ပီအက်စ်ဂျီနဲ့ ချဲလ်ဆီးမှာ သီယာဂို ဆေးလ်ဗား ဘာတွေ ပြောင်းလဲသွားလဲ ဆိုတဲ့ အမေး အပေါ် တုန့်ပြန် ဖြေကြားလိုက်တဲ့ တူချယ်

ဘရာဇီး ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗား ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ နွေရာသီ အပြောင်းအရွှေ့ စျေးကွက်မှာ ချဲလ်ဆီးသို့ အလွတ်နဲ့ ရောက်ရှိလာခဲ့ပြီး ၊ အခုအခါမှာ ၄င်းဟာ ကလပ်နဲ့ အတူ ဒုတိယမြောက် ရာသီ ဖြတ်သန်းလျက် ရှိနေကာ ၊ တနှစ် သက်တမ်းတိုး စာချုပ် ချုပ်ထားပါတယ် ။

အသက် ၃၇နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ သီယာဂို ဆေးလ်ဗား ကို ပရီးမီးယားလိဂ်သို့ စရောက်ရောက်ချင်း ၊ လူအများစု က အသက်အရွယ်ပိုင်းကြောင့် ၄င်းရဲ့ ခြေစွမ်း အပေါ် မေးခွန်းထုတ် ၊ ယုံမှား သံသယတွေ ဖြစ်ခဲ့ကြပေမယ့် ၊ ၄င်းက ထိုသူတွေကို ကွင်းတွင်း စွမ်းဆောင်ရည်နဲ့ အကောင်းဆုံး သက်သေပြနိုင်ခဲ့ပါတယ် ။

ပီအက်စ်ဂျီ အသင်းနဲ့ အတူ ၁၀စုနှစ် တခုနီးပါး လက်တွဲခဲ့ပေမယ့် ၊ နောက်ဆုံး ရာသီမှာမှ ချန်ပီယံလိဂ် ဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့တာ ဖြစ်ပြီး ၊ ချဲလ်ဆီးသို့ ရောက်ရောက်ချင်းမှာ သီယာဂို ဆေးလ်ဗား ဟာ ကစားသမား ဘဝ အမြင့်မားဆုံး အောင်မြင်မှုတွေကို ဆွတ်ခူး ရရှိနေပြီ ဖြစ်ပါတယ် ။

ယနေ့ညမှာတော့ သီယာဂို ဆေးလ်ဗား ဟာ ကစားသမား ဘဝရဲ့ အချိန် အများစုကို ကျော်ဖြတ်ခဲ့တဲ့ ပြင်သစ် က ကလပ် တသင်း ဖြစ်တဲ့ လိုင်လီ အသင်းနဲ့ တကျော့ပြန် ရင်ဆိုင်ရမှာ ဖြစ်ပြီး ၊ ၄င်းရဲ့ အခန်းကဏ္ဍ ဟာ ထိုပွဲအတွက် ကြီးကြီးမားမား နေရာယူနေမှာလည်း သေချာနေပါတယ် ။

ပီအက်စ်ဂျီမှာရော ၊ လက်ရှိ ချဲလ်ဆီးမှာပါ သီယာဂို ဆေးလ်ဗားနဲ့ အတူ လက်တွဲ အလုပ်လုပ်ဖူးတဲ့ နည်းပြ ဖြစ်သူ သောမတ်စ် တူချယ် ကတော့ ယင်းဘရာဇီးသား ဟာ ပြင်သစ်မြေနဲ့ အင်္ဂလန်မြေမှာ ဘာတွေ ကွာခြားသလဲ ဆိုတဲ့ အမေး အပေါ် အခုလိုပဲ တုန့်ပြန် ဖြေကြားခဲ့ပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ တူချယ် က ” ဟုတ်ပါတယ် ။ အခြေအနေချင်းတော့ မတူဘူးပေါ့ ။ ဒါဟာ မတူညီတဲ့ ကလပ် တသင်းပါ ။ စည်းမျဉ်းစည်းကမ်းနဲ့ နေထိုင်ယှဉ်ပြိုင်ရတဲ့ ပတ်ဝန်းကျင်ချင်းလည်း ကွဲပြားပါတယ် ။ ဒါက အထူးဆန်းတော့ မဟုတ်ပါဘူး ။ ”

” ကလပ်တိုင်းမှာ မတူညီတဲ့ ထူးရှယ် ပတ်ဝန်းကျင် ရှိပါတယ် ။ ဒါဟာ ပီအက်စ်ဂျီမှာရော ၊ လက်ရှိ ချဲလ်ဆီးမှာပါ အတူတူပါပဲ ။ ခင်ဗျားရဲ့ နိုင်လိုစိတ် ပြင်းပြမှု ၊ အားသာချက်တွေ ၊ ထိပ်တန်း ကလပ် တသင်းမှာ အတွေ့အကြုံရင့် ကစားသမား တဦး အနေနဲ့ ကစားပြတာတွေက အတူတူပါပဲ ။ ”

” ဒီအသက်အရွယ်နဲ့ ပီအက်စ်ဂျီမှာ ရရှိနေတဲ့ ငွေကြေး ခံစားချက်တွေကို ကြည့်ရင် သီယာဂို အဖို့ ပရီးမီးယားလိဂ်နဲ့ ချဲလ်ဆီးဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ခြင်း ဟာ ရဲတင်းမှု ရှိလှပါတယ် ။ ဒါဟာ သူ့ရဲ့ ကစားသမား ဘဝ တခုလုံး ပြောင်းလဲစေတဲ့ ဆုံးဖြတ်ချက်ပါပဲ ။ ”

” သူဟာ ဒီကို ရောက်လာကတည်းက အံ့သြဖွယ် ခြေစွမ်းမျိုးသာ ပြသထားပါတယ် ။ ဒီတော့ ဇာတ်လမ်း က အတူတူပါပဲ ။ သူ့ကို ကိုင်တွယ်ခွင့် ရတဲ့ အတွက် ကျွန်တော် ဝမ်းသာပါတယ် ။ ဘာလို့လဲ ဆိုတော့ သူဟာ ဂျူနီယာတွေ အတွက် အမြဲ စံပြ ပုဂ္ဂိုလ် တဦး ဖြစ်သလို ၊ အရမ်း ရိုးသားနှိမ့်ချပြီး ၊ ပရော်ဖက်ရှင်နယ် ဆန်တဲ့ ၊ တမူထူးခြားတဲ့ ကစားသမား တဦး ဖြစ်လို့ပါ ။ ”

” ကျွန်တော်တို့ဟာ ၃ယောက်တန်း ခံစစ်ကို အမြဲလိုလို ကျင့်သုံးတတ်တာကြောင့် ၊ သူ့ကို အတွင်း ဗဟိုခံစစ် နေရာမှာ ထားကစားစေတာ အရမ်း အကျိုးပြုလှပါတယ် ။ သူဟာ အားကိုးရတဲ့ ခံစစ်မှူး တဦး ဖြစ်သလို ၊ ပီအက်စ်ဂျီကနဲ့ အခုနဲ့ ဘာကွာခြားမှုမှ သူ့မှာ မရှိပါဘူး ။ ကစားသမား ဘဝ ပြောင်းလဲစေမယ့် ဆုံးဖြတ်ချက်မျိုး ချခဲ့တဲ့ သူ့ကိုသာ ကျွန်တော့ဖက်က အထင်ကြီး လေးစားမိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR