ဆာလာ နဲ့ ပတ်သက်ပြီး မိုက်ကယ် အိုဝင် ရဲ့ အမြင်ကို လက်မခံနိုင်ဘူးလို့ ပေါ်တင် ပြောချလိုက်တဲ့ ဖာဒီနန်

လီဗာပူး တိုက်စစ်မှုးဟောင်း ဖြစ်သူ မိုက်ကယ် အိုဝင် က အန်ဖီးလ် မှာ ဆွာရက် ရဲ့ အတောက်ပဆုံး အချိန်ဟာ မို ဆာလာ ထက် ပိုကောင်းတယ် ဆိုတဲ့ ပြောဆိုမှု အပေါ် သူ့ အနေနဲ့ လုံး၀ လက်မခံနိုင်ဘူးလို့ ယူနိုက်တက် ခံစစ်မှုးဟောင်းကြီး ရီယို ဖာဒီနန် က ပွင့်ပွင့်လင်းလင်းပဲ ပြောဆိုလိုက်ပါတယ်။

လီဗာပူး ပရိသတ်တွေ အကြားမှာလဲ ဆွာရက် နဲ့ ဆာလာ တို့ အကြား ဘယ်သူက ပိုကောင်းတယ် ဆိုတဲ့ ဒီဘိတ်အပေါ် အမြင်အမျိုးမျိုး နဲ့ ဆွေးနွေး ငြင်းခုံကြလေ့ရှိ ပါတယ်။

ဆာလာ ဟာ နော့ဝှစ်ချ် နဲ့ ကစားခဲ့တဲ့ ပွဲမှာပဲ လီဗာပူး အတွက် 233 ပွဲ ပါဝင် ကစားကာ ၊ စုစုပေါင်း သွင်းဂိုး 150 အမြန်ဆုံး ပြည့်မြောက်အောင် သွင်းယူနိုင်တဲ့ ဒုတိယမြောက် ကစားသမား အဖြစ် မှတ်တမ်းကောင်း တစ်ခုကို ပူပူနွေးနွေးရေးထိုးထားသူ ဖြစ်ပါတယ်။ သွင်းဂိုး 150 အမြန်ဆုံး ရယူနိုင်ခဲ့တဲ့ ကစားသမား အဖြစ် ဂန္တဝင် တိုက်စစ်မှုးဟောင်းကြီး ရော်ဂျာ ဟန့် က စံချိန်တင်ထားတာ ဖြစ်သော်လဲ ၊ သူ့ရဲ့ သွင်းဂိုး အများစုဟာ လီဗာပူး ဒုတိယတန်းမှာ ယှဉ်ပြိုင် ကစားနေစဉ် အချိန်က ဖြစ်လို့ ၊ မို ဆာလာ ရဲ့ စွမ်းဆောင်ရည်တွေက ပိုပြီးကောင်းမွန်တယ် ဆိုပြီး မှတ်ချက်ပေး ပြောဆိုနေကြတာတွေလဲ တွေ့ရပါတယ်။

လူးဝစ် ဆွာရက် ကတော့ 2013/14 ဘောလုံးရာသီမှာ လီဗာပူး အတွက် ပရီးမီးယားလိဂ် ပွဲပေါင်း 33 ပွဲသာ ပါဝင် ကစားပေးခဲ့ကာ သွင်းဂိုး က 31 ဂိုး အထိ ရယူနိုင်ခဲ့တဲ့ အပြင် ၊ ဂိုးဖန်တီးမှု 17 ကြိမ် အထိ ဖန်တီးပေးခဲ့ဖူးပါတယ်။

မို ဆာလာ ဟာ လီဗာပူး ကို ရောက်ရှိလာချိန်က စလို့ ရာသီတိုင်း အသင်းရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမား အဖြစ် ရပ်တည်ပြထားကာ ၊ ဒီရာသီ မှာ ဆိုရင် ပြိုင်ပွဲပေါင်းစုံ 25 ဂိုး သွင်းယူပြီး ၊ 9 ကြိမ် အထိ ဂိုးဖန်တီးမှု ပြုလုပ်ပေးထားပါတယ်။

လူးဝစ် ဆွာရက် နဲ့ မို ဆာလာ တို့ အကြား အမြင့်ဆုံး စွမ်းဆောင်ရည်တွေ ရရှိနေကြချိန်မှာ ဘယ်သူက ပိုကောင်းလဲ ဆိုတဲ့ မေးခွန်းကို ဖြေရတာ တော်တော်လေး ခက်ပါတယ်။ တစ်ချို့ က ဆွာရက် ဟာ လက်ရှိ ဆာလာ ရရှိနေတဲ့ အထောက်အပံ့မျိုး မရခဲ့တဲ့ အချက်ကို ဆွဲထုတ်ကြပေမယ့် ၊ ဆာလာ ရင်ဆိုင် ဖြတ်ကျော် နေရတဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် ခံစစ်မှုးတွေဟာ ဆွာရက် တို့ ခေတ်ကထက် ပိုပြီး ကျစ်လစ် တောင့်တင်းလာတဲ့ အချက်ကို ငြင်းလို့ မရနိုင်သလို ၊ နည်းပြတွေကလဲ ကမ္ဘာ့အကောင်းဆုံး တွေချည်းပဲ စုဝေးနေတဲ့ အချိန်မျိုးဆိုတာ မေ့ထားလို့ မရပြန်ပါဘူး။

ဖာဒီနန် ကိုယ်တိုင်ကတော့ ဒီ အငြင်းအခုံတွေ အပေါ် သူ့ရဲ့ အမြင်ကို အခုလို ချပြသွားခဲ့ ပါတယ်။

“ ဒီကိစ္စ နဲ့ ပတ်သက်ပြီး မိုက်ကယ် အိုဝင် နဲ့ တော်တော်လေး ငြင်းခုံ ဖြစ်ခဲ့ပါတယ်။ သူပြောတာ က ဆွာရက် ရဲ့ 2013-14 ဘောလုံးရာသီဟာ လက်ရှိ မို ဆာလာ ရဲ့ စွမ်းဆောင်ရည်တွေ ထက် ပိုကောင်းတယ်လို့ ဆိုပါတယ်။

ကျနော် က ဒါကို လက်မခံနိုင်ပါဘူး။ ဆာလာ ဟာ ဘယ်လိုမှ မယုံကြည်နိုင်စရာ ကောင်းလွန်းတဲ့ ကစားသမားမျိုးပါ။

ချဲဆီး နဲ့ ပွဲမှာ သွင်းသွားတဲ့ ဂိုးဆိုရင် အကျဉ်းအကျပ်ထဲကနေ ပြိုင်ဘက် ခံစစ်မှုးတွေကို အရူးလုပ်ပြီး သွင်းပြသွားတာပါ။ ဒီလို ခံစစ်မှုးတွေ စုပိတ်ထားတဲ့ ခံစစ်ကို ကျော်ဖြတ်ပြီး ဒီလို ဂိုးမျိုး ဘယ်သူက သွင်းပြနိုင်မှာလဲဗျာ။ သူဟာ အန်ဖီးလ်မှာတုန်းကလဲ ကူလီဘာလီ ကိုတောင် လှည့်စားပြီး သွင်းပြပြီးပါပြီ။

ပေါင် သန်း 80 ဝန်းကျင်တန်ကြေးရှိတဲ့ ခံစစ်မှုးတွေကိုတောင် အရူးလုပ်ပြီး သွင်းပြတဲ့ ဂိုးတွေ မနည်းပါဘူး။ ဒါမျိုးကို သူက နှစ်တိုင်းလိုလို စွမ်းဆောင်ပြနေတာပါ။ သူ့အနေနဲ့ မို ဆာလာ အပေါ် လေးစားမှုတော့ ပိုပြီး ထားသင့်ပါတယ်။

ကျနော် နဲ့ ယူနိုက်တက် တို့အကြားက ဆက်နွှယ်မှုတွေကို မေ့ထားလိုက်ပါ … ဆာလာ ဟာ အမှန်အကန် ဘောလုံးသမားမျိုး ဖြစ်ပါတယ်” လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

SM