“ဒါက ကံဆိုးတာမဟုတ်ဘူး ၊ အသုံးမချနိုင်တာပါ” – သရေပွဲအတွက် ယူနိုက်တက် ကစားသမားတွေကို အပြစ်တင်ခဲ့တဲ့ ရန်းနစ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြကြီး ရပ်ဖ်ရန်းနစ် ဟာ မနေ့ ညက ဝက်ဖိုဒ့် အသင်းနဲ့ သရေ ကျခဲ့တဲ့ ပွဲအတွက် ယူနိုက်တက် ကစားသမားတွေ ကို ပြစ်တင် ဝေဖန် သွားခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ အမှတ်ပေး ဇယားရဲ့ အဆင့် ၁၉ က ဝက်ဖိုဒ့် ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ပြီး ကန်သွင်းမှု ၂၂ ကြိမ် အထိ ပြုလုပ် နိုင်ခဲ့ ပေမယ့် တဂိုးမှ မရရှိဘဲ သရေကျ သွားခဲ့ပါတယ် ။

ဒါဟာ ယူနိုက်တက် ရဲ့ အဆင့် ၄ နေရာကနေ ချန်ပီယံလိဂ် ဝင်ခွင့် ရယူရေး အတွက် အားလျော့သွားစေ ခဲ့ပြီး လက်ရှိ မှာ အဆင့် ၄ ကို ရယူထားနေ ပေမယ့် ၂ မှတ်သာ ကွာတဲ့ အာဆင်နယ် မှာ ၃ ပွဲ ကစားဖို့ ကျန်ရှိ နေသေးတာကြောင့် ယူနိုက်တက် ရဲ့ အဆင့် ၄ အလားအလာ ဟာ အာဆင်နယ် ထက် ပိုနည်း သွားခဲ့ပြီလို့ ဆိုရတော့ မှာ ဖြစ်ပါတယ် ။

ပွဲပြီးဆုံးချိန် မှာတော့ ယူနိုက်တက် နည်းပြ ရန်းနစ် ဟာ အသင်းသားတွေ ရဲ့ အခွင့်အရေး အသုံးမချ နိုင်မှုတွေ ကို ပြောဆို ဝေဖန် သွားခဲ့သလို ဒီ သရေပွဲ အတွက် ဘယ်လို ဆင်ခြေမျိုးမှ ပေးလို့ မရနိုင်ဘူး လို့လည်း ပြောဆို သွားခဲ့ ပါတယ် ။

“နည်းပြတွေ ဖြစ်တဲ့ ကျွန်တော်တို့ တွေရဲ့ အလုပ်က အသင်းကို ကစားပွဲထဲမှာ အခွင့်အရေးတွေ အများကြီး ဖန်တီး နိုင်အောင် ( လေ့ကျင့်ရေးကွင်းမှာ ) ကူညီ ပေးရတာပါ ။ ဒီနေ့ ပွဲမှာ ရခဲ့တဲ့ အခွင့်အရေးတွေက ဒီလို ပွဲမျိုးကို အနိုင် ရဖို့ လုံလောက်ပါတယ်”

“ဂိုးသွင်း တာက လွဲရင် ကျန်တာ အားလုံး ကျွန်တော်တို့ လုပ်နိုင်ခဲ့ ပါတယ် ။ ဒီရလဒ် က လက်ခံဖို့ ခက်ခဲတဲ့ ရလဒ်ပါ ။ အခွင့် အရေးတွေ အများကြီး လွဲချော် ခဲ့မယ် ဆိုရင် ပွဲတွေကို နိုင်ဖို့ မလွယ်ကူ ပါဘူး ။

ဒီညမှာ တပွဲလုံးနီးပါး ကျွန်တော်တို့ ကောင်းကောင်း ထိန်းချုပ် နိုင်ခဲ့တာပါ ။ သူတို့ ( ဝက်ဖိုဒ့် ) ကိုလည်း တန်ပြန် တိုက်စစ်တွေ ကောင်းကောင်း ကစားခွင့် မပေးခဲ့ ပါဘူး”

“တခါတလေကျရင် ကိုယ့်ဘက်က ကံမကောင်းတဲ့ ပွဲမျိုးတွေ ရှိတတ် ပါတယ် ။ ဒီနေ့ ပွဲကတော့ ကံမကောင်းတာ မဟုတ်ပါဘူး ။ အခွင့်အရေးတွေကို အသုံးမချ နိုင်ခဲ့တာပါ ။ ဂိုးရှေ့က အဆုံးသတ် စွမ်းရည် ထက်မြက်မှု အားနည်းခဲ့တာပါ ။

ဒီပွဲကို နိုင်ဖို့ လုံလောက်တဲ့ အခွင့်အရေးတွေ ကျွန်တော်တို့ ဖန်တီးခဲ့ တာပဲလေ ။ ၁ ဂိုး ၂ ဂိုးလောက်တော့ ရခဲ့သင့်တာပေါ့” လို့ ရန်းနစ် က ပြောဆို သွားခဲ့ ပါတယ် ။

မနေ့ညက မက်ဂွဲယား မပါဝင် ခဲ့တာကြောင့် ယူနိုက်တက် အသင်းခေါင်းဆောင် လက်ပတ် ကို ဝတ်ဆင် ကစားခဲ့တဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ကလည်း နည်းပြ ရန်းနစ် ရဲ့ ပြောဆိုမှုဟာ မှန်ကန်ကြောင်း ထောက်ခံ ခဲ့ပြီး သူတို့တွေ အဆုံးသတ် အားနည်း ခဲ့တာကို ဝန်ခံ ပြောဆို သွားခဲ့ ပါတယ် ။

“ဒီပွဲကို နိုင်ဖို့ လုံလောက်တဲ့ အခွင့်အရေးတွေ ဖန်တီး နိုင်ခဲ့ ပါတယ် ။ ကျွန်တော် ဆိုရင်ပဲ ၂ ကြိမ် ၃ ကြိမ်လောက် ရခဲ့တာပါ ။ ဒါပေမယ့် ဒီနေ့က ထင်သလို မဖြစ်လာခဲ့ ပါဘူး ။ တကယ်ကို စိတ်ပျက်စရာ ကောင်းခဲ့ရတဲ့ နေ့တနေ့ ပါပဲ” လို့ ဖာနန်ဒက်စ် က ဝန်ခံ ပြောဆို သွားခဲ့ ပါတယ် ။

ဝက်ဖိုဒ့် နဲ့ ပွဲဟာ မန်ချက်စတာ ယူနိုက်တက် ရဲ့ ပန်းခင်းလမ်း အဆုံးသတ်လို့ ဆိုနိုင်ပြီး လာမယ့် ပိတ်ရက်က စတင်ကာ မန်စီးတီး ၊ စပါး ၊ လီဗာပူး ၊ အာဆင်နယ် ၊ ချဲလ်ဆီး တို့လို အသင်းကြီးတွေနဲ့ ဆက်တိုက် ကစားရတော့ မှာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR