ပဲလေ့စ်နဲ့ ပွဲက လူကာကူရဲ့ ဆိုးရွားတဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး အင်္ဂလန် ဂန္တဝင် ၂ဦးရဲ့ အမြင်ကို ထောက်ခံလိုက်တဲ့ ရီယိုဖာဒီနန်

ချဲလ်ဆီး အသင်းရဲ့ ပြောင်းရွှေ့ကြေး အမြင့်ဆုံး ကစားသမား ဖြစ်တဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူ ဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ကလပ်ဖလား ပြိုင်ပွဲမှာ ၂ဂိုးသွင်းနိုင်ခဲ့လို့ ဂိုးသွင်းခြေ ပြန်တွေ့ခဲ့ပြီလို့ ယူဆခဲ့ရပေမယ့် ၊ စနေနေ့ က ကစားခဲ့တဲ့ ခရစ်စတယ် ပဲလေ့စ်နဲ့ လန်ဒန်ဒါဘီပွဲမှာ ဂိုးပေါက် ပြန်ပျောက်ခဲ့ပါတယ် ။

 

ပိုဆိုးတာ က တပွဲလုံးမှာ ထိချက် ၇ချက်သာ ရှိခဲ့တာ ဖြစ်ပြီး ၊ ဒါဟာ ၂၀၀၃ – ၂၀၀၄ ရာသီ နောက်ပိုင်း အဆိုးရွားဆုံး မှတ်တမ်းလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် ၄င်းဟာ တပွဲလုံးမှာ ဂိုးပေါက် ခြိမ်းခြောက်မှု ၂ကြိမ်သာ လုပ်နိုင်ခဲ့ပြီး ၊ ၂ကြိမ်လုံးဟာလည်း လူကျွံဘောတွေ ဖြစ်ခဲ့ပါတယ် ။

BBC Match of the Day အစီအစဉ်မှာ အင်္ဂလန် ဂန္တဝင် တိုက်စစ်မှူးဟောင်းတွေ ဖြစ်ကြတဲ့ ဂယ်ရီ လိုင်နီကာနဲ့ အလန်ရှီးယား တို့က ၄င်းတို့သာ လူကာကူရဲ့ နေရာမှာဆိုရင် လုံလုံလောက်လောက် ပံ့ပိုးမှု မလုပ်ပေးတဲ့ အသင်းဖော်တွေကို ဒေါသထွက် ပေါက်ကွဲမိမှာ ဖြစ်ကြောင်း သုံးသပ်ခဲ့ကြပါတယ် ။

FIVE YouTube ချန်နယ်နဲ့ တွေ့ဆုံခဲ့ရာမှာ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ခံစစ်မှူးဟောင်း ရီယို ဖာဒီနန် ကလည်း ဂယ်ရီ လိုင်နီကာနဲ့ အလန်ရှီးယားတို့ရဲ့ အမြင်ကို ထောက်ခံခဲ့သလို ၊ ချဲလ်ဆီး ဟာ လူကာကူရဲ့ အားသာချက်ကို အသုံးမချပဲ ပွဲချဉ်းကပ်မှုတွေ လုပ်နေတယ်လို့ ခံစားမိကြောင်း ဖွင့်ဟခဲ့ပါတယ် ။

ဖာဒီနန် က ” ဂယ်ရီ လိုင်နီကာနဲ့ အလန်ရှီးယားတို့ရဲ့ လူကာကူနဲ့ ပတ်သက်တဲ့ မှတ်ချက် အပေါ် ကျွန်တော် ထောက်ခံပါတယ် ။ ကျွန်တော်သာ လူကာကူ နေရာမှာဆို အဲဒီပွဲအပြီး အသင်းဖော်တွေကို ပေါက်ကွဲမိမှာပါ ။ ကျွန်တော်သာ သူ့နေရာမှာဆို ‘ ငါ့ဆီ ဘောလုံးပေး ၊ မင်းတို့က တောင်ပံထွက်ပြီး ဘောလုံး ဖြန့်ပေး ၊ ငါ့ရဲ့ အားသာချက်တွေကို အသုံးချပြီး ကစား ‘ ဆိုပြီး ပြောမိမှာပါ ။ ”

” ဒါဟာ လတ်တလော ချဲလ်ဆီးမှာ ကြုံနေရတဲ့ အကြီးမားဆုံး ပြဿနာပါပဲ ။ နောက်ပြီး သူတို့ရဲ့ အကောင်းဆုံး အသင်းက ဘာလဲ ? ဒါကို သောမတ်စ် တူချယ် တယောက် သိနေတယ်လို့ ကျွန်တော် မထင်ပါဘူး ။ သူ့ဖက်က ပေါင်သန်း ၁၀၀ ကစားသမားကို အသင်းမှာ ထည့်ကစားချင်တာပဲ ရှိတာပါ ။ ဒါကို ကျွန်တော် နားလည်ပါတယ် ။ ”

” လတ်တလောမှာ လူကာကူ ဟာ ဂိုးသွင်းနှုန်းနဲ့ ပတ်သက်ပြီး အနည်းငယ် ဆိုးရွားနေပါတယ် ။ သူတို့ဟာ လူကာကူရဲ့ အားသာချက်ကို တည်ပြီး ချဉ်းကပ် ကစားရမှာပါ ။ ဒါဆို လူကာကူရဲ့ အားသာချက်တွေက ဘာတွေလဲ ? သူဟာ fox in the box တိုက်စစ်မှူးမျိုး ဖြစ်ပါတယ် ။ ”

” ခင်ဗျား ဟာ ပင်နယ်တီ ဧရိယာ အတွင်း သူ ရှိနေမယ့် နေရာကို နည်းမျိုးစုံနဲ့ ပေးပို့နိုင်မယ် ဆိုရင် သူဟာ အဲဒီ အခွင့်အရေးတိုင်းကို ဂိုးအဖြစ် ပြောင်းလဲပေးပါလိမ့်မယ် ။ ဒါကို သူဟာ ကစားခဲ့ဖူးတဲ့ အသင်းတိုင်းမှာ ပြသခဲ့ပြီးသား ဖြစ်ပါတယ် ။ ”

” ခင်ဗျားကသာ သူ့ဆီ ဘောလုံး ဖြတ်တင်ပေး ၊ သူ အဆုံးသတ် ဂိုးသွင်းနိုင်ပါတယ် ။ ပြိုင်ဖက် ခံစစ်ကြောင်းရဲ့ အနောက်ဖက်ကို ပြေးရတာ ၊ ပြိုင်ဖက် ကစားသမားတွေကို ဘူဒိုဇာလိုမျိုး ကျော်ဖြတ်ပြတာတွေကို သူ သဘောကျပါတယ် ။ လောလောဆယ်မှာ ချဲလ်ဆီး ဟာ သူတို့ရဲ့ ပေါင်သန်း ၁၀၀ တိုက်စစ်မှူးကို သူ့ရဲ့ အားသာချက်တွေ အသုံးမချပဲ ကစားနေတယ်လို့ ကျွန်တော် ခံစားရပါတယ် ။ ”

” ခင်ဗျားသာ သူ့နေရာမှာ သူ့လိုမျိုး ပံ့ပိုးမှုတွေ မရခဲ့ဘူးဆိုရင် ၊ ခင်ဗျားလည်း ‘ ငါ ဘောလုံး ရှာတွေ့ဖို့ လိုနေတယ်လေ ၊ ငါ ဘောလုံးနဲ့ ထိဖို့ လိုနေတယ်လေ ‘ ဆိုပြီး အသင်းဖော်တွေကို စောဒက တက်မိမှာပါ ။ တခါတလေမှာ အသင်းလိုက် ကစားပုံ ပိုကောင်းစေဖို့ မန်နေဂျာ က တိုက်စစ်မှူးတွေကို focal point အနေနဲ့ ထားပြီး သုံးတတ်ကြပါတယ် ။ ”

” ခင်ဗျား ဟာ ကိုယ်ပိုင် အားသာချက်ကို ကစားခွင့် ရဖို့ ကိုယ့်ကိုယ်ကို စတေးရပါတယ် ။ ဒါကို လူကာကူ လတ်တလောမှာ လုပ်နေရတယ်လို့ ကျွန်တော် ခံစားမိပါတယ် ။ အသင်းလိုက် ပိုကောင်းတဲ့ ကစားဟန်ကို ပိုပြီး ဦးတည်ချင်တဲ့ အတွက် သူဟာ ကိုယ့်ရဲ့ အရည်အချင်းတွေ ထုတ်ပြဖို့ကို စတေးလိုက်ရပါတယ် ။ ဒီတော့ လတ်တလော သူ့ရဲ့ ဂိုးသွင်း အချက်အလက်တွေက ဆိုးရွားနေတာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR