ဇီယက်ချ်ရဲ့ နောက်ကျသွင်းဂိုးနဲ့ ခြင်္သေ့ပြာတို့ လန်ဒန်ဒါဘီ နိုင်ပွဲ ရခဲ့တဲ့ ခရစ်စတယ်ပဲလေ့စ် ၀ – ၁ ချဲလ်ဆီး ပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည်များ ( Ratings)

မနေ့ည က ကစားခဲ့တဲ့ ဆဲလ်ဟတ်စ်ပါ့ခ်မှ လန်ဒန်ကလပ် ၂သင်း ဖြစ်တဲ့ ခရစ်စတယ် ပဲလေ့စ်နဲ့ ချဲလ်ဆီး အသင်းတို့ရဲ့ ထိပ်တိုက် တွေ့ဆုံမှုမှာ ဧည့်သည် ချဲလ်ဆီး အသင်း ဟာ မော်ရိုကို တောင်ပံ ကစားသမား ဟာကင် ဇီယက်ချ်ရဲ့ ပွဲပြီးခါနီးမှာ ရခဲ့တဲ့ တလုံးတည်းသော အနိုင်ဂိုးနဲ့ အတူ ၃မှတ် အပြည့် ရခဲ့ပါတယ် ။ ထိုပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည် ( Ratings ) တွေကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် ။

ဂိုးသမား – အက်ဒိုဝါ့ဒ် မန်ဒီ ( Rating – 6 )

ပရီးမီးယားလိဂ်ပွဲ မကစားရတာ တလခွဲကျော်ကျော် ကြာခဲ့တဲ့ အက်ဒိုဝါ့ဒ် မန်ဒီ ဟာ မနေ့ည က ပွဲမှာ Clean Sheet နဲ့ ပြန်လာနိုင်ခဲ့ပါတယ် ။ အိမ်ရှင် ပဲလေ့စ်ဖက်က အန္တရာယ်ရှိတဲ့ ဂိုးပေါက် ခြိမ်းခြောက်မှု အချို့ စွမ်းဆောင်နိုင်ခဲ့ပေမယ့် ၊ ဇာဟာ ၊ အိုလီဆေးတို့ရဲ့ ကန်ချက်တွေဟာ ဂိုးပေါက်နဲ့ ကပ်ထွက်ခဲ့ပါတယ် ။

နောက်တန်း – အန်ဒရီယာစ် ခရစ်တန်ဆန် ( Rating – 4 ) ၊ သီယာဂို ဆေးလ်ဗား ၊ အန်တိုနီယို ရူဒီဂါ ( Rating – 7 ) ၊ မာလန်းဆား ( Rating – 5 )

၄ယောက်တန်း ခံစစ်သို့ ပြောင်းလဲ အသုံးပြုခဲ့တဲ့ တူချယ် ဟာ အစွန် နောက်ခံလူ နေရာတွေမှာ အရဲစွန့်ပြီး ၊ ဗဟို ခံစစ်မှူး ၂ဦး ဖြစ်တဲ့ ခရစ်တန်ဆန်နဲ့ ဆားတို့ကို ထားသုံးခဲ့ပါတယ် ။ ၎င်းတို့ ၂ဦးဟာ ချဲလ်ဆီး ခံစစ်မှာ ဆိုးဆိုးရွားရွား ဟာကွက် ဖြစ်စေခဲ့တာကို တွေ့ရပါတယ် ။ အထူးသဖြင့် တောင်ပံ က ဇာဟာ ၊ အိုလီဆေး ၊ အယူးတို့ရဲ့ ထိုးဖောက်မှုတွေကို ချဲလ်ဆီးတို့ မကြာခဏ ခွင့်ပြုခဲ့ရပါတယ် ။

Out of position တွေမှာ အသီးသီး ကစားရတာကြောင့် overlap တက်တဲ့အခါ ၊ ပြိုင်ဖက်ရဲ့ counter attack တွေကို ထိထိရောက်ရောက် မထိန်းချုပ်နိုင်ခဲ့ပါဘူး ။ ဒါ့အပြင် ကစားကွက် တည်တဲ့ ပေးပို့မှုတွေ ၊ forward pass တွေမှာ ၎င်းတို့ ၂ဦးလုံး ဘာမှ ထူးထူးခြားခြား မစွမ်းဆောင်နိုင်ခဲ့ပါဘူး ။

ဗဟို ခံစစ် အတွဲမှာတော့ mသီယာဂို ဆေးလ်ဗားရော ၊ ရူဒီဂါပါ solid ဖြစ်ခဲ့ပြီး ၊ ခံစစ် အရ အရေးပါတဲ့ ပိတ်ဆို့မှု ၊ ဖြတ်ထုတ်မှု အချို့ လုပ်ဆောင်နိုင်ခဲ့ပါတယ် ။ ရူဒီဂါဆိုရင် တိုက်စစ်ကို တိကျ သေချာတဲ့ ထောင့်ဖြတ် ဖြတ်တင်မှုတွေ ပံ့ပိုးပေးခဲ့ပြီး ၊ ပထမပိုင်း ၁၀မိနစ် ဝန်းကျင် က ၎င်းရဲ့ အဝေးကန်ချက် တကြိမ်ကို ပဲလေ့စ် ဂိုးသမား ဂွိုက်တာ လက်စွမ်းပြ ကာကွယ်ခဲ့ရပါတယ် ။

ကွင်းလယ် – ဟာကင် ဇီယက်ချ် ( Rating – 8 ) ၊ ဂျော်ဂျင်ဟို ၊ အန်ဂိုလို ကန်တေ ( Rating – 5 ) ၊ ခရစ်တီယန် ပူလီဆစ် ( Rating – 4 )

Double pivot ကွင်းလယ် အတွဲမှာ ကန်တေ – ဂျော်ဂျင်ဟို အတွဲ ပွဲထွက်ခွင့် ရခဲ့ပြီး ၊ ၎င်းတို့ရဲ့ pressing ကစားပုံနဲ့ ကွင်းလယ် ထိန်းချုပ်ပုံ က အသင့်အတင့် ရှိခဲ့ပါတယ် ။ သို့ပေမယ့် တိုက်စစ် အတွက် အရေးပါတဲ့ ပေးပို့မှုတွေ များများစားစား မလုပ်ဆောင်နိုင်ခဲ့ပါဘူး ။

ကန်တေဆိုရင် ပထမပိုင်း အတွင်း ဆားရဲ့ ပေးပို့မှုကတဆင့် ပြိုင်ဖက် ဂိုးသမားနဲ့ one vs one အခြေအနေမှာ ဂိုးသွင်းနိုင်ဖို့ ကောင်းခဲ့ပါတယ် ။ ဂျော်ဂျင်ဟို ဟာလည်း အစောပိုင်း မိနစ်တွေမှာ တည်ငြိမ်တဲ့ ကစားဟန်တွေ ပြသနိုင်ခဲ့ပေမယ့် ၊ ပွဲချိန် ကြာလာတာနဲ့ အမျှ ၎င်းရဲ့ ဘောလုံး ပေးပို့ပုံတွေက အလွဲများခဲ့ပါတယ် ။

တောင်ပံ ၂နေရာက ချဲလ်ဆီး ကြယ်ပွင့် ၂ဦးရဲ့ စွမ်းဆောင်ရည် က တဦးနဲ့ တဦး အရမ်း ခြားနားခဲ့ပါတယ် ။ ပွဲအနားကပ်မှ ဒဏ်ရာ ရသွားတဲ့ အိုဒွိုင်း အစား ပွဲထွက်ခွင့် ရခဲ့တဲ့ ပူလီဆစ် ဟာ တိုက်စစ် ထိုးဖောက်မှု အရမ်း နှံချာခဲ့သလို ၊ ခံစစ် ဆင်းကူတဲ့ နေရာမှာလည်း အားနည်းခဲ့ပါတယ် ။

အတိုးအလှုပ် အချို့ လုပ်ပြနိုင်လို့ ၊ ပဲလေ့စ် ကစားသမား အချို့ရဲ့ ကြမ်းကြမ်းတမ်း ဖြတ်ထုတ်ခြင်း ခံခဲ့ရတာက လွဲရင် ၊ ပူလီဆစ်ရဲ့ ခြေစွမ်းက သာမန်အောက်သာ ရှိခဲ့ပါတယ် ။ တဖက်မှာ ဇီယက်ချ် ကတော့ တိုက်စစ် ခံစစ် အတက်အဆင်း မျှခဲ့သလို ၊ ခရစ်တန်ဆန်ဆီက ပံ့ပိုးမှု လုံလုံလောက်လောက် မရခဲ့တာတောင် ကွင်းတွင်း ဖန်တီးမှုအား အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပါတယ် ။

၇၅မိနစ်မှာ လူကာကူရဲ့ ကန်ချက် ပြန်လျှံထွက်လာရာကနေ အပိုင် ပိတ်ခဲ့ပေမယ့် ၊ VAR မှ ဇီယက်ချ်ရဲ့ ဂိုးကို လူကျွံဘော အဖြစ် သတ်မှတ်ခဲ့ပါတယ် ။ သို့ပေမယ့် ပွဲပြီးခါနီး မိနစ် နည်းနည်းပဲ လိုတော့တဲ့အခါမှ လူစားဝင် နောက်ခံလူ မားကို့စ် အလွန်ဆိုရဲ့ ဖြတ်တင်ဘော ကနေ ဇီယက်ချ် က ပင်နယ်တီ ဧရိယာအတွင်း အသင့်စောင့် volley ပိတ်သွင်းယူပေးခဲ့ပါတယ် ။

 

တိုက်စစ် – ရိုမီလူ လူကာကူ ၊ ကိုင်ဟာဗက်ဇ် ( Rating – 4 )

ကမ္ဘာ့ကလပ်ဖလားမှာ ချဲလ်ဆီးရဲ့ သွင်းဂိုး ၃ဂိုးလုံးကို သွင်းယူခဲ့ကြတဲ့ လူကာကူ – ဟာဗက်ဇ် အတွဲဟာ မနေ့ည က ပွဲမှာ အံ့သြဖွယ် ကောင်းအောင် ခြေစွမ်း နုံချာခဲ့ပါတယ် ။

၇၅ မိနစ်မှာ VAR မှ ပယ်ဖျက်ခဲ့တဲ့ သွင်းဂိုးမှာမှ လူကာကူ ဟာ ပွဲရဲ့ ဂိုးပေါက် ကန်သွင်းမှု ၂ကြိမ်မြောက်သာ စွမ်းဆောင်နိုင်ခဲ့သလို ၊ တပွဲလုံးမှာမှ ထိချက် ၇ချက်သာ ရှိခဲ့တဲ့ အထိ စိတ်ပျက်စရာ ကောင်းခဲ့ပါတယ် ။

ဟာဗက်ဇ် ကတော့ ပထမပိုင်းမှာ ကစားအား အသင့်အတင့် ရှိခဲ့ပေမယ့် ၊ ဒုတိယပိုင်းမှာ တမဟုတ်ချင်း ခြေစွမ်း ထိုးကျခဲ့ပြီး ၊ ခရစ်တန်ဆန်ရဲ့ ဖြတ်တင်ဘောမှ ရလာတဲ့ half-chance တကြိမ်ကိုလည်း ဂိုးပေါက် တည့်မတ်အောင်ပင် အဆုံးမသတ်နိုင်ခဲ့ပါဘူး ။

လူစားဝင် ကစားသမားများ – မားကို့စ် အလွန်ဆို ၊ မတ်တီယို ကိုဗာဆစ် ( Rating – 6 ) ၊ ရူဘင် လော့ဖ်တပ်စ်ချိခ် ( Rating – 5 )

SPORTS MYANMAR