ဘရိုက်တန်နဲ့ ပွဲမတိုင်မီ အပြောင်းအလဲအချို့ လုပ်ဆောင်ဖို့ ရှိနေကြောင်း အရိပ်အမြွတ် ဖွင့်ဟလိုက်တဲ့ ရန်းဂနစ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ ရဲ့လ်ဖ် ရန်းဂနစ် က ဘရိုက်တန် အသင်း နဲ့ ရင်ဆိုင် ကစားရမယ့် ပွဲစဉ်မတိုင်မီ သတင်းစာ ရှင်းလင်းပွဲ မှာတော့ အသင်းရဲ့ ပွဲထွက် ကစားသမား စာရင်းကို အပြောင်းအလဲ လုပ်ဖို့ ရှိနေကြောင်း ထုတ်ပြောခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ညမှာတော့ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ဘရိုက်တန် အသင်းကို ဧည့်ခံ ကစားရဖို့ ရှိနေပါတယ် ။ ဒါဟာ ယူနိုက်တက် အသင်း အတွက်တော့ ရလဒ်ဆိုးတွေကနေ ရုန်းထွက်ပြဖို့ ကြိုးစားရမယ့် ပွဲစဉ်ပဲ ဖြစ်ပါတယ် ။

အဲ့တာပြီးရင်တော့ ယူနိုက်တက်တို့ဟာ လိဒ်စ် အသင်းနဲ့ ဆက်ကစားရဖို့ ရှိနေပြီး အက်သလက်တီကို မက်ဒရစ် အသင်းနဲ့ပါ ချန်ပီယံလိဂ် ပွဲစဉ် ဆက်လက် ကစားသွားရမှာပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် ယူနိုက်တက်တို့ တစ်ပါတ် အတွင်း သုံးပွဲထိ ကစားရဖို့ ရှိနေပါပြီ ။

ဒီလို အနေအထား တစ်ရပ်မှာ အသင်းရဲ့ ပွဲထွက် ကစား သမား စာရင်းကို အပြောင်းအလဲ လုပ်ဆောင်သွားဖို့ ရှိရဲ့လားလို့ အမေးခံလိုက်ရချိန်မှာတော့ ယူနိုက်တက် နည်းပြ ရန်းဂနစ် က ငြင်းဆန်းခြင်း မရှိပဲ လုပ်ဆောင်သွားဖွယ် ရှိနေတယ်လို့ အရိပ်အမြွတ် ပြောခဲ့လိုက်ပါတယ် ။

” ဟုတ်ပါတယ် ၊ ကျွန်တော်တို့ ကစားသမား အပြောင်းအလဲ လုပ်ဆောင်မယ်ဆိုတာ ဖြစ်နိုင်ခြေ ရှိတဲ့ အရာတစ်ခု ပါပဲ ။ ကျွန်တော်တို့ ဘရိုက်တန် နဲ့ ပွဲစဉ် မှာတောင် ပွဲထွက် ကစားသမား အပြောင်းအလဲ လုပ်ကောင်း လုပ်ဖြစ်ပါလိမ့်မယ် ”

” အချို့ နေရာမှာတော့ ကျွန်တော်တို့ဟာ လန်းဆန်းတဲ့ ခြေထောက်တွေ ၊ ခွန်အားအသစ်တွေ လိုအပ်နေပါလိမ့်မယ် ။ ကျွန်တော်တို့ လာမဲ့တစ်ပါတ်မှာ လိဒ်စ် နဲ့ ကစားရပါလိမ့်မယ် ။ ခက်ခဲတဲ့ အဝေးကွင်း ပွဲစဉ် တစ်ပွဲပေါ့ဗျာ ။ အဲ့တာပြီးရင်တော့ အက်သလက်တီကို နဲ့ ချန်ပီယံလိဂ် ပွဲ ကစားပြီး ဝက်ဖို့ဒ် နဲ့ ဆက်ကစားရပါ့မယ် ”

” ကျွန်တော်တို့ ရှေ့ဆက်ပြီး 3 – 4 ရက် နေရင် တစ်ပွဲနှုန်း ကစားရဖို့ ရှိနေပါတယ် ။ ဒါဟာ မန်နေဂျာ တစ်ဦး ဖြစ်တဲ့ ကျွန်တော့် အတွက် ကောင်းလှပါတယ် ။ ကျွန်တော်တို့ အသင်းမှာ နေရာတစ်ခုအတွက် ကစားပေးနိုင်သူ နှစ်ဦးနှုန်း ရှိနေတယ်လေ ။ ဒါဟာ ကစားသမား အချို့ကို အနားပေးပြီး အချို့ကို ပွဲထွက်ခွင့်ပေးဖို့ အခွင့်အရေးကောင်း တစ်ခုပါပဲ ”

” ဖရက်ဒ် ကတော့ အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ပါပြီ ။ ဒါဟာ ကျွန်တော်တို့ အသင်းအတွက် တကယ်ပဲကောင်းမွန်လှ ပါတယ် ။ ကျွန်တော်တို့ အသင်းဟာ ကွင်းလယ်မှာ သူ့ရဲ့ ခွန်အား နဲ့ ကာယပိုင်း တွေကို လိုအပ်နေပါတယ် ” လို့ ရန်းဂနစ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar