ဒီယက်ဟာ လီဗာပူးတို့ ပစ်မှတ်ထားနေတဲ့ ကစားသမားထက် မိုဆာလားရဲ့ နေရာကို ပိုမိုကောင်းမွန်စွာ အစားထိုးပေးနိုင်မယ့်သူလို့ ဆိုလိုက်တဲ့ ဂျွန်ဘန်း

ဂျွန်ဘန်းက လူး၀စ်ဒီယက်ဟာ လိုအပ်မယ်ဆိုရင် လီဗာပူး အသင်းမှာ မိုဟာမက်ဆာလားရဲ့ နေရာကို ကောင်းစွာ ဖြည့်ကစားပေးနိုင်မယ့်သူလို့ ယုံကြည်နေပြီး လီဗာပူးတို့ ပစ်မှတ်ထားနေတဲ့ ၀က်ဟမ်း တိုက်စစ်မှုး ဂျရော့ဘို၀င်ထက် ပိုမို ကောင်းမွန်တဲ့ အစားထိုးမှု ဖြစ်လိမ့်မယ်လို့ မှတ်ချက်ပေးသွား ခဲ့ပါတယ်။

လီဗာပူးတို့ ဇန်နဝါရီ အပြောင်းအရွေ့မှာ ပေါ်တိုကနေ ခေါ်ယူထားခဲ့တဲ့ ဒီယက်ဟာ ကာဒစ်ကို ၃-၁ နဲ့ နိုင်ခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ အန်ဖီးကလပ်အတွက် ပထမဦးဆုံး ပါ၀င် ကစားပေးသွားခဲ့ပြီး လက်စတာကို ၂-၀ နဲ့ နိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မိနစ် ၉၀ ၀င်ကစား သွားခဲ့ပါတယ်။ ကိုလံဘီယာ စတားဟာ ပြီးခဲ့တဲ့ စနေနေ့က နော့ဝှစ်ကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာတော့ လီဗာပူးအတွက် ပထမဦးဆုံး ဂိုးကို ရယူပေးခဲ့ပြီး အသင်းသစ်မှာ လျှင်မြန်စွာ အထိုင်ကျကာ ခြေစွမ်းပြနေပါတယ်။

ဘန်းက ဒီယက်ဟာ အီဂျစ်လက်ရွေးစင်ရဲ့ နေရာကို အစားထိုးပေးနိုင်စွမ်း ရှိတယ် ဆိုတာကို ပြသထားခဲ့ပြီးပြီလို့ ယုံကြည် နေပါတယ်။

ဘန်းက “လူး၀စ်ဒီယက် အနေနဲ့ လီဗာပူးမှာ ဘယ်အချိန် ပွဲထွက် ကစားသမား နေရာကို ရသွားမလဲ ဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ မိုဟာမက်ဆာလားရဲ့ အခြေအနေ ဘယ်လို ဖြစ်သွားမလဲ ဆိုတာ ကျွန်တော်တို့ မသိနိုင်လို့ပါ။ ဒါဟာ လာမည့် ရာသီ ဖြစ်သွားနိုင်သလို လာမည့် ၂ နှစ်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီယက်ဟာ လိုအပ်မယ် ဆိုရင် မနက်ဖြန်မှာ ဒီလီဗာပူး အသင်းရဲ့ ပွဲထွက် ကစားသမားနေရာကို ၀င်ရောက် ကစားနိုင်တဲ့ အရည်အသွေးက သေချာပေါက် ရှိနေပါတယ်။

လီဗာပူး အသင်း ဘက်ကတော့ ဒီယက် လီဗာပူးရဲ့ ပွဲထွက် ကစားသမား ၁၁ နေရာကို ၀င်ရောက်တော့မယ် ဆိုရင် သူ အသင့် ဖြစ်နေဖို့ နဲ့ ဖိအားတွေကို ဖြေရှင်းနိုင်စွမ်း ရှိအောင် လုပ်ပေးသွား ရမှာပါ။” လို့ ဆိုခဲ့ပါတယ။်

လီဗာပူးဟာ ဒီရာသီ ၀က်ဟမ်းမှာ အထူး ခြေစွမ်းပြ ကစားနေတဲ့ ဘို၀င်ကို အနီးကပ် စောင့်ကြည့်နေတယ်လို့ သိရပြီး ကလပ်ရဲ့ အနာဂတ် front three မှာ ဘို၀င်ကို ဂျိုတာ ဒီယက် တို့နဲ့ အတူ တွဲဖက် ပေးသွားဖို့ စဉ်းစားနေပါတယ်။ ဒါပေမယ့်လည်း ဘန်းက မိုဆာလား အနေနဲ့ လီဗာပူး နဲ့ စာချုပ်သက်တမ်း မတိုးဘဲ အန်ဖီးကနေ ထွက်ခွာ သွားခဲ့မယ်ဆိုရင် ဒီနေရာကို ဒီယက်ကသာ ပိုမို ကောင်းမွန်စွာ အစားထိုးပေးနိုင်မှာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

ဘန်းက “ဂျရော့ဘို၀င်ဟာ ပရီးမီးယားလိဂ်မှာ top 4 အတွက် တိုက်ပွဲ၀င်နေတဲ့ ၀က်ဟမ်းမှာ ကစားနေသူပါ။ ဒါ့ကြောင့် သူဟာ အခုချိန်မှာ တကယ့် ထိပ်တန်း အဆင့်မှာ ကစားနေတာလို့ ဆိုလို့ရပါတယ်။ သူ့အနေနဲ့ တိုးတက်ဖို့ အချိန်လိုအပ်ပါသေးတယ်။ လီဗာပူး အနေနဲ့ ဆာလားရဲ့ နေရာမှာ အစားထိုးသွားဖို့ အတွက် ဘို၀င်ကို ခေါ်ယူသွားလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ သူဟာ ဆာလားနဲ့ ကစားပုံ ခြားနားတဲ့ ကစားသမား ဖြစ်ပါတယ်။

သူဟာ ဆာလားလို တစ်ရာသီကို ဂိုး ၃၀ လောက် သွင်းယူနိုင်မယ့်သူ မဟုတ်ပါဘူး။ ဒါဟာ ဂျရော့ဘို၀င် လုပ်နိုင်တဲ့ အရာ မဟုတ်ပါဘူး။ အရည်အသွေးပိုင်း အရ ကတော့ သူဟာ ထိပ်တန်းအသင်းကြီး တွေမှာ ကစားနိုင်တဲ့ အရည်အသွေး ရှိနေတယ် ဆိုတာကတော့ သေချာပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM