နွေရာသီမှာ လီဗာပူးတို့ ဈေးကောင်းကောင်းနဲ့ ရောင်းချသွားနိုင်မယ့် အရန်ကစားသမားတစ်ဦးကို ပြောပြသွားခဲ့တဲ့ မက်လော်ရန်ဆင်

လီဗာပူး နောက်ခံလူဟောင်း ဖြစ်သူ မက်လော်ရန်ဆင်က အန်ဖီး ကလပ် အနေနဲ့ လာမည့် နွေရာသီ အပြောင်းအရွေ့မှာ လက်ရှိ ဘုန်းမောက် အသင်းမှာ အငှား ထွက်ကစားနေတဲ့ ဗဟိုနောက်ခံလူ နက်ဖီးလစ်ကို ဈေးကောင်းကောင်းနဲ့ ရောင်းချ နိုင်လိမ့်မယ်လို့ ဆိုလိုက်ပါတယ်။ 

 

အသက် ၂၄ နှစ်အရွယ် အင်္ဂလန် နောက်ခံလူဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွေ့ နောက်ဆုံးရက်မှာ ချန်ပီယံရှစ်ကလပ် ဘုန်းမောက် အသင်းကို ရာသီကုန်ထိ အငှား ထွက်ကစား ခဲ့ပါတယ်။

နက်ဖီးလစ်ဟာ လီဗာပူး အတွက် ၂၄ ပွဲ ပါဝင် ကစားပေးခဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီက ခံစစ်ပိုင်းမှာ ဒဏ်ရာပြသနာတွေ များစွာ ကြုံတွေ့ခဲ့ရတဲ့ ယာဂန်ကလော့ရဲ့ အသင်း ရာသီကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိခဲ့ရာမှာ အဓိက အခန်းကဏ္ဍ ကနေ ပါဝင်ပေးခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း နွေရာသီက အေဗရာဟီမာကိုနာတေး ရောက်လာခဲ့တဲ့ အပြင် ဗာဂျယ်ဗန်ဒိုက် ဂျိုရယ်မာတစ် နဲ့ ဂျိုးဂိုးမက်ဇ် တို့ ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝလာခဲ့တာကြောင့် ဖီးလစ်ဟာ ဦးစားပေးအဆင့် နောက်ဆုံးကို ရောက်သွားခဲ့ပြီး ကလပ်ဘက်က ၎င်းကို အပြီးသတ် ရောင်းချသွားဖို့ စီစဉ်ခဲ့ပေမယ့်လည်း ကြိုက်ဈေးမရခဲ့တာကြောင့် နောက်ဆုံးမှာတော့ အငှားပဲ ထွက်ခွာခွင့် ပြုခဲ့တာ ဖြစ်ပါတယ်။

လီဗာပူး အသင်းဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေက အသင်းရဲ့ အရန် ကစားသမားတွေ ဖြစ်ကြတဲ့ ဂျော်ဒန်အိုက်ဘ် ၊ ဒိုမီနစ်ဆိုလန်ကီ နဲ့ ရီအန်ဘရူးစတား တို့ကို ဈေးကောင်းတွေနဲ့ ရောင်းချနိုင်ခဲ့ပြီး ငွေကြေး အမြောက်အမြား ရှာဖွေနိုင်ခဲ့ပါတယ်။

လော်ရန်ဆင်က ဖီးလစ်ဟာ လီဗာပူးတို့ ဈေးကောင်းကောင်းနဲ့ ရောင်းချသွားအုံးမယ့် နောက်ထပ် ကစားသမား ဖြစ်လာလိမ့်မယ်လို့ ယုံကြည် နေပါတယ်။

လော်ရန်ဆင်က “လီဗာပူးဟာ ပြီးခဲ့တဲ့ နှစ်တွေ အတွင်း အသင်းကြီး အတွက် သိပ်ပြီး အရေးမပါလှတဲ့ အရန် ကစားသမားတွေကို ဈေးကောင်းကောင်းနဲ့ ရောင်းချခဲ့ပါတယ်။ ဒီလို လုပ်နိုင်ခဲ့ခြင်းကြောင့် ကစားသမားကောင်း တစ်ချို့ကို ပြန်လည် ခေါ်ယူရာမှာ အသုံးဝင် ခဲ့ပါတယ်။

ဒါပေမယ့် ဖီးလစ်ဟာ လီဗာပူးမှာ အကောင်းဆုံး လုပ်ပေးခဲ့ပါတယ်။ သူဟာ အသင်းမှာ နေရာ မရခဲ့တာကြောင့် ဇန်နဝါရီမှာ ဘုန်းမောက်ကို အငှားထွက် ကစားခဲ့ပါတယ်။ လီဗာပူးတို့ သူ့ကို ရောင်းချသွားမှာပါ။ လီဗာပူး အနေနဲ့ သူ့ကို ဈေးကောင်းကောင်းနဲ့ ရောင်းချသွားမှာပါ။

ဒါဟာ အာဆင်နယ် အသင်းမှာ အာဆင်ဝင်းဂါး လုပ်ခဲ့သလိုမျိုး ပါပဲ။ သူဟာ အလားအလာ ရှိတဲ့ ကစားသမားတွေကို ခေါ်ယူကာ ဒီကစားသမားတွေရဲ့ level ကို မဆုံးဖြတ်မီ ပထမအသင်းကြီးမှာ ကစားစေခဲ့ ပါတယ်။ အဲဒီနောက် လူတွေဟာ ဒီကစားသမားတွေကို သတိထားမိပြီး ဝယ်ယူဖို့ အတွက် ကမ်းလှမ်းကြ ပါတယ်။

အဲဒီအချိန်မှာ ကိုယ့်ဘက်က ‘ဒီကစားသမားဟာ ပရီးမီးယားလိဂ်မှာ ဘယ်နှစ်ပွဲ ကစားထားခဲ့တယ်’ လို့ ပြောကာ ဈေးနှုန်းကို ဆွဲတင် ခဲ့ပါတယ်။

 

လီဗာပူး အသင်း ကလည်း ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ ဒီလို လမ်းကြောင်းကို လိုက်ခဲ့ပါတယ်။ သူတို့ရဲ့ ကစားသမား ရောင်းချမှု တစ်ချို့ကို ကြည့်လိုက်မယ် ဆိုရင် တအားကို ကောင်းတဲ့ business တွေ ပါပဲ။” လို့ ဆိုသွားပါတယ်။

 

SM