တသင်းလုံးကို စိတ်အေးရအောင် မောင်းနှင်ခဲ့တဲ့ လေယာဉ်မှူးကို မန်စီးတီး နည်းပြ ဂွာဒီယိုလာ ကျေးဇူးတင် စကားပြောဆို

ပြင်းထန်စွာ တိုက်ခတ် နေတဲ့ နှင်းမုန်တိုင်း ဟာ ဗြိတိန် ကျွန်းစု ကို ထိုးနှက် မွှေနှောက် နေပါတယ် ။ ဒီလို အချိန်မှာ မန်ချက်စတာ စီးတီး အသင်းဟာ ချန်ပီယံလိဂ် ရှုံးထွက် ပွဲစဉ် အဖြစ် ပေါ်တူဂီ ကနေ အိမ်ပြန်လာချိန် ဖြစ်ပြီး မတော်တဆမှု နဲ့ ကြုံတွေ့ ရဖို့ နီးစပ်ခဲ့ ပါတယ် ။

ဒါပေမယ့် လေယာဉ်မှူး ရဲ့ ကျွမ်းကျင်မှုကြောင့် နည်းပြ ပက် ဂွာဒီယိုလာ အပါအဝင် စီးတီး ကစားသမားတွေ အားလုံး မန်ချက်စတာ ကို ဘေးကင်းစွာ ပြန်လည် ရောက်ရှိခဲ့ ကြပါတယ် ။

ပေါ်တူဂီ ကနေ ပြန်လာတဲ့ မန်စီးတီး ကစားသမားတွေ ပါဝင်တဲ့ လေယာဉ်ပျံ ဟာ မန်ချက်စတာ လေဆိပ်ကို ဆင်းသက်ဖို့ ကြိုးစားချိန် မှာ ပြင်းထန်တဲ့ လေတိုက်ခတ်မှုကြောင့်် မဆင်းသက် နိုင်ခဲ့ ပါဘူး ။

ဒီအချိန်မှာ လေယာဉ်မှူး ဖြစ်သူဟာ လျှင်မြန်တဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ပြီး လေပြင်းတိုက်ခတ်ပြီး ဆင်းရခက် နေတဲ့ မန်ချက်စတာ အစား လီဗာပူး လေဆိပ် ကို ပြောင်းလဲ ဆင်းသက်ဖို့ ဆုံးဖြတ်ခဲ့ ပါတယ် ။

ဂွာဒီယိုလာ နဲ့ မန်စီးတီး အသင်းသားတွေ ဟာ မန်ချက်စတာ ကနေ ၃၆ မိုင်သာ ဝေးတဲ့ လီဗာပူး လေဆိပ်ကို ဘေးကင်းစွာ ဆင်းသက်ခဲ့ကြပြီး ဘတ်စ်ကား နဲ့ အိမ်ပြန်လာ ခဲ့ကြပါတယ် ။

တော့တင်ဟမ် ဟော့စပါး နဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာတော့ ဂွာဒီယိုလာ က လေယာဉ်မှူး ကို ချီးကျုးပြောဆို ခဲ့ပြီး သူတို့ အားလုံး စိတ်အေးချမ်းအောင် လုပ်ပေး နိုင်ခဲ့တယ်လို့ ထည့်သွင်း ပြောဆို သွားခဲ့ ပါတယ် ။

“ဗီဒီယို ကို ပြန်ကြည့်တော့မှ ကျွန်တော်တို့ တကယ်ခံစား ခဲ့ရတာထက် ပိုပြီး ဆိုးတာကို သိလိုက်ရ ပါတယ် ။

အဲ့ဒိတုန်းက လေယာဉ် က တုန်ခါ နေတာပါ ။ မန်ချက်စတာ ကို ဆင်းတော့မယ်လို့ ထင်နေတုန်း မှာပဲ အင်ဂျင် ပြန်နှိုးပြီး လေပေါ် ပြန်တက် သွားတာကို သတိပြုမိ လိုက်ပါတယ်”

“အဲ့အချိန်မှာ တခုခု ဖြစ်နေပြီဆိုတာကို အားလုံး သဘောပေါက် သွားခဲ့ ပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ မှာ အရမ်းကို တည်ငြိမ်ပြီး ကျွမ်းကျင်တဲ့ လေယာဉ်မှူး ရှိနေခဲ့ ပါတယ် ။

သူက မန်ချက်စတာ ကို ထပ်ဆင်းဖို့ ကြိုးစားမယ့် အကြောင်း ၊ မရခဲ့ဘူး ဆိုရင် လီဗာပူး ကို လှည့်ဆင်းမယ့် အကြောင်း နဲ့ အားလုံး စိတ်အေးအေး ထားဖို့ ကို မိုက်ခရိုဖုန်းကနေ ပြောခဲ့ပါတယ်”

“သူက တကယ်တော်တဲ့ ပိုင်းလော့ တယောက်ပါ ။ သူ့ကြောင့် ၊ သူ့ရဲ့ စကားလုံး အသုံးအနှုန်းတွေ ကြောင့် ကျွန်တော်တို့ အားလုံး စိတ်အေး နိုင်ခဲ့ ရတာပါ” လို့ ဂွာဒီယိုလာ က ပြောဆို သွားခဲ့ ပါတယ် ။

လေယာဉ် မတော်တဆမှုတွေ ဟာ ဘောလုံး သမိုင်းမှာ အလွန် ကြေကွဲ ဝမ်းနည်းစရာ ကောင်းတဲ့ အဖြစ်ဆိုးတွေ အဖြစ် မှတ်တမ်းကျန်ရစ် ခဲ့ပါတယ် ။

အီတလီ ကလပ် တိုရီနို အသင်းရဲ့ စူပါဂါ လေယာဉ် မတော်တဆဖြစ်မှုကြီး ၊ မန်စီးတီး ရဲ့ မြို့ခံ ပြိုင်ဘက် မန်ယူနိုက်တက် ရဲ့ မြူးနစ် လေဆိပ်က အဖြစ်ဆိုးတွေ ဟာ နာမည်ကျော် လေယာဉ် မတော်တဆ ဖြစ်မှုတွေ ဖြစ်ခဲ့သလို မကြာသေးခင် နှစ်အနည်းငယ် ကလည်း ဘရာဇီး ကလပ် ချာပီကိုရင်းဆန့် အသင်းရဲ့ လေယာဉ် ပျက်ကျမှု ဟာ ဘောလုံးလောက ကို အကြီးအကျယ် တုန်လှုပ်စေခဲ့ ပါတယ် ။

ဂွာဒီယိုလာ နဲ့ မန်ချက်စတာ စီးတီး ကစားသမားတွေ ကတော့ ကံတရား ၊ လေယာဉ်မှူး ရဲ့ ကျွမ်းကျင်မှုတွေ ပေါင်းစပ်ကာ ဘေးအန္တရာယ် ကင်းဝေးပြီး စိတ်အေးချမ်းစွာ နဲ့ အိမ်ပြန်လာ နိုင်ခဲ့ကြပါတယ် ။

 

SPORTS MYANMAR