ပထမပိုင်း သရေရလဒ် ထွက်ပေါ်ခဲ့အပြီး ရန်းဂနစ် ဘာပြောခဲ့သလဲဆိုတာ ဖွင့်ဟလိုကိပြီး အမှန်တရားတစ်ခုကို ထုတ်ပြောလိုက်တဲ့ ဒီဂီယာ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက် မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ဘရိုက်တန် အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး 2-0 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူကာ ရလဒ် ဆိုးရွားမှုတွေကို ရပ်တန့်လိုက်နိုင်ခဲ့ပါတယ် ။

ဒီပွဲစဉ်ရဲ့ ပထမပိုင်း မှာတော့ ဧည့်သည် ဘရိုက်တန် အသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို သူတင်ကိုယ်တင် ကစားနိုင်ခဲ့ပြီး အခွင့်အရေးတွေ ဖန်တီးရင်းနဲ့ ဂိုးပေါက် ခြိမ်းခြောက်မှုတွေလည်း လုပ်ဆောင်သွားနိုင်ခဲ့ပါသေးတယ် ။

ဒါပေမဲ့ ဒီဂီယာ ကတော့ လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပြီး အသင်းကို ပွဲစဉ်ထဲမှာ ဆက်လက် ရှိစေနိုင်ခဲ့ ပါတယ် ။ ဒါ့ကြောင့် ပွဲစဉ်ဟာ ပထမပိုင်း ဂိုးမရှိ သရေ ရလဒ်နဲ့သာ ပြီးဆုံးသွားခဲ့ရတာပဲ ဖြစ်ပါတယ် ။ အဲ့ဒီနောက် ဒုတိယပိုင်းမှာ ရော်နယ်ဒို ဟာ ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပါတယ် ။

 

ဒါ့အပြင် တစ်မိနစ်အကြာမှာပဲ ဘရိုက်တန် နောက်ခံလူ ဒန့်ခ် ဟာ အီလန်ဂါ ကို ပစ်ဒဏ် ကျူးလွန်ပြီး တိုက်ရိုက် အနီကဒ် ထိခဲ့တဲ့နောက် ယူနိုက်တက်တို့ ကစားရတာ ပိုမို ချောင်လည်လာခဲ့ပြီး နောက်ဆုံး မိနစ်မှာ နောက်တစ်ဂိုး သွင်းနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

ဒီပွဲမှာလည်း ယူနိုက်တက် အသင်းရဲ့ ဒုတိယပိုင်း ကစားပုံဟာ ပိုကောင်းခဲ့ပါတယ် ။ အခုတော့ ယူနိုက်တက် အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သူ ဒေးဗစ် ဒီဂီယာက ပွဲစဉ်အပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပထမပိုင်း အပြီး နည်းပြ ရန်းဂနစ်က တိုက်စစ်ဆင်ကစားဖို့ မှာကြားခဲ့ကြောင်း ဖွင့်ဟခဲ့လိုက်ပါတယ် ။

 

” ပထမပိုင်း အပြီး ကျွန်တော်တို့ အတွက် သူ (ရန်းဂနစ်) ပေးခဲ့တဲ့ မက်ဆေ့ ကတော့ ကျွန်တော်တို့ဟာ ပြိုင်ဖက်ကို အိမ်ကွင်းမှာ ဧည့်ခံကစားနေရတာ ၊ အခုထက် ပိုပြီးတော့ ဖိအားပေးပြီး ဆက်တိုက် တိုက်စစ်ဆင် ကစားသင့်တယ် ဆိုတာပါပဲ ”

” သူတို့ဖက်က အနီကဒ် ထိသွားခဲ့တဲ့နောက်တော့ ကျွန်တော်တို့ဟာ ပွဲစဉ်ကို ပိုပြီး ထိန်းချုပ်ကစားနိုင်ခဲ့ကြပါတယ် ။ ဒါပေမဲ့ သူတို့တွေလည်း ငါးမိနစ်လောက်တော့ ကျွန်တော်တို့ကို အကောင်းဆုံး ပြန်လည် ခုခံကစားနိုင်ခဲ့ကြပါသေးတယ် ”

” ကျွန်တော်တို့ အသင်းက top 4 ဆိုတာထက်ပိုတဲ့ အရာတွေ အတွက် တိုက်ပွဲဝင် ကစားနေသင့်တဲ့ အသင်းမျိုးပါ ။ ဒါပေမဲ့ လက်ရှိ အချိန်မှာတော့ ထိပ်သီး လေးသင်း ဝင်နိုင်ဖို့ တိုက်ပွဲဝင်နေရတယ် ဆိုတာက အမှန်တရား ပါပဲ ။ ဒါကို လက်ခံရပါ့မယ် ”

” တူညီနေတဲ့ ဒီနေရာ တစ်ခုအတွက် တိုက်ပွဲဝင်နေကြတဲ့ အသင်းတွေ အများကြီး ရှိနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အသင်းမှာ ရှိတဲ့ အရည်အသွေးတွေအရ အမှတ်တွေ အများကြီး ထပ်မံ စုဆောင်းနိုင်သင့်ပါတယ် ” လို့ ဒီဂီယာ က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar