တီယာဂို ရဲ့ ဒဏ်ရာကို စစ်ဆေးမှုတွေ လုပ်ဆောင်နေတဲ့ လီဗာပူး

မနေ့ညက ချဲဆီး နဲ့ ပွဲ ကစားခါနီး ရောက်မှ လီဗာပူး ပရိသတ်တွေ အားလုံး ရုတ်တရက် စိုးရိမ်စိတ်တွေ ဖြစ်သွားပါတယ်။

မူလ က ထုတ်ပြန်ထားတဲ့ ကစားသမား စာရင်းမှာ ပရိသတ် စိတ်ကြိုက် အတွဲ ဖြစ်တဲ့ ဖာဘင်ဟို + တီယာဂို အတွဲ ကို အသင်းခေါင်းဆောင် ဟန်ဒါဆင် နဲ့ အတူ အသုံးပြုထားခဲ့တာပါ။ အဲဒါကို ကြည့်ရင် လီဗာပူး ပရိသတ်တွေက တော်တော်လေး သဘောကျနေခဲ့ပါတယ်။

ဒီရာသီ ကစားခဲ့တဲ့ ပွဲတွေကို ကြည့်လိုက်မယ် ဆိုရင် လီဗာပူး ဟာ တီယာဂို နဲ့ ဖာဘင်ဟို အတွဲကို ကွင်းလယ်မှာ အသုံးပြုတိုင်း ရလာဒ်ကောင်း ထွက်ပေါ်လေ့ရှိကာ တစ်ပွဲမှ မရှုံးပဲ 8 ပွဲ နိုင် 1 ပွဲ သရေ ရလာဒ် ထွက်ပေါ် ခဲ့ပါတယ်။ ဒါကြောင့် ချဲဆီး လို အသင်းမျိုး နဲ့ ရင်ဆိုင် ကစားချိန်မှာလဲ အဲဒီ အတွဲကို မဖြစ်မနေ လိုအပ်တယ်လို့ ယူဆထားခဲ့ကြတာပါ။

ပွဲစဖို့ 10 မီးနစ် အလို ရောက်မှ ကစားသမား စာရင်း အပြောင်းအလဲ လုပ်လိုက်ရတဲ့ သတင်းတွေ တက်လာပါတယ်။ တီယာဂို ဟာ သွေးပူ လေ့ကျင့်ခန်း လုပ်ဆောင်နေချိန်မှာ ဒဏ်ရာရသွားလို့ သူ့ရဲ့ နေရာကို ကီတာ နဲ့ အစားထိုးလိုက်ရသလို ၊ အရံ စာရင်းနေရာ အတွက်လဲ မူလ က ထည့်သွင်းထားခြင်း မရှိတဲ့ ဟာဗေး အယ်လီယော့ ကို ပါ ထပ်ခေါ် လိုက်ရပါတယ်။

ဘောလုံး ပိုင်ဆိုင်မှု ကို အသားပေး ကစားလေ့ရှိတဲ့ လီဗာပူး ဟာ ဒီနှစ် ဘောလုံး ပွဲစဉ်တွေမှာ စပါး နဲ့ ပွဲက လွဲရင် ကျန်တဲ့ ပွဲစဉ် အားလုံး နီးပါး ပွဲအစပိုင်းတွေမှာ ဘောလုံးပိုင်ဆိုင်မှုက အသာစီး ရယူနိုင်ခဲ့တာ တွေ့ရပါတယ်။ သို့သော် မနေ့ညက ပွဲစဉ်မှာတော့ ပွဲစတာ နဲ့ ချဲဆီး ရဲ့ တရစပ် ဖိအားပေး ကစားတဲ့ ဒဏ်ကို ခံခဲ့ရပြီး ၊ သူ့တို့ ရဲ့ ပုံစံကောင်းကို ပြန်ရှာနိုင်ဖို့ အချိန်တော်တော် ယူလိုက်ရပါတယ်။

ဒါဟာ အနီးကပ် ရောက်မှ ကစားသမား စာရင်း အပြောင်းအလဲ လုပ်လိုက်ရတဲ့ သက်ရောက်မှုမျိုးလို့ ပြောလို့ ရသလို ၊ ကီတာ ကလဲ ဘောလုံး ဖြန်တဲ့ အပိုင်းမှာတော့ တီယာဂို လောက် လုပ်အားနှုန်း မမြင့်ခဲ့ပါဘူး။ လီဗာပူး ပရိသတ် တစ်ချို့ ဆိုရင် ဗိုလ်လုပွဲမှာ မီးနစ် 120 ကစားခဲ့တဲ့ အချိန်ထိ အဖြေမပေါ်ခဲ့တာ က တီယာဂို မပါနိုင်တဲ့ အချက်နဲ့ ဆိုင်တယ်လို့တောင် သုံးသပ်ခဲ့ကြပါတယ်။

ဒီညနေပိုင်းမှာတော့ တီယာဂို ဟာ ပေါင် တံကောက်ကြော ဒဏ်ရာ ရရှိသွားတာ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ အစောပိုင်းမှာ ပေါင် ဒဏ်ရာ ၊ ခြေသလုံး ဒဏ်ရာ ၊ ကိုဗစ် ကိစ္စတွေ နဲ့ လုံးပန်းနေခဲ့ရတဲ့ တီယာဂို ဟာ ဒီတစ်ကြိမ်မှာလဲ တံကောက်ကြော ဒဏ်ရာ ရသွားပြန်ပြီမို့ ၊ လီဗာပူး ကစားသမား ဘဝမှာ ခြေစွမ်းပြဖို့ အားယူနေချိန်တိုင်း ၊ ဒဏ်ရာတွေပဲ နှိပ်စက်နေတယ်လို့ ပြောရမလို ဖြစ်နေပါပြီ။

လက်ရှိ အချိန်မှာ အသင်းဆရာဝန်တွေ ဟာ သူ့ရဲ့ ဒဏ်ရာ အခြေအနေကို တရားဝင် စစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲ ဖြစ်ပြီး ၊ အနားယူရမယ့် အချိန်ကိုတော့ ထုတ်ပြန် ကြေငြာခြင်း မရှိသေးပါဘူး။

တံကောက်ကြော ဒဏ်ရာအများစုဟာ ပြင်းထန်ခဲ့ရင်တော့ အနည်းဆုံး 3-4 ပတ် အထိ အနားယူရတတ်ပါတယ်။

တီယာဂို ဒဏ်ရာရသွားလို့ ကစားသမား စာရင်းမှာ မထင်မှတ်ပဲ ပါဝင်ခွင့် ရလာတဲ့ လူငယ် ချာတိတ်လေး အယ်လီယော့ ဟာ ပွဲချိန် တစ်ချို့ပါ ကစားခွင့် ရခဲ့တဲ့ အပြင် ပင်နယ်တီ ကနေလဲ ဂိုးသွင်းယူပြနိုင်ခဲ့ပါတယ်။

မှတ်တမ်းတွေ အရတော့ အယ်လီယော့ ဟာ ဝင်ဘာလေ ကွင်းကြီးထဲမှာ လီဗာပူး ကို ကိုယ်စားပြု ပါဝင် ကစားပေးတဲ့ အသက်ငယ်ဆုံး ဘောလုံးသမား အဖြစ် မှတ်တမ်းဝင်သွားတယ်လို့ သိရပါတယ်။

SM