ပရီးမီးယားလိဂ် ကလပ်တွေရဲ့ ဒီရာသီ ချန်ပီယံလိဂ်ဖလား အခွင့်အရေးကို ခန့်မှန်းလိုက်တဲ့ စူပါကွန်ပြူတာ

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ရာသီက မန်ချက်စတာစီးတီးကို အနိုင်ယူကာ ဥရောပရဲ့ ချန်ပီယံ ဖြစ်ခဲ့ပြီး စူပါကွန်ပြူတာက နှစ်သင်းစလုံးဟာ ဒီရာသီရဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ကို ထပ်မံ တက်ရောက်နိုင်ရန် ၂၀% ထက် ပိုတဲ့ အခွင့်အရေး ရှိနေတယ်လို့ သုံးသပ်ခဲ့ပါတယ်။ ရုရှားရဲ့ ယူကရိန်း အပေါ် ကျူးကျော်မှုကြောင့် ယူအီးအက်ဖ်အေဟာ ချန်ပီယံလိဂ်ဖိုင်နယ်ကို စိန့်ပီတာစဘက် ကနေ ပဲရစ်ကို ပြောင်းရွေ့လိုက်ပြီ ဖြစ်ကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

ချဲလ်ဆီး မန်စီးတီး နဲ့ လီဗာပူး တို့ဟာ နောက်ဆုံး ၁၆ သင်းအဆင့် ပထမအကျော့မှာ ပြိုင်ဘက်တွေကို အသီးသီး အနိုင်ယူကာ ကွာတားဖိုင်နယ်ကို တက်ရောက်ဖို့ အတွက် အခြေအနေကောင်းကို ပိုင်ဆိုင်နေပြီး မန်ယူနိုက်တက် ကတော့ အက်သလက်တီကိုနဲ့ အဝေးကွင်းမှာ ၁ ဂိုးစီ သရေကျခဲ့တာကြောင့် အိုးထရပ်ဖို့ဒ်မှာ အဆုံးအဖြတ်ပွဲကို ကန်သွားရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ်ဖလားနဲ့ကပ်ပြီး လွဲခဲ့တဲ့ ပက်ဂွာဒီယိုလာရဲ့ အသင်းဟာ ဒီရာသီမှာ ဗိုလ်စွဲနိုင်ရန် ရာခိုင်နှုန်း အများဆုံး ဖြစ်နေပေမယ့်လည်း အခြား အင်္ဂလန် ကလပ်တွေကိုလည်း ဖယ်ထုတ်သွားလို့ မရပါဘူး။ FiveThirtyEight’s model ရဲ့ တွက်ချက်မှု အရ ပထမအကျော့မှာ စပို့တင်းလစ္စဘွန်းကို အဝေးကွင်းမှာ ၅-၀ နဲ့ နိုင်ထားခဲ့တဲ့ မန်စီးတီးဟာ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ရန် ၉၉% ကျော် သေချာနေပါတယ်။

ဒါ့အပြင် ဂွာဒီယိုလာရဲ့ အသင်းဟာ ဆီမီးဖို်င်နယ်ကို တက်ရောက်နိုင်ရန် ၆၉% ၊ ဖိုင်နယ်ကို တက်နိုင်ရန် ၄၅% နဲ့ ဗိုလ်စွဲနိုင်ရန် ၂၆% ရှိတယ်လို့ ခန့်မှန်းထားခဲ့ပြီး ဒါဟာ အခြား ပြိုင်ပွဲ၀င် အသင်းတွေထက် ပိုများနေပါတယ်။ ပရီးမီးယားလိဂ်မှာ ဒုတိယနေရာမှာ ရပ်တည်နေပြီး ၂၀၁၉ ခုနှစ် ချန်ပီယံလိဂ်ဖလား ပိုင်ရှင် လီဗာပူးဟာ စီးတီးပြီးရင် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ ရာခိုင်နှုန်း အများဆုံး အသင်း အဖြစ် ခန့်မှန်းထားခဲ့ပြီး ဗိုလ်စွဲနိုင်ရန် ၂၁% ရှိနေပါတယ်။

ပထမအကျော့မှာ ရက်ဘူးဆဲလ်ဘတ်ကို ၁ ဂိုးစီ သရေသာ ကစားနိုင်ခဲ့တဲ့ ၂၀၂၀ ခုနှစ် ချန်ပီယံလိဂ်ပိုင်ရှင် ဘိုင်ယန်မြူးနစ် အသင်းကတော့ ဗိုလ်စွဲနိုင်ရန် ၁၈% နဲ့ တတိယနေရာမှာ ရှိနေပြီး အံ့အားသင့်စရာ ကတော့ ပီအက်ဂျီ နဲ့ ရီးရဲယ်မက်ဒရစ် တို့ရဲ့ ဗိုလ်စွဲဖို့ ရာခိုင်နှုန်းဖြစ်ကာ ၄% နဲ့ ၃% အသီးသီးပဲ ရှိကြပါတယ်။ ပီအက်ဂျီဟာ ပဲရစ်မှာ ကစားခဲ့တဲ့ ပထမအကျော့မှာ အမ်ဘက်ပေရဲ့ နောက်ကျဂိုးနဲ့ ရီးရဲယ်ကို ၁-၀ နဲ့ နိုင်ထားခဲ့ပါတယ်။

ဒါပေမယ့် ဒီနှစ်သင်းဟာ အက်သလက်တီကိုမက်ဒရစ်ကို စပိန်မြေမှာ သရေကစားကာ ကွာတားကို တက်ရောက်နိုင်ရန် အနည်းငယ် အခွင့်အရေး ပိုသာသွားခဲ့တဲ့ မန်ယူနိုက်တက်ထက်တော့ များနေပြီး မန်ချက်စတာကလပ်ဟာ ဒီရာသီ ချန်ပီယံလိဂ်ဖလား အတွက် အခွင့်အရေး ၁% သာ ရှိနေပါတယ်။ ဒါပေမယ့် လက်ရှိ ချန်ပီယံ ချဲလ်ဆီး နဲ့ အိုင်ယက် တို့ကိုတော့ FiveThirtyEight က ဖလားဆွတ်ခူးနိုင်ရန် ၁၀% အခွင့်အရေး ပေးထားခဲ့ပါတယ်။

ဒါ့ကြောင့်လည်း စူပါကွန်ပြူတာက ၁၆ သင်းအဆင့်ကို တက်လာခဲ့တဲ့ အသင်းတွေထဲကမှ မန်စီးတီး လီဗာပူး ဘိုင်ယန်မြူးနစ် ချဲလ်ဆီး နဲ့ အိုင်ယက် စတဲ့အသင်းငါးသင်းရဲ့ ဗိုလ်စွဲနိုင်မယ့် ရာခိုင်နှုန်းကို ၈၅% ထိ ပေးထားခဲ့ပြီး လာမည့် မေလ ပဲရစ်မှာ ကျင်းပသွားမယ့် ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဗိုလ်စွဲသွားမယ့် အသင်းဟာ စူပါကွန်ပြူတာရဲ့ သုံးသပ်ချက်နဲ့ ကိုက်ညီမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

SM