နာပိုလီ နဲ့ ပွဲက အူဘာမီယန်း ရဲ့ ပွဲထွက် ခြေစွမ်းကို မှတ်ချက် ပေးလိုက်တဲ့ ဇာဗီ

အူဘာမီယန်း ဟာ အာဆင်နယ် အသင်းကနေ ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့ ရောက်ရှိ လာပြီးနောက် နာပိုလီ နဲ့ ပွဲမှာ ပထမဆုံး အကြိမ် ပွဲထွက် ကစားခွင့် ရခဲ့ပါတယ် ။

အက်သလက်တီကို မက်ဒရစ် ၊ အက်စ်ပန်ညို တို့နဲ့ ပွဲမှာ အရန်ခုံ ထိုင်ခဲ့ ရပြီးနောက် အူဘာမီယန်း ဟာ နာပိုလီ နဲ့ ယူရိုပါလိဂ် ရှုံးထွက် အဆင့် ပွဲစဉ်မှာ ပွဲထွက် ကစားခွင့် ရရှိခဲ့ပါတယ် ။ အူဘာမီယန်း ဟာ ပထမပိုင်း ပွဲချိန်အတွင်း အကောင်းဆုံး အခွင့်အရေးကို ဖန်တီး ပေးခဲ့မယ့် တောရက်စ် က ဖြုန်းတီး ပစ်ခဲ့ပါတယ် ။

နာပိုလီ အသင်းဟာ ဇီလင်စကီး ရဲ့ သွင်းဂိုး နဲ့ ပွဲကို စတင် ဦးဆောင် နိုင်ခဲ့တာဖြစ်ပြီး ဖာရန်တောရက်စ် က ပင်နယ်တီ ကနေ ဘာစီလိုနာ အတွက် ချေပဂိုး ပြန်လည် သွင်းယူ ပေးခဲ့ကာ ပထမအကျော့ကတော့ ၁-၁ ဆိုတဲ့ ရလဒ် နဲ့ပဲ ပြီးဆုံး သွားခဲ့ပါတယ် ။

ဘာစီလိုနာ နည်းပြ ဇာဗီ ကတော့ နာပိုလီ နဲ့ ပွဲက အူဘာမီယန်း ရဲ့ စွမ်းဆောင်ရည်ဟာ အသင်းဖော်တွေနဲ့ အသားကျဖို့ လိုအပ် နေသေးပေမယ့် ဂါဘွန်သားရဲ့ ခြေစွမ်း အပေါ် အားရ ကျေနပ်မှု ရှိကြောင်း ပြောကြား လိုက်ပါတယ် ။

” အူဘာမီယန်း ကစားတာ ကောင်းပါတယ် ၊ သိပ်ကောင်းပါတယ် ၊ အသင်းဖော်တွေနဲ့ ချိတ်ဆက် ကစားမှု အပိုင်းမှာတော့ ရုန်းကန် ခဲ့ရပါတယ် ၊ သူက ရုပ်ပိုင်း ဆိုင်ရာ ကြံ့ခိုင်မှု အင်မတန် ကောင်းမွန်တဲ့ ကစားသမား တစ်ဦးပါ ။ ”

” သူကလည်း ကြိုးစား ကစားခဲ့ပါတယ် ၊ သူ့ရဲ့ pressing တွေကလည်း ကျွန်တော်တို့ အသင်းမှာလိုအပ် ပျောက်ဆုံး နေတဲ့ အရာပါ ၊ ဒါတွေက သူ့ဆီက ကျွန်တော် တောင်းဆိုထားတဲ့ အရာတွေပါပဲ ၊ နောက်ကျရင် သူ ဂိုးတွေသွင်း ဂိုးဖန်တီးမှုတွေ လုပ်နိုင်ပါလိမ့်မယ် ။ ”

” သူက ထိပ်တန်း ကစားသမား တစ်ဦးပါ ၊ အဒါမာ(ထရာအိုရေး) နဲ့ တောရက်စ် တို့လိုပဲ အူဘာမီယန်း က အသင်းကို အကျိုးပြု နိုင်ပါလိမ့်မယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဂါဘွန် လက်ရွေးစင် တိုက်စစ်မှူး အူဘာမီယန်း ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလ နောက်ဆုံးရက်မှာ စပိန် လာလီဂါ ထိပ်သီး ကလပ် ဘာစီလိုနာ အသင်းကို အလွတ် ပြောင်းရွှေ့ကြေး နဲ့ ပြောင်းရွှေ့ လာခဲ့တာပါ ။

အာဆင်နယ် အသင်း နဲ့ အူဘာမီယန်း တို့ဟာ နှစ်ဦး သဘောတူ စာချုပ်ဖျက်သိမ်းပြီးနောက် ဂါဘွန်သားဟာ free agent အနေနဲ့ ဘာစီလိုနာကို ထွက်ခွာ သွားခဲ့တာပါ ။ အူဘာမီယန်း ဟာ အာဆင်နယ် မှာ ကစားခဲ့တဲ့ လေးနှစ်တာကာလ အတွင်း ၁၆၃ ပွဲ ကစားကာ ၉၂ ဂိုး သွင်းပေးခဲ့ပြီး အက်ဖ်အေဖလား ရယူ နိုင်ခဲ့ပါတယ် ။

အူဘာမီယန်း ရဲ့ အာဆင်နယ် ကစားသမား ဘဝ အဆုံးသတ်ကတော့ ကောင်းမွန် ခဲ့ခြင်းတော့ မရှိပါဘူး ။ အူဘာမီယန်း ဟာ အသင်း မထွက်ခွာခင် အချိန်မှာ စည်းကမ်းချိုးဖောက်မှုကြောင့် အသင်း ခေါင်းဆောင် ရာထူး ကနေ ဖယ်ရှား ခံခဲ့ရသလို ပွဲထွက် လူစာရင်းကနေ တောက်လျှောက် ချန်လှပ် ခံခဲ့ရပါတယ် ။

SM