ပီအက်စ်ဂျီ စတား ကို ရပ်တန့်ဖို့ သူတို့အသင်းမှာ အဖြေ မရှိခဲ့ကြောင်း ဝန်ခံလိုက်တဲ့ အန်ဆယ်လော့တီ

ရီးယဲလ် မက်ဒရစ် အသင်းနည်းပြ ကာလို အန်ဆယ်လော့တီ က ချန်ပီယံလိဂ် ရှုံးထွက် အဆင့် ပထမ အကျော့ ပွဲစဉ်မှာ ပီအက်စ်ဂျီ ကြယ်ပွင့် ဘာပေ ကို ရပ်တန့် နိုင်ခြင်း မရှိခဲ့ကြောင်း ဝန်ခံ သွားခဲ့ပါတယ် ။

ပီအက်စ်ဂျီ အသင်းဟာ သူတို့ရဲ့ အိမ်ကွင်း Parc de Princes မှာ ရီးယဲလ် မက်ဒရစ် အသင်းကို တစ်ဂိုး ဂိုးမရှိ အနိုင် ရသွားခဲ့ပါတယ် ။ ပီအက်စ်ဂျီ အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ဒုတိယပိုင်း နာကျင် အချိန်ပိုမှာ ဘာပေ က ပြိုင်ဘက် နောက်ခံလူ နှစ်ဦးကို ကျော်ဖြတ်ပြီး ကန်သွင်းယူ ခဲ့တာ ဖြစ်ပါတယ် ။

ဘာပေ ဟာ ရီးယဲလ်မက်ဒရစ် ခံစစ် ကို တောက်လျှောက် ဖိအား ပေးနိုင်ခဲ့ပြီး ဂိုးကန်သွင်းမှု ၇ ကြိမ် အထိ လုပ်နိုင် ခဲ့သလို ပင်နယ်တီ တစ်ကြိမ် ရရှိအောင်လည်း စွမ်းဆောင် ပေးခဲ့ပါတယ် ။ ဘာပေ ကြောင့် ရရှိတဲ့ ပင်နယ်တီ ကို မက်ဆီ ကန်သွင်းခဲ့ပေမယ့် ဂိုးဝင်ခဲ့ခြင်းတော့ မရှိပါဘူး ။

ပွဲအပြီး အင်တာဗျူးမှာတော့ ရီးယဲလ် မက်ဒရစ် နည်းပြ အန်ဆယ်လော့တီ က ဘာပေ ကို ရပ်တန့် နိုင်ခဲ့ခြင်း မရှိကြောင်း ဝန်ခံ သွားခဲ့ပါတယ် ။ ဘာပေ ဟာ ရာသီကုန်မှာ ရီးယဲလ် မက်ဒရစ် အသင်းကို ရောက်ရှိတော့မယ်လို့ သတင်းကြီးနေသူ ဖြစ်ပါတယ် ။

” အမ်ဘာပေ ကို လုံးဝ ရပ်တန့်လို့ မရခဲ့ပါဘူး ၊ ကျွန်တော်တို့ သူ့ကို ထိန်းချုပ်ဖို့ ကြိုးစား ခဲ့ကြပါတယ် ။ မီလီတာအို လည်း ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ် ၊ ဒါပေမယ့် ဘာပေ က မဖြစ်နိုင်တဲ့ အနေအထား ကနေ တစ်ခုခု ဖြစ်အောင် တီထွင် ကြံဆ နိုင်သူပါ ။ သူ နောက်ဆုံး မိနစ်မှာ ဖန်တီး လုပ်ပြ နိုင်ခဲ့ပါတယ် ။ ”

ရီးရဲလ်မက်ဒရစ် အသင်းဟာ ပီအက်စ်ဂျီ အသင်း နဲ့ ပွဲမှာ ဂိုးပေါက်တည့် ကန်ချက် တစ်ကြိမ်မှ မရှိခဲ့ဘဲ ၂၀၀၃-၀၄ ခုနှစ် နောက်ပိုင်း ချန်ပီယံလိဂ်မှာ ပထမဆုံး အကြိမ် ဂိုးပေါက်တည့် ကန်ချက် မရှိ ခဲ့တာ ဖြစ်ပါတယ် ။

အန်ဆယ်လော့တီ က သူတို့ အသင်း ရင်ဆိုင်နေရတဲ့ ပြဿနာကိုလည်း ခုလို ရှင်းပြ သွားခဲ့ပါတယ် ။ ” ကျွန်တော်တို့ ရဲ့ ခံစစ် ကစားပုံက အတော်လေး ကောင်းပါတယ် ။ ဒါပေမယ့် တိုက်စစ် ကစားပုံကတော့ လိုအပ်ချက်တွေ အများကြီး ရှိနေခဲ့ပါတယ် ။ ”

” ဘောလုံး ပေးပို့မှုတွေ အပျက်များခဲ့ပြီး ပြိုင်ဘက်ရဲ့ဖိအားပေးမှုအောက် ရောက်ခဲ့ရပါတယ် ။ အဆန်စီယို ၊ ဗီနီရှပ် ၊ ဘန်ဇီးမား တို့ သုံးဦးစလုံး ဘောလုံး သိပ်မရခဲ့ပါဘူး ၊ ဘောလုံး ကိုင်ကစားရမှာလည်း ကျွန်တော်တို့ ဖြစ်ချင်တဲ့ အတိုင်း မကစားနိုင်ခဲ့ပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM