နာပိုလီကို အခွင့်အရေးပေးလိုက်တဲ့ မီလန် ၊ Top Four အတွက် ပိုအားကောင်းလာတဲ့ ဝုဗ် နဲ့ ယူနိုက်တက် တို့နဲ့ . . . နောက်ဆုံးရ အားကစား သတင်းများ

ယမန်နေ့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ မန်ချက်စတာ ယူနိုက်တက် နဲ့ ဝုဗ် တို့ နိုင်ပွဲ ကိုယ်စီ ရခဲ့ကြကာ အဆင့် ၄ တိုက်ပွဲ အတွက် ယှဉ်ပြိုင်မှုတွေ ပိုအားကောင်း လာစေခဲ့ ပါတယ် ။

လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက် က ၄၆ မှတ် နဲ့ အဆင့် ၄ ၊ ဝက်စ်ဟမ်း က ၄၂ မှတ် ၊ အာဆင်နယ် ၄၂ မှတ် ၊ ဝုဗ် ၄၀ မှတ် ၊ စပါး ၃၉ မှတ်တို့နဲ့ အသီးသီးရပ်တည်နေကြပါတယ် ။

စပိန် လာလီဂါ မှာတော့ ပုံစံကောင်းတွေ ပြန်ရလာတဲ့ ဘာစီလိုနာ ဟာ ဒီတပတ် မှာလည်း ဗလင်စီယာ ကို အဝေးကွင်းမှာ ၄-၁ နဲ့ အနိုင် ကစားခဲ့ပါတယ် ။

ဒီပွဲမှာ အာဆင်နယ် ကနေ ပြောင်းလာတဲ့ တိုက်စစ်မှူး အော်ဘားမီယန်း ဟာ ဘာစီလိုနာ အတွက် ဟက်ထရစ် ရယူ ပေးသွားခဲ့တယ်လို့ သိရှိရ ပါတယ် ။

ဂျာမန် ဘွန်ဒစ်လီဂါ မှာတော့ ဒေါ့မွန် နဲ့ လိုက်ပ်ဇစ် တို့ ဟာ ပြိုင်ဘက်တွေကို ဂိုးဒါဇင်ဝက်တွေ သွင်းကာ အနိုင် ကစားခဲ့ပါတယ် ။ လက်ရှိ အချိန်မှာတော့ ဘိုင်ယန် က ဦးဆောင်နေပြီး ဒေါ့မွန် က ၆ မှတ်အကွာ ကနေ လိုက်လံ ဖိအားပေးနေ ပါတယ်

အီတလီ စီးရီးအေ ရဲ့ ဒီတပတ် ကတော့ မီလန် ၂ သင်း အမှတ်လျော့တဲ့ ရက်သတ္တပတ် ဖြစ်ခဲ့ ပါတယ် ။ အဆင့် ၁ နေရာက အေစီမီလန် ဟာ စနေနေ့ တုန်းက သရေကျပြီး အင်တာ မီလန် ကို အခွင့်အရေး ပေးခဲ့ ပေမယ့် အင်တာ ကလည်း မနေ့ညက ဆာဆူအိုလို ကို အိမ်ကွင်းမှာ ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ ပါတယ် ။

ဒါကြောင့် ဒီညကစားမယ့် နာပိုလီသာ အနိုင်ရသွားခဲ့ မယ်ဆိုရင် မီလန် ၂ သင်းကို ကျော်ပြီး အဆင့် ၁ နေရာကို ရယူ သွားနိုင်မှာပဲ ဖြစ်ပါတယ် ။

အယ်လန်းရုတ် မှာ ကစားခဲ့တဲ့ လိဒ် နဲ့ မန်ယူနိုက်တက် တို့ရဲ့ ပွဲဟာ ၂ ဘက် အသင်းပရိသတ်တွေ ကြားက ရန်စတွေကြောင့် လုံခြုံရေး အထူးတင်းကြပ် ခဲ့ပြီး ရဲတပ်ဖွဲ့ ၉၀၀ အထိ စံချိန်တင်အောင် အသုံးပြု ခဲ့ရတယ်လို့ သိရှိရ ပါတယ် ။

မန်ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကင်း က မနေ့ညက ပွဲအပြီးမှာ ယူနိုက်တက် ရဲ့ အဆင့် ၄ မျှော်လင့်ချက်တွေ ပြန်လည် ရှင်သန် လာပြီလို့ မှတ်ချက်ပြု ခဲ့ပြီး ဂျေဒွန် ဆန်ချို ဆက်လက် ခြေစွမ်းပြ နိုင်ဖို့ မျှော်လင့်ရမယ်လို့လည်း ပြောဆိုခဲ့ ပါတယ် ။

မန်စီးတီး တောင်ပံ ကစားသမားလေး ဖီးလ်ဖိုဒန် ရဲ့ မိခင် ဟာ အမီယာခန်း ရဲ့ လက်ဝှေ့ပွဲကို သွားရောက် ကြည့်ရှုစဉ် မှာ ရန်လိုသူ တဦး ရဲ့ ကိုယ်ထိလက်ရောက် ပြုမှုကို ခံခဲ့ရတယ်လို့ ကြားသိရ ပါတယ် ။ အဆိုပါ ကိစ္စ အပြိးမှာတော့ အင်္ဂလန် နည်းပြ ဆောက်ဂိတ် က လက်ရွေးစင် ကစားသမားတွေ ကို ပိုမို သတိထား နေထိုင် သွားလာ ပြောဆို ကြဖို့ တိုက်တွန်း ခဲ့တယ်လို့ သိရ ပါတယ် ။

ပရီးမီးယားလိဂ် ကလပ်တွေ ဟာ ကိုဗစ်ကြောင့် ၂ နှစ်ကျော် ရပ်နား ထားရတဲ့ ရာသီကြို လေ့ကျင့်ရေး ခရီးတွေ ကို ဒီနှစ် ရာသီအကုန်မှာ ပြန်လည် ပြုလုပ် နိုင်ဖို့ အစီအစဉ် ရေးဆွဲ နေကြတယ်လို့လည်း သိရ ပါတယ် ။

ချဲလ်ဆီး ကတော့ အသင်းက ကိုဗစ်ဆေး မထိုးထားတဲ့ ကစားသမားတွေကို လာမယ့် ကြားရက်မှာ ကစားမယ့် ချန်ပီယံလိဂ် ရှုံးထွက် အဝေးကွင်း ပွဲစဉ် ( လိုင်လီ ) ကို လိုက်ပါ နိုင်စေဖို့ ဆောင်ရွက် နေတယ်လို့ ကြားသိရ ပါတယ် ။

ချဲလ်ဆီး နောက်ခံလူ ရစ်ဆီဂျိမ်းစ် ဟာ ယခု အပတ်ထဲမှာ ပြန်လည် လေ့ကျင့်မှု ပြုလုပ် နိုင်မယ်လို့ သိရပြီး လီဗာပူး နဲ့ ကစားမယ့် ခါရာဘောင် ဖလား ဗိုလ်လုပွဲ အတွက် မျှော်လင့် နေတယ်လို့ သိရှိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ ပေါ်တူဂီ ညာနောက်ခံလူ ဒီယေဂို ဒါးလော့ ရဲ့ စာချုပ် မှာ ပါရှိတဲ့ ၁ နှစ် သက်တမ်း တိုးခွင့်ကို အသက်သွင်းပြီး စာချုပ်သစ် ထပ်မံ ချုပ်ဆိုဖို့ စိတ်ကူး နေတယ်လို့ သတင်း ရရှိပါတယ် ။

လာမယ့် ဇူလိုင် မှာ ၁၆ နှစ် ပြည့်မယ့် ဘရာဇီး လူငယ် စတားလေး အန်းဒရစ် ကို ရီးရဲမက်ဒရစ် ၊ ဘာစီလိုနာ ၊ မန်ချက်စတာ ၂ သင်း ၊ လီဗာပူး နဲ့ ဥရောပ အသင်း အတော်များများက စောင့်ကြည့် နေကြတယ်လို့ သိရ ပါတယ် ။

အန်းဒရစ် ကတော့ လက်ရှိ ကစားနေတဲ့ ပါမေးရပ်စ် အသင်းမှာ ဆက်ကစားဖို့ စိတ်ကူး ထားပေမယ့် ဖခင် ဖြစ်သူ ကတော့ ရီးရဲမက်ဒရစ် နဲ့ နီးစပ် နိုင်ချေ ရှိတဲ့ အရိပ်အယောင် ကို ပြသခဲ့တယ်လို့ သတင်း ကြားသိရ ပါတယ် ။

မေဂျာလိဂ် ကလပ် ဟတ်ဆန် ဒိုင်နမို ဟာ နွေရာသီမှာ အက်သလက်တီကို မက်ဒရစ် နဲ့ စာချုပ်ပြည့်မယ့် မက္ကဆီကို လက်ရွေးစင် ဟတ်တာ ဟာရဲရား ကို အလွတ် နဲ့ ခေါ်ယူနိုင်ဖို့ ချိတ်ဆက် နေတယ်လို့ သိရှိရ ပါတယ် ။

လီဗာပူး အမျိုးသမီး အသင်းရဲ့ နောက်ခံလူ မီခေးလာ မိုး ဟာ အမေရိကန် နဲ့ ကစားခဲ့တဲ့ ဖလားပွဲမှာ နယူးဇီလန် အမျိုးသမီး အသင်း အတွက် ပါဝင် ကစားပြီး ဘယ်ခြေ ၊ ညာခြေ ၊ ခေါင်းတိုက်ချက် စတဲ့ ပုံစံ ၃ မျိုး နဲ့ ကိုယ့်ဂိုးကိုယ်သွင်းကာ O.G Hat-trick ရရှိ သွားခဲ့တယ်လို့ သတင်း ကြားသိရ ပါတယ် ။

အဆိုပါပွဲမှာ နယူးဇီလန် ဟာ အမေရိကန် ကို ၅-၀ နဲ့ ရှုံးနိမ့် ခဲ့ပါတယ် ။

 

SPORTS MYANMAR