နည်းပြ အလုပ်ကို ရပ်နားပြီး ယူကရိန်း အတွက် တိုက်ပွဲဝင်သွားတော့မယ့် အာဆင်နယ် ကစားသမားဟောင်း

အာဆင်နယ် အသင်းရဲ့ နောက်ခံလူဟောင်း တစ်ဦး ဖြစ်တဲ့ Oleh Luzhny ဟာ ရုရှား ရဲ့ကျူးကျော်တိုက်ခိုက်မှုကို ရင်ဆိုင် နေရတဲ့ သူ့ရဲ့ မိခင် နိုင်ငံ ယူကရိန်း အတွက် တိုက်ပွဲ ဝင်သွားမှာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

အသက် ၅၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ Oleg Luzhny ဟာ နိုင်ငံ လက်ရွေးစင် အသင်း အတွက် ပွဲပေါင်း ၆၀ ကစားပေးထားသူ ဖြစ်ပါတယ် ။ ( Luzhny ဟာ ဆိုဗီယက် ပြည်ထောင်စု မပြိုကွဲမှီ အချိန်မှာ USSR အတွက် ၃၇ ပွဲ ပါဝင် ကစား ပေးခဲ့ပါတယ် ။ )

ဂန်းနား တို့နဲ့ ရင်ဆိုင် ကစားတဲ့ ချန်ပီယံလိဂ်ပွဲမှာ ဒိုင်နမိုကိဗ် အတွက် ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ နောက်ခံလူ Luzhny ကို အာဆင်နယ် အသင်း နည်းပြ အာဆင်ဝင်းဂါး ဟာ ၁၉၉၉ ခုနှစ်မှာ အသင်းထံ ခေါ်ယူ ခဲ့တာ ဖြစ်ပါတယ် ။

Luzhny ဟာ အာဆင်နယ် အသင်း တစ်ရာသီတည်း ဖလား နှစ်လုံး ရတဲ့ ၂၀၀၁-၀၂ ခုနှစ်မှာလည်း ပွဲအနည်းငယ် ပါဝင် ကစားခွင့် ရခဲ့ပါတယ် ။ သူ့ရဲ့အာဆင်နယ် ကစားသမား ဘဝ နောက်ဆုံးပွဲကတော့ ၂၀၀၃ ခုနှစ် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ဆောက်သမ်တန် ကို အနိုင် ရခဲ့တဲ့ ပွဲပါ ။

Luzhny ဟာ ဝုလ်ဗာဟမ်တန် အသင်းမှာလည်း ကာလတို ကစားခဲ့ဖူးပြီး Vents အသင်းမှာ နောက်ဆုံး ကစားကာ ကစားသမား ဘဝကနေ အနားယူခဲ့တာ ဖြစ်ပါတယ် ။ အဲ့ဒီနောက်မှာတော့ Luzhny ဟာ နည်းပြ လောကထဲ ဝင်ရောက်ခဲ့ပြီး အင်္ဂလန်ကို နည်းပြ အဖြစ် ပြန်လာဖို့ ရည်မှန်းထားသူပါ ။

ဒါပေမယ့်လည်း ရုရှားရဲ့ ကျူးကျော် တိုက်ခိုက်မှုကို သူ့ရဲ့ နိုင်ငံ ယူကရိန်း ရင်ဆိုင် လာရချိန်မှာတော့ Luzhny ဟာ နည်းပြ အလုပ်ကို စွန့်လွှတ်ပြီး နိုင်ငံ အတွက် ရပ်တည် တိုက်ပွဲ ဝင်သွားမှာ ဖြစ်ကြောင်း Sky Sports နဲ့ အင်တာဗျူးမှာ ပြောကြား သွားခဲ့ပါတယ် ။

” အခြေအနေတွေကတော့ ကြောက်မက်ဖွယ်ရာပါပဲဗျာ ၊ အစက UK မှာ နည်းပြ လုပ်ဖို့ ရည်မှန်းထားခဲ့တာပါ ၊ ဒါပေမယ့် အခုလို ဖြစ်လာတော့ ကျွန်တော်တို့ နိုင်ငံသားတွေအတွက် နိုင်ငံ အတွက် ဒီမိုကရေစီ အတွက် ကျွန်တော် မားမားမတ်မတ် ရပ်တည် တိုက်ပွဲ ဝင်သွားပါတော့မယ် ။ ”

” ဒါကြီး မကြာခင် ပြီးဆုံး သွားဖို့ ကျွန်တော်တို့ အားလုံး မျှော်လင့်နေကြပါတယ်၊ အပြစ်မရှိတဲ့သူတွေရဲ့ ဘဝတွေ အသက်တွေ အများကြီး ဆုံးရှုံးခဲ့ရပြီး ဖြစ်သလို မိသားစုတွေလည်း တကွဲတပြားစီ ဖြစ်နေကြပါပြီ ။ ”

” ကျွန်တော်တို့ နိုင်ငံ ခုလို ကျူးကျော် ဖျက်စီး ခံရတာတွေက ဘာအတွက်လဲ ? ကျွန်တော်တို့ တစ်တွေ အားလုံး တစ်ပေါင်း တစ်စုတည်း အတူတကွ ရင်ဆိုင် ကျော်ဖြတ်ပြီး ကျူးကျော်စစ် အဆုံးသတ်သွားအောင် လုပ်ဆောင်ကြတာပေါ့ဗျာ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

Luzhny ဟာ ပရီးမီးယားလိဂ် ဖလားရဖူးတဲ့ ပထမဆုံး ယူကရိန်း ဘောလုံး သမား ဖြစ်ပါတယ် ။ သူ့နောက်မှာတော့ မန်စီးတီး ကစားသမား ဇင်ချန်ကိုဟာလည်း ပရီးမီးယားလိဂ် ဖလား ကို ကိုင်မြှောက်ဖူးတဲ့ ဒုတိယမြောက် ယူကရိန်း ဘောလုံး သမား ဖြစ်လာခဲ့ပါတယ် ။

SM