နတ်ဘုရားတွေနဲ့ပါ ရင်ဆိုင်ပြီး အနိုင် ၃ မှတ်ယူခဲ့ရတဲ့ ယူနိုက်တက် ရဲ့ အယ်လန်းရုတ် နိုင်ပွဲက စိတ်ဝင်စားစရာ အကြောင်းမျာ

မိုး ၊ လေ ၊ ဂိုး ၊ ရန်ပွဲ ၊ အဝါကတ် ၊ သွေး စတာတွေ ဟာ မနေ့ညက အယ်လန်းရုတ် ကွင်းထဲမှာ ဖြစ်ပျက်ခဲ့ ပါတယ် ။

လိဒ်ယူနိုက်တက် နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ကစားခဲ့တဲ့ ပွဲမှာ ယူနိုက်တက် လိဒ် ကို ၄-၂ နဲ့ အနိုင်ရပြီး အဆင့် ၄ နေရာကို တက်လှမ်း သွားနိုင်ခဲ့ ပါတယ် ။

သူတို့ ၂ သင်းဟာ ဒီရာသီ ရဲ့ ပွဲစဉ် ၁ မှာ ဆုံတွေ့ ခဲ့ကြပြီး ယူနိုက်တက် က ၅-၁ နဲ့ နိုင်ခဲ့ ပါတယ် ။ နောက်ဆုံး ၂ ရာသီ အတွင်း ကစားခဲ့တဲ့ ၄ ပွဲမှာ ဒီနှစ်သင်းပေါင်း ဂိုး ၂၀ အထိ သွင်းခဲ့ကြပါတယ် ။

မန်ချက်စတာ ယူနိုက်တက် နဲ့ လိဒ်ယူနိုက်တက် ပွဲဟေ့လို့ ဆိုလိုက်တာနဲ့ သွင်းဂိုးများတော့မယ်လို့ ပြောလိုက်တဲ့ သဘောလို့တောင် ဆိုရတော့မလိုပါပဲ ။

ဒီပွဲမှာ မြင်ရတွေ့ခဲ့ရတဲ့ စိတ်ဝင်စားစရာ အကြောင်းတွေကတော့ . . .

၁ ။ နတ်ဘုရားတွေ ဝင်စွက်တဲ့ပွဲ

မနေ့ညကပွဲမှာ မန်ယူနိုက်တက် ရော လိဒ် ပါ ရင်ဆိုင် ခဲ့ရတဲ့ သဘာ၀ စွမ်းအားတွေ ကတော့ မိုး နဲ့ လေ ပါပဲ ။

ထောင့်ကန်ဘော အလံတိုင်တွေ ကို လဲကျလုမတတ် တိုက်ခတ်နေတဲ့ လေနတ်သားရဲ့ အစွမ်းဟာ ဟယ်ရီ မက်ဂွဲယား ရဲ့ ခေါင်းတိုက်ဂိုး ကို ဖြစ်စေခဲ့ သလို ရိုဒရီဂို ရဲ့ ဖြတ်တင်ဘော ကိုလည်း လိပ်စာပြောင်းပြီး ယူနိုက်တက် ဂိုးပေါက်ထဲ ထည့်ပေးခဲ့ ပါတယ် ။

မိုးနတ်သား ကတော့ ဒုတိယပိုင်း တဝက်လောက်ထိ ပြင်းပြင်းထန်ထန် ရွာသွန်းခဲ့ပြီး ကွင်းထဲမှာ ရေဝပ်ကာ ဘောလုံး ကောင်းကောင်း ကစားလို့ မရတဲ့ အထိ ဖြစ်စေခဲ့တာပါ ။

ဒုတိယပိုင်း မှာ ၂ သင်းစလုံး ကစားကွက် ကောင်းကောင်း မတည်နိုင်ဘဲ မိုးရေတွေ ကြားထဲမှာ ရုန်းကန် လဲကွဲ ကစားနေရတာတွေဟာ မြန်မာပြည် မိုးရာသီ ရပ်ကွက်ထဲက ဘောလုံးပွဲတွေလိုပါပဲ ။

၂ ။ နည်းပြရန်းနစ် ရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်

မိုးရေကြောင့် ကစားကွက် တည်မရ ပြုမရ ဖြစ်နေပြီး ၂ ဂိုးမြန်မြန် ပြန်ပေး လိုက်ရတဲ့ ယူနိုက်တက်ရဲ့ အခြေအနေ ကို ပြောင်းလဲဖို့ လုပ်ခဲ့တဲ့ နည်းပြ ရန်းနစ် ရဲ့ လူစားလဲမှုတွေ မှန်ကန် ခဲ့ ပါတယ် ။

ခပ်ရွရွ ကစားတတ်ပြီး အကြမ်းပတမ်း မကစားနိုင်တဲ့ ပေါ့ဘာ ကို ( ကောင်းနေလျက်နဲ့ ) ထုတ်ပြီး မာမာထန်ထန် ကစားနိုင်တဲ့ ဖရက်ဒ် နဲ့ အီလန်ဂါ တို့ကို လူစားလဲထည့် ခဲ့တာက ယူနိုက်တက် ကို ပွဲထဲ ပြန်ဝင်လာနိုင်စေခဲ့ ပါတယ် ။

မိနစ် ၈၀ ကျော်မှာ လူပိုကြီးလို ဖြစ်နေတဲ့ ရိုနယ်ဒို ကို ထုတ်ပြီး ဗာရန်း ကို ထည့်ကာ ခံစစ်ကို ပိုအားကောင်းအောင် လုပ်ခဲ့တာလည်း မှန်ခဲ့ပြန် ပါတယ် ။ ဒီတခါတော့ GOAT ကြီးလည်း အခြေအနေကို ကောင်းကောင်း သဘောပေါက်ခဲ့ပုံပါပဲ ၊ မကျေမနပ် ဖြစ်တဲ့ အမူအရာတွေ မတွေ့ခဲ့ရ ပါဘူး ။

ရန်းနစ် လဲထည့်လိုက်တဲ့ ဖရက်ဒ် နဲ့ အီလန်ဂါ တို့ကတော့ ယူနိုက်တက် ရဲ့ တတိယ နဲ့ စတုတ္ထဂိုးတွေကိုပါ သွင်းပေး သွားခဲ့ကြပါတယ် ။

၃ ။ နှစ်ကျော့စလုံးကောင်းခဲ့တဲ့ ကွင်းလယ် Duo

ယူနိုက်တက် ကွင်းလယ်လူတွေ ဖြစ်တဲ့ ပေါ့ဘာ နဲ့ ဖာနန်ဒက်စ် တို့ဟာ လိဒ် နဲ့ ကစားတဲ့ ရာသီအဖွင့်ပွဲမှာရော မနေ့ညက ပွဲမှာပါ ပုံစံကောင်း ရခဲ့ကြပါတယ် ။

ပေါ့ဘာ ဟာ ဒုတိယပိုင်းမှာ လူစားလဲ ခံခဲ့ရ ပေမယ် ပထမပိုင်းမှာ ပုံစံကောင်း ပြနိုင်ခဲ့ပြီး ရိုနယ်ဒို ကို အပိုင်အခွင့်အရေး တကြိမ် ဖန်တီးပေး ခဲ့ပါတယ် ။

ဖာနန်ဒက်စ် ကတော့ ကိုယ်တိုင် ၁ ဂိုး သွင်းခဲ့သလို အီလန်ဂါ ရဲ့ ဂိုးကိုလည်း လှပတဲ့ ဘောလုံး စကေးပြပြီး ဖန်တီးပေးခဲ့ ပါတယ် ။ ပွဲချိန်ပြည့်လည်း ရုန်းသွားခဲ့ ပါတယ် ။

အိုးထရက်ဖိုဒ့် ပွဲတုန်းကလည်း ဖာနန်ဒက်စ် က ဟက်ထရစ် ရကာ ပေါ့ဘာက တဦးတည်း ၄ ဂိုး ဖန်တီးပေး ခဲ့ပါတယ် ။ သူတို့ ၂ ယောက် အတွက်တော့ လိဒ် နဲ့ ကစားရတာ ပျော်ဖို့ ကောင်းနေမှာပါ ။

၄ ။ ဗီလိန်တို့ ဟီးရိုး ဖြစ်ကြတဲ့ ပွဲ

ဟယ်ရီ မက်ဂွဲယား ၊ ဗစ်တာ လင်ဒီလော့ဖ် ၊ ဖရက်ဒ် တို့ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပုံစံ အညံ့ဆုံး ကစားသမားတွေ အဖြစ် အပတ်တိုင်းလိုလို ဝေဖန်ခံခဲ့ရပါတယ် ။

ဒါပေမယ့် မနေ့ညက ပွဲမှာတော့ သူတို့ ၃ ယောက်စလုံး အသင်းရဲ နိုင်ပွဲမှာ ကိုယ်စီ ပါဝင် စွမ်းဆောင် ခဲ့ကြပါတယ် ။

မက်ဂွဲယား က ယူနိုက်တက် အတွက် အဖွင့်ဂိုးကို ရှားပါးတဲ့ ခေါင်းတိုက်ချက် နဲ့ ရယူခဲ့ပြီး ဖရက်ဒ် က တတိယ ဂိုးကို သွင်းပေးခဲ့ ပါတယ် ။

လင်ဒီလော့ဖ် ကတော့ ဒီပွဲရဲ့ အပြောင်မြောက်ဆုံး သွင်းဂိုး ဖြစ်တဲ့ ယူနိုက်တက် ရဲ့ ဒုတိယဂိုး အတွက် ဂျေဒွန် ဆန်ချို နဲ့ ချိတ်ဆက် ကစားကာ ရှေ့အထိ လိုက်ပါပြီး ပုံဖော်ပေး သွားနိုင်ခဲ့ ပါတယ် ။

ဒီတည အတွက်တော့ သူတို့ ဗီလိန် ၃ ယောက်ဟာ ဟီးရိုးတွေ ခဏ ဖြစ်ခွင့် ရခဲ့ကြပါတယ် ။

၅ ။ အီလန်ဂါ ရဲ့ ချိုမြိန်တဲ့ ကလဲ့စား

ဖရက်ဒ် ရဲ့ ဂိုးရအပြီးမှာ ယူနိုက်တက် ကစားသမားတွေ လိဒ် အသင်း ဂိုးဘက်ခြမ်းမှာ အောင်ပွဲ ခံခဲ့ကြ ပါတယ် ။ အဲ့ဒိအချိန်မှာ လိဒ် ပရိသတ်တွေ ရဲ့ မီးရှုး အပါအဝင် အရာဝတ္ထုတွေ နဲ့ ပစ်ပေါက်မှု ကို ယူနိုက်တက် ကစားသမားတွေ ရင်ဆိုင် ခဲ့ရပြီး အန်တိုနိ အီလန်ဂါ ကတော့ ဦးခေါင်းကို အကြွေစေ့ ထိမှန်ခဲ့ ပါတယ် ။

ဒါပေမယ့် မကြာခင် မှာဘဲ အီလန်ဂါ ဟာ ယူနိုက်တက် အတွက် စတုတ္ထမြောက်ဂိုး ကို သွင်းယူပြီး ပွဲကို အဆုံးသတ် ပေးနိုင်ခဲ့ ပါတယ် ။

ဂိုးသွင်း အပြိးမှာတော့ အီလန်ဂါ ဟာ အကြွေစေ့ ထိမှန်ခဲ့တဲ့ နေရာနားကို ပြန်သွားပြီး လိဒ် ပရိသတ်တွေဘက် လှည့်ကာ ယူနိုက်တက် အမှတ်တံဆိပ် ကို လက်နဲ့ ပုတ်ပြပြီး အောင်ပွဲခံ သွားခဲ့ပါတယ် ။

အသက် ၂၀ တောင်မပြည့်သေးဘဲ စိတ်ခံစားမှု ပြင်းထန်တဲ့ လူငယ်လေး တယောက် အတွက်တော့ ဒါဟာ တကယ့်ကို ချိုမြိန်တဲ့ လက်စားချေမှု ဖြစ်ခဲ့မှာ အသေအချာပါပဲ ။

၆ ။ ပိုပိုပြီး ကောင်းလာတဲ့ ဆန်ချို

ယူနိုက်တက် တို့ နှစ်နဲ့ ချီပြီး စောင့်ဆိုင်းခဲ့ရတာတွေဟာ ထိုက်တန်တယ်ဆိုတာကို ဂျေဒွန် ဆန်ချို တယောက် ဆက်တိုက် ပြသလို့ နေပါပြီ ။

ဆောင်းရာသီ နားရက်ပြီးလို့ ပြန်စကတည်းက အင်္ဂလန် တောင်ပံ ကစားသမားဟာ ယူနိုက်တက် ရဲ့ ပွဲတိုင်းမှာ ပုံစံကောင်းတွေ ပြသ နိုင်ခဲ့တာပါ ။

အခုပွဲမှာလည်း ဖာနန်ဒက်စ် ကို အကွက်မြင်စွာ ဖန်တီးပေးမှု အပါအဝင် တပွဲလုံး ခြေစွမ်းပြ ကစားသွားခဲ့ ပါတယ် ။

ပွဲအပြီး ယူနိုက်တက် ပရိသတ်တွေ ပေးတဲ့ Man of the Match ဆုကိုလည်း ရယူနိုင်ခဲ့ ပါတယ် ။
ကွင်းလယ်ဒိုင် ရဲ့ ဆုံးဖြတ်ချက် အချို့ ကလည်း ဒွိဟဖြစ်စရာ ကောင်းခဲ့ ပါတယ် ။ ယူနိုက်တက် ပေးလိုက်ရတဲ့ ဒုတိယ ချေပဂိုး မှာ ဖာနန်ဒက်စ် ကို ပြစ်ဒဏ်ကျူးလွန်တယ်လို့ သတ်မှတ်လို့ ရနိုင်သလို တော်မီနေး ကိုလည်း ဒုတိယ အဝါကတ် ပြပြီး ထုတ်ပယ်လို့ ရနိုင်တာတွေကို လစ်လျူရှု သွားခဲ့ ပါတယ် ။

ဘာပဲ ဖြစ်ဖြစ် ဒီနိုင်ပွဲ ဟာ ယူနိုက်တက် အတွက် အရေးပါတဲ့ နိုင်ပွဲ ဖြစ်ခဲ့ပြီး အဆင့် ၄ ကို တက်လှမ်း နိုင်ရုံသာ မက ၂-၂ အနေအထား ကနေ ပြန်ပြီး အနိုင်ရအောင် ကစားနိုင် ခဲ့တာဟာလည်း စိတ်ဓါတ်ပိုင်းဆိုင်ရာ ခွန်အားတွေကို တိုးပွား စေမှာပါ ။

လာမယ့် ကြားရက်မှာတော့ ယူနိုက်တက် တို့ ချန်ပီယံလိဂ် ရှုံးထွက်ပွဲ ကစားရတော့မှာ ဖြစ်ပြီး လာမယ့် ပိတ်ရက် မှာတော့ အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို ယှဉ်ပြိုင် ကစား သွားရမှာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR