဆို အဆင့် လေး ရောက်လာပြီ ၊ ရှေ့လျှောက် ဘယ်လို ဖြစ်မလဲ ဆိုတာ ဆက်လက် စောင့်ကြည့်ကြတာပေါ့ကွာ ၊ အာဂျင်တီးနား က လူတွေကလည်း မင်းကို သိပ်ချစ်ကြတယ် သိလား ။ ” လို့ ဖုန်းဆက် ပြောကြား ခဲ့ပါတယ် ။

အယ်ဘာ ကလည်း ” ကျေးဇူးတင်ပါတယ် ငါ့ကောင်ရာ ၊ ပရိသတ်တွေကတော့ ကွင်းလုံးပြည့်ပါပဲ ၊ အားပေးကြတာလည်း တကယ့်ကို အားရစရာပဲကွာ ၊ ငါတို့လည်း ကောင်းကောင်း ကစားနိုင်ခဲ့တယ် ၊ အာဂျင်တီးနား က လူတွေ ငါ့ကို ချစ်ကြတယ် ဆိုတာ သိပါတယ် ၊ ငါလည်း သူတို့ ချစ်တယ်ကွာ ၊ မင်း ငါ့ကို barbecue ဖိတ်ကျွေးတဲ့အချိန်ကျ တွေ့ကြတာပေါ့ကွာ ။ ” လို့ ပြန်လည် ပြောကြား ခဲ့ပါတယ် ။ ( အဂွေးရိုး ဟာ သူ့ရဲ့ twitch account မှာ live လွှင့်ရင်း အယ်ဘာဆီ ဖုန်းဆက် ခဲ့တာပါ ။ )

အဂွေးရိုး ဟာ ကစားသမား ဘဝ ကနေ အနားယူပြီ ဖြစ်ကြောင်း ကြေညာ ပြီးတဲ့ နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် သူ ရင်ဆိုင် ကျော်ဖြတ် ခဲ့ရတဲ့ အကြောင်းအရာတွေကို Twitch မှာ ဖွင့်ဟ ပြောဆို ခဲ့ပါတယ် ။

” ပထမ ၁၅ ရက်ကတော့ ကျွန်တော့် အတွက် တကယ့်ကို ဆိုးရွားတဲ့ အချိန်ကာလပါပဲ ၊ စစ ဖြစ်ချင်းတုန်းက ဘာမှ မဖြစ်လောက်ပါဘူး ပြန်ကောင်းသွားမယ်ပဲ ထင်ခဲ့တာပါ ။ ဒါပေမယ့် ဆေးရုံ အရောက်မှာတော့ သူတို့ ကျွန်တော့်ကို အခန်းသေးသေးလေးထဲမှာ ထားခဲ့ကြပါတယ် ၊ ပတ်ပတ်လည်မှာ monitor တွေ အများကြီးပါပဲ ။ ”

” အဲ့ဒီ အခါကျမှ တစ်ခုခု ဆိုးရွားနေပြီဆိုတာ သတိပြုမိ ခဲ့ပါတယ် ၊ ဆေးရုံမှာ နှစ်ရက်လောက် နေပြီးတဲ့ အချိန်မှာတော့ ကျွန်တော် စိုးရိမ်စိတ်တွေ စဝင်လာခဲ့ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SM