‘ ဒါက လျှို့ဝှက်ကုတ် တခုခုနဲ့ ရေးထားတာနဲ့တောင် တူနေပါတယ် ‘ – အေဘရာမိုဗစ်ခ်ျရဲ့ statement အပေါ် ပြင်းပြင်းထန်ထန် ဝေဖန် တိုက်ခိုက်လိုက်တဲ့ မီကာရစ်ချတ်

ချဲလ်ဆီး အသင်း ပိုင်ရှင် ဖြစ်တဲ့ ရိုမန် အေဘရာမိုဗစ်ခ်ျ ဟာ မနေ့ကပဲ ကလပ်ရဲ့ လုပ်ပိုင်ခွင့် ၊ ဝေယျာဝစ္စ အလုံးစုံကို သူ ယုံကြည်ရတဲ့ ချဲလ်ဆီး အစုအဖွဲ့ တခုနဲ့ ကလပ် ဘုတ်အဖွဲ့ထံ လွှဲပြောင်းပေးအပ်လိုက်ကြောင်း statement တရပ် တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ် ။

ဒီ ထုတ်ပြန်ချက် ဟာ ချဲလ်ဆီး အသင်းကို လုံးဝ စွန့်လွှတ်လိုက်တဲ့ သဘော မဟုတ်ပဲ ၊ အင်္ဂလိပ် အစိုးရဖက်မှ တားမြစ် ပိတ်ဆို့မှုတွေ တရားဝင် မလုပ်သေးခင် ၊ ၄င်းဖက်မှ ချဲလ်ဆီး အသင်းကို ကြိုတင် ကာကွယ်တဲ့ အနေနဲ့ ကနဦး statement ထုတ်ပြန်ခြင်းသာ ဖြစ်ကြောင်း သိရပါတယ် ။

လောလောဆယ်မှာ အေဘရာမိုဗစ်ခ်ျ ဟာ ရုရှားမှာ ရှိမနေသလို ၊ အစ္စရေး နိုင်ငံသား ခံယူထားပြီး ဖြစ်တဲ့အတွက် ၊ အင်္ဂလိပ် အစိုးရဖက်မှ စီးပွားရေး အရ ပိတ်ဆို့တားဆီးမှုတွေ လုပ်ဆောင်ဖို့ အနည်းငယ် ကြန့်ကြာနေတယ်လို့ ယူဆရပါတယ် ။

အေဘရာမိုဗစ်ခ်ျရဲ့ statement အပေါ် ချဲလ်ဆီးနဲ့ ပတ်သက်သူတွေက လွဲပြီး ၊ ကျန်တဲ့ ပရီးမီးယားလိဂ် အသိုင်းအဝိုင်းမှ ကစားသမားဟောင်းတွေ အပါအဝင် အခြားသူတွေ အားလုံး က မကျေမနပ် ဖြစ်နေကြပြီး ၊ ဝေ့လည်ကြောင်ပတ် ပုံစံမျိုးနဲ့ statement မထုတ်ပြန်ဖို့ကိုလည်း ဝေဖန်ခဲ့ကြပါတယ် ။

အင်္ဂလန် ဂန္တဝင် တိုက်စစ်မှူးဟောင်းတွေ ဖြစ်ကြတဲ့ အလန်ရှီးယားနဲ့ ဂယ်ရီ လိုင်နီကာ တို့က BBC Match of the Day အစီအစဉ်မှာ အေဘရာမိုဗစ်ခ်ျရဲ့ statement အပေါ် မေးခွန်းထုတ်ခဲ့ကြသလို ၊ အာဆင်နယ် ကစားသမားဟောင်း ပီယာ့စ် မော်ဂန် ကလည်း တွစ်တာမှတဆင့် ရုရှား သမ္မတ ပူတင်နဲ့ ပတ်သက်ဖူးတဲ့ အေဘရာမိုဗစ်ခ်ျ အပေါ် ပေါ်တင် တိုက်ခိုက်မှုတွေ လုပ်သွားခဲ့ပါတယ် ။

မန်စီးတီး နောက်ခံလူဟောင်း မီကာ ရစ်ချတ်ကလည်း အေဘရာမိုဗစ်ခ်ျရဲ့ statement ဟာ ပျော့ပျောင်းလွန်းပြီး ၊ ထိရောက်မှု မရှိကြောင်း ဝေဖန်ခဲ့ကာ ၊ ဒါနဲ့ ပတ်သက်ပြီး ချဲလ်ဆီး အသင်းမှ ကလပ် တာဝန်ရှိသူတွေ ၊ ပြောရေးဆိုခွင့် ရှိသူတွေ အနေနဲ့ တိကျတဲ့ ဖြေရှင်းချက် တခုခု ပေးဖို့ လိုကြောင်း သတိပေးခဲ့ပါတယ် ။

Sky Sports နဲ့ တွေ့ဆုံခဲ့ရာမှာ မီကာ ရစ်ချတ် က ” ကျွန်တော်တို့ဟာ ဒီလို statement ထုတ်ပြန်တာထက် ပိုပြီး ထိရောက်တဲ့ တုန့်ပြန်မှုမျိုး လိုချင်ပါတယ် ။ ယူကရိန်းမှာ ဖြစ်ပျက်နေတဲ့ ကြောက်မက်ဖွယ် ကျူးကျော်စစ်ကို မြင်တွေ့ရအပြီး ၊ ဒီလို သေးသိမ်တဲ့ statement လောက်နဲ့ တက်လာတာ က လုံးဝ ပျော့ပျောင်းလွန်းပါတယ် ။ ”

” သူတို့ဟာ ဒီထက် ပိုကောင်းတဲ့ ရှုံ့ချမှုမျိုး လုပ်နိုင်ခဲ့သင့်ပါတယ် ။ တိကျတဲ့ ဖြေရှင်းချက် တခုခု ထွက်ပေါ်လာဖို့ ကောင်းနေပါပြီ ။ ဒီ statement ကရော ဘာကို တိတိကျကျ ဆိုလိုပါသလဲ ? ဒါက လျှို့ဝှက်ကုတ် တခုခုနဲ့ ရေးထားတာနဲ့တောင် တူနေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီး အမျိုးသမီး တောင်ပံ ကစားသမားဟောင်း ဖြစ်တဲ့ ကယ်ရန် ကာနေး ကလည်း ဒီ statement နဲ့ ပတ်သက်ပြီး ” ကျွန်မ အခုအချိန်မှာ ဒီ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ထပ်ခါတလဲလဲ ပြောလိုတာ က မသေချာ မရေရာမှုပါပဲ ။ ချဲလ်ဆီး အသင်းနဲ့ ပတ်သက်ပြီး ဘာတွေ ဆက်ဖြစ်မယ် ဆိုတာ တိတိကျကျ သိဖို့ လိုပါတယ် ။ ”

” ဒါပေမယ့် ဒီ statement က လူတွေ အတွက် ကြီးမားတဲ့ အငြင်းပွားဖွယ် တခု ဖြစ်လာတာပဲ ရှိပါတယ် ။ လက်ရှိ အခြေအနေ ဟာ လူတိုင်း အတွက် အသစ် ဖြစ်နေပြီး ၊ သူတို့ အနေနဲ့ တိကျတဲ့ အဖြေ တခုနဲ့ ထွက်လာသင့်ပါတယ် ။ အခုတော့ နောက်ထပ် ဖြေရမယ့် မေးခွန်းတွေ တသီတသန်းကြီး ကျန်နေပါပြီ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR