အာဆင်နယ် တိုက်စစ်မှုးဟောင်း ဖြစ်သူ အီရန်ရိုက်က မန်စီးတီးဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ၉ မှတ် အသာနဲ့ ဦးဆောင်နေပေမယ့် လီဗာပူး အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်စွမ်း ရှိနေတယ်လို့ ပြောလိုက်ပါတယ်။
အာဆင်နယ် ဂန္တဝင်က ကလော့ရဲ့ အသင်းဟာ ပရီးမီးယားလိဂ်ဖလား သာမက ချန်ပီယံလိဂ်ဖလားကိုလည်း ဒီနှစ်မှာ ဆွတ်ခူးနိုင်စွမ်း ရှိနေတယ်လို့လည်း ဆိုသွားပါတယ်။
လီဗာပူးဟာ ချန်ပီယံလိဂ်ရဲ့ နောက်ဆုံး ၁၆ သင်းအဆင့်မှာ အင်တာမီလန်ကို ဆန်စီယိုမှာ ၂-၀ နဲ့ နိုင်ခဲ့တာကြောင့် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ရန် အခြေအနေကောင်းသွားပြီ ဖြစ်ပါတယ်။
အီရန်ရိုက်က “လီဗာပူးဟာ ဒီရာသီ သူတို့ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူး နိုင်စွမ်း ရှိနေသေးတယ် ဆိုတာကို ယုံကြည်နေဆဲလို့ ကျွန်တော် ထင်ပါတယ်။ ဒါ့အပြင် လီဗာပူးဟာ ချန်ပီယံလိဂ် ဖလားကိုလည်း ဆွတ်ခူးနိုင်စွမ်း ရှိတယ်လို့ ယုံကြည်မှု ရှိနေမယ်လို့ ကျွန်တော် ယုံကြည် ပါတယ်။
ကျွန်တော် ကတော့ လီဗာပူးကို ဖယ်ထုတ်သွားမှာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ လီဗာပူးတို့ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူး နိုင်လိမ့်မယ်လို့ ရွေးချယ်သွားမှာပါ။” လို့ ဆိုသွား ပါတယ်။
ဆက်လက်ပြီး ရိုက်က “ဒါဟာ ကိုယ့်ရဲ့ ထင်မြင် ယူဆချက်ကို ချပြတာပါ။ ဒီ game ဟာ ယူဆချက်တွေ အပေါ် အခြေခံတာ ပါပဲ။ လက်ရှိနဲ့ ရာသီကုန်ကြားမှာ ဘယ်သူမှ ပြောလို့ မရနိုင်တဲ့ အလှည့်အပြောင်းတွေ ရှိလာနိုင်တာကြောင့် ဘာကိုမှ ဘိုင်သေ ပြောသွားလို့ မရပါဘူး။” လို့ ထပ်ပြောသွား ပါတယ်။
ပေါလ်မာဆွန် ကလည်း လီဗာပူးဟာ title race ကနေ ထွက်ခွာသွားခြင်း မရှိသေးဘူးလို့ ဆိုလိုက်ပြီး စီးတီးကိုသာ အမှီလိုက်နိုင်ခဲ့ပြီး ဖလားရခဲ့မယ် ဆိုရင် ဒါဟာ ကလော့ရဲ့ မန်နေဂျာဘဝမှာ အကြီးကြယ်ဆုံး အောင်မြင်မှု ဖြစ်လာမယ်လို့ ဆိုလိုက်ပါတယ်။
မာဆွန်က “လီဗာပူးသာ ဒီရာသီ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် ဒါဟာ မယုံနိုင်စရာ စွမ်းဆောင်မှု ဖြစ်ပြီး လက်စတာရဲ့ miracle နဲ့ တန်းတူထားသွားရမှာပါ။ မန်စီးတီးလို ရှုံးခဲလှတဲ့ အသင်းမျိုးကို နောက်ကနေလိုက်ကာ ကျော်တက်ပြီး ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့မယ်ဆိုရင် ဒါဟာ လုံးဝကို မယုံနိုင်စရာ စွမ်းဆောင်မှုပါပဲ။
ဒါဟာ ကလော့ရဲ့ နည်းပြဘဝမှာ အကြီးကြယ်ဆုံး စွမ်းဆောင်မှုလို့ ပြောရင်လည်း မမှားပါဘူး။ အထင်အမှားပါနဲ့။ title race ဟာ မပြီးသေးပါဘူး။ လီဗာပူးဟာ လက်ကျန်ပွဲကို နိုင်ရန် ၆ မှတ်အကွာကို ရောက်လာမှာ ဖြစ်ပြီး သူတို့အနေနဲ့ ရွေးချယ်သွားလို့ ရမယ်ဆိုရင် စီးတီးနဲ့ ဧပြီမှာ ကစားရမယ့် ပွဲကို အခုပဲ ကစားသွားချင်မှာပါ။
လီဗာပူးအတွက် PL ထက် ချန်ပီယံလိဂ်က ပိုလွယ်ကူမှာပါ။ ချန်ပီယံလိဂ်မှာ နောက်ထပ် ၃ ပွဲလောက် သူတို့ ရှုံးပေမယ့် ဗိုလ်စွဲနိုင်ပါသေးတယ်။ ပရီးမီးယားလိဂ်မှာတော့ နောက်တစ်ပွဲ ရှုံးတာနဲ့ ပြီးသွားပါပြီ။ စီးတီးကိုသာ သူတို့ အနိုင်ရခဲ့ရင် Game on ဖြစ်သွားမှာပါ။ မနိုင်ရင်တော့ ချန်ပီယံလိဂ်ကို အာရုံစိုက်နိုင်ပါတယ်။
တစ်စုံတစ်ယောက်က ဒါကို စွမ်းဆောင်နိုင်မယ် ဆိုရင် ဒါဟာ လီဗာပူးပဲ ဖြစ်မှာပါ။ ကလော့ကတော့ သူ့ရဲ့အသင်းဟာ ဆက်လက် တိုက်ပွဲဝင်နေမယ် ဆိုတာ သိပါတယ်။
သူတို့ ဒီဖလားကို လိုချင်နေတာပါ။ ဒါကို မြင်နိုင်ပါတယ်။ စီးတီးအနေနဲ့လည်း ခြေချော်သွားလို့ မရဘဲ မဟုတ်ရင် လီဗာပူးအတွက် တံခါးဖွင့်ပေးသလို ဖြစ်သွားမှာပါ။” လို့ ဆိုလိုက်ပါတယ်။
SM