ပန်းခင်းလမ်းကို ဒလိမ့်ကောက်ကွေး ဖြတ်သန်းခဲ့တဲ့ မန်ယူနိုက်တက် ဆူးခင်းလမ်းကို ဘယ်လို ဖြတ်ကျော်မှာလဲ ?

မန်ချက်စတာ ယူနိုက်တက် ကို ရပ်ဖ်ရန်းနစ် စရောက်လာတဲ့ အချိန်ဟာ အကောင်းဆုံး အချိန်မဟုတ်ခဲ့ ပါဘူး ။ ဒါပေမယ့် အရမ်းလည်း ခက်ခဲမယ်လို့ မမျှော်မှန်း ခဲ့ကြပါဘူး ။ ဘာကြောင့်လည်း ဆိုတော့ သူ စတင် ကိုင်တွယ်ရမယ့် ပွဲတွေမှာ အသင်းကြီးတွေ နဲ့ ပွဲတွေ မပါခဲ့လို့ ပါပဲ ။

ဆိုးရှား ယူနိုက်တက် ကို ယာယီ နည်းပြ အဖြစ်နဲ့ ကိုင်ခဲ့တုန်းကလည်း အခုလို အသင်းငယ်တွေကို ဆက်တိုက်နိုင်ပြီး ပုံစံကောင်းတွေ ပြနိုင်ခဲ့ဖူး တာကြောင့် ရန်းနစ် လက်ထက် မှာလည်း ဒီလို စွမ်းဆောင်မှုတွေ ပြန်မြင် ရနိုင်တယ်လို့ ထင်ခဲ့ ကြပါတယ် ။

ဒါပေမယ့် တကယ်တမ်း မှာတော့ ဒါတွေ ဖြစ်မလာခဲ့ ပါဘူး ။ တနင်္ဂနွေနေ့ ညတုန်းက လိဒ် နဲ့ ပွဲဟာ ရန်းနစ် လက်ထက်မှာ ယူနိုက်တက် တို့ ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၅ ပွဲမြောက် ဖြစ်ခဲ့ ပါတယ် ။ တနည်း ပြောရရင်တော့ ခက်ခဲမှု မရှိ နိုင်ဘူးလို့ သတ်မှတ် ထားတဲ့ ၁၅ ပွဲမြောက်ပါ ။

ဒီ ပန်းခင်းလမ်း ၁၅ ပွဲမှာ ယူနိုက်တက် ၈ ပွဲသာ နိုင်ခဲ့ ပါတယ် ။ ၅ ပွဲအထိ သရေကျပါတယ် ။ ရှုံးပွဲ ၂ ပွဲသာ ရှိခဲ့ ပေမယ့် အဲ့ဒိ ၂ ပွဲမှာ ဖလား တလုံး ဆုံးရှုံး ခဲ့ရ ပါတယ် ။ သရေကျတဲ့ အသင်းတွေက ဘန်လေ ၊ ဆောက်သမ်တန် ၊ ဗီလာ ၊ ယန်းဘွိုင်းစ် နဲ့ နယူးကာဆယ် တို့ပါ ။

အခု ရန်းနစ် ရဲ့ ပျားရည်ဆမ်း ခရီး ပြီးဆုံးသွားပါပြီ ။ မနက်ဖြန် မှာ ကစားမယ့် အက်သလက်တီကို မက်ဒရစ် နဲ့ ပွဲကစပြီး ရာသီကုန်အထိ ယူနိုက်တက် တို့ ပွဲကြပ်တွေ ကို ကစားရတော့မှာပါ ။ တကယ်လို့သာ အပေါ်က သရေပွဲ ၅ ပွဲထဲက ( ချန်ပီယံလိဂ် မပါတဲ့ ) ၄ ပွဲကိုသာ အနိုင် ကစားနိုင်ခဲ့မယ်ဆိုရင် ၈ မှတ်အပို ထပ်ရမှာ ဖြစ်ပြီး အဆင့် ၄ နေရာအတွက် အလားအလာ အကောင်းဆုံး အဖြစ် ရပ်တည်နေမှာပါ ။

အခုတော့ ယူနိုက်တက် တို့ ဓါးတောင်ကို ကျော်ပြီး မီးပင်လယ်ကို ဖြတ်သန်းရပါတော့မယ် ။ မုန်တိုင်းတွေက သူတို့ကို စောင့်ကြိုလို့ နေပါပြီ ။

လက်ကျန် ၁၄ ပွဲ ( ချန်ပီယံလိဂ် မှာ ရှေ့ဆက် မတက်နိုင်ခဲ့ဘူးလို့ သတ်မှတ်မယ်ဆိုရင် ) မှာ အက်သလက်တီကို မက်ဒရစ် ( ၂ ကျော့ ) ၊ အာဆင်နယ် ၊ လီဗာပူး ၊ လက်စတာ စီးတီး ၊ အဲဗာတန် ၊ ချဲလ်ဆီး ၊ တော့တင်ဟမ် ဟော့စပါး ၊ မန်ချက်စတာ စီးတီး တို့က ယူနိုက်တက် ရင်ဆိုင်ရမယ့် အသင်းတွေအဖြစ် ရှိနေပါတယ် ။

ဝက်ဖိုဒ့် ၊ ဘရန့်ဖိုဒ့် ၊ နောဝှစ်ချ် ၊ ဘရိုက်တန် ၊ ပဲလေ့စ် တို့သာ ယူနိုက်တက် ထက် အဆင့်နိမ့်တဲ့ အသင်းတွေ အဖြစ် ပါဝင်နေကြတာပါ ။ အဲ့ဒိ အသင်းတွေဆီကနေ ၃ မှတ်အပြည့် ယူနိုင်ဖို့ကလည်း အာမခံချက် မရှိပါဘူး ။

ယူနိုက်တက် ကစားသမားဟောင်းတွေ ကတော့ လိဒ်ကို နိုင်ပြီးတဲ့ နောက်မှာ ယူနိုက်တက် ရဲ့ အဆင့် ၄ မျှော်လင့်ချက်က အကောင်းဆုံး ဖြစ်နေပြီ ၊ အာဆင်နယ် ထက်တောင် ပိုကောင်းပြီး အဆင့် ၄ ဝင်နိုင်တယ်လို့ ဝိုင်းဝန်း မှတ်ချက် ပေးလာကြပါတယ် ။

ဒါပေမယ့် ရှေ့ဆက်လျောက်ရမယ့် ပွဲတွေ ကတော့ ဒီမှတ်ချက်တွေ အပေါ် သံသယအကြီးကြီး ဝင်ဖို့ ထိုက်တန်လို့ နေပါတယ် ။

 

ပန်းခင်းလမ်း ကို ဒလိမ့်ကောက်ကွေး နဲ့ စိတ်ပျက်စရာ ဖြတ်သန်းခဲ့တဲ့ ယူနိုက်တက် တို့ ဆူးခင်းထားတဲ့ လမ်းကြမ်းမှာမှ အဆင်ပြေပြေ ဖြတ်သန်းနိုင်မယ်လို့ ဆိုရင်တော့ တော်တော်လေး ဒွိဟ ဖြစ်စရာ ကောင်းနေမှာ အသေအချာပါပဲ ။

 

SPORTS MYANMAR