ပုံစံကောင်းကို ဆက်ထိန်းပြီး ဝက်ဖိုဒ့် ကို အနိုင်ကစားဖို့ တိုက်တွန်းလိုက်တဲ့ မန်ယူနိုက်တက် နည်းပြ ရန်းနစ်

မန်ချက်စတာ ယူနိုက်တက် ဟာ ဒီကနေ့ မှာ ဝက်ဖိုဒ့် အသင်းကို အိုးထရက်ဖိုဒ့် မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ် ။

ဝက်ဖိုဒ့် ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ တုန်းက ယူနိုက်တက် ကို ၄-၁ နဲ့ အနိုင် ကစားခဲ့ပြီး အဆိုပါ ပွဲဟာ အိုလေဂန်နာ ဆိုးရှား ရဲ့ ယူနိုက်တက် ပဲ့ကိုင်ရှင် ဘဝကို အဆုံးသတ် သွားစေခဲ့ ပါတယ် ။

အခုချိန် မှာတော့ ယူနိုက်တက် ဟာ နည်းပြသစ် ရဲ့ ကိုင်တွယ်မှုအောက်မှာ ပုံစံကောင်း အချို့ ပြန်လည် ရရှိ လာပြီး ပထမအကျော့က ရလဒ်ကို လက်စားချေဖို့ စောင့်ဆိုင်း နေခဲ့ပါပြီ ။

ယူနိုက်တက် ယာယီ နည်းပြ ရန်းနစ် ကတော့ တော်မီနေး နဲ့ ကာဗာနီ တို့ ဟာ ဒီပွဲကို ပါဝင် နိုင်ဦးမှာ မဟုတ်ကြောင်း ပြောဆိုရင်း ပုံစံကောင်း ရရှိနေမှု ကို ဆက်ထိန်းကာ ဝက်ဖိုဒ့် ကို အနိုင်ကစားဖို့ အသင်းသားတွေကို တိုက်တွန်း ပြောဆို သွားခဲ့ ပါတယ် ။

တော်မီနေး ဟာ အဖျားဝေဒနာကြောင့် အက်သလက်တီကို နဲ့ ပွဲကို လွဲချော် ခဲ့ရပြီး ကာဗာနီ ကတော့ ဒဏ်ရာ ကနေ ပြန်လည် မကောင်းမွန်လာသေးတာ ဖြစ်ပါတယ် ။

“ကာဗာနီ က အခုထိ ကျွန်တော်တို့နဲ့ မလေ့ကျင့် နိုင်သေးပါဘူး ။ ဒါကြောင့် အခုပွဲမှာ သူပါမလာ နိုင်ပါဘူး ။ စကော့တီ ( တော်မီနေး ) လည်း အတူတူပါပဲ ။ အခုထိ သူ ဖျားနေတုန်းပါ ။

နောက်အပတ်ထဲမှာတော့ သူပြန်ကောင်း လာပြီး လေ့ကျင့် နိုင်မယ်လို့ မျှော်လင့် မိပါတယ်”

“ဒီပွဲက တကယ်အရေးကြီး ပါတယ် ။ အမှန်တော့ ရာသီမကုန်ခင် အထိ ကစားဖို့ ရှိနေ သေးတဲ့ ပွဲတိုင်းက အရေးကြီးတဲ့ ပွဲတွေချည်း ပါပဲ ။ ကျွန်တော်တို့ အခု ရနေတဲ့ ပုံစံကို ဆက်ထိန်းထားရပါမယ် ၊ ပိုကောင်းအောင် လုပ်နိုင်ဖို့လည်း လိုပါတယ် ။

ဒီပွဲပြီး သွားရင် ထိပ်သီး အသင်းတွေနဲ့ ဆက်တိုက် ကစားရတော့မှာပါ ။ ဒါကြောင့် အခုပွဲကို နိုင်ထားဖို့ လိုပါတယ်”

“ရှေ့လာမယ့် ပွဲတွေဟာ အသင်းရဲ့ လာမယ့် ရာသီအတွက် အဆုံးအဖြတ်တွေ ဖြစ်လာမှာပါ ။ ဒါပေမယ့် ရာသီကုန်အထိ ကျွန်တော်တို့ မတွေးနိုင် သေးပါဘူး ။ ကိုယ့်ရှေ့မှာ ရောက်လာတဲ့ တပွဲချင်းကိုပဲ သေချာ ပြင်ဆင် ကစားဖို့က အဓိကပါ ။

စပိန် ကနေ ပြန်လာတဲ့ လူတွေ အားပြန်ပြည့်ပြီး အကောင်းဆုံး ကစားနိုင်ဖို့က လတ်တလောမှာ အရေးအကြီးဆုံး ကိစ္စပါပဲ ။ ဒီပွဲ ပြီးသွားရင် ဒါဘီပွဲ ( မန်ချက်စတာ ဒါဘီ ) အတွက် ပြင်ဆင်ဖို့ တပတ်လုံး အချိန် ရပါသေးတယ်” လို့ ရန်းနစ် က ပြောဆို သွားခဲ့ ပါတယ် ။

ဒီပွဲဟာ ရပ်ဖ် ရန်းနစ် နဲ့ အတွေ့အကြုံရင့် နည်းပြကြီး ရွိုင်းဟော့ဆန် တို့ ပထမဆုံး အကြိမ် ဆုံတွေ့တဲ့ ပွဲ ဖြစ်လာမှာပဲ ဖြစ်ပါတယ် ။

ရန်းနစ် က ယူနိုက်တက် နဲ့ ဝက်ဖိုဒ့် အကြားမှာ တူညီတဲ့ အရာတွေ ရှိနေပြီး ဟော့ဆန် အပေါ်လည်း လေးစားမှု အပြည့် ရှိကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

 

“ကျွန်တော်တို့ ( ဟော့ဆန် နဲ့ သူ ) အချင်းချင်း သိကြပါတယ် ။ ပွဲမကစားခင်မှာ သူ့ကို လက်ဆွဲ နှုတ်ဆက်မှာပါ ။ သူတို့ အသင်းနဲ့ ကျွန်တော်တို့ အသင်းမှာ တူညီတာတွေ ရှိပါတယ် ။ အထူးသဖြင့် ကစားတဲ့ ပုံစံပေါ့ ။

အစပိုင်း တုန်းက သူတို့ ၄-၄-၂ နဲ့ ကစားတယ် ၊ အခု သူတို့ ၄-၃-၃ နဲ့ ပြောင်း ကစားနေပါပြီ ။ ကျွန်တော်တို့ လိုပါပဲ” လို့ ရန်းနစ် က ပြောဆိုခဲ့ ပါတယ် ။

 

SPORTS MYANMAR