စံချိန်မှတ်တမ်း များစွာ နဲ့ လိဒ် ယူနိုက်တက် ကို အနိုင်ယူပြလိုက်တဲ့ လီဗာပူး

လီဗာပူး ဟာ လက်ကျန် တစ်ပွဲ ကစားဖို့ ကျန်နေသေးတဲ့ အခွင့်အရေးကို အကောင်းဆုံး ပုံစံ နဲ့ ဆုပ်ကိုင်ကာ အမှတ်ပေးဇယားထိပ် မှာ ဦးဆောင်နေတဲ့ မန်စီးတီး ကို အချက်ပေး ခေါင်းလောင်းထိုးလိုက်ပါတယ်။

ဒီနိုင်ပွဲကြောင့် သူတို့ နှစ်သင်းအကြား အမှတ်ကွာဟချက်က 3 မှတ် အထိ ကျဆင်းသွားခဲ့သလို ၊ ဂိုးဒါဇင်ဝက် အထိ သွင်းပြလိုက်တာကြောင့် ဂိုးကွာခြားချက် အပိုင်းမှာလဲ +50 ဂိုး အထိ ဖြစ်သွားတာကြောင့် လီဗာပူး ဟာ မန်စီးတီး ကို ဖိအားပေးဖို့ ဖြစ်နိုင်ချေ အရှိဆုံး နည်းလမ်းတွေကို လုပ်ဆောင်သွားခဲ့တာလို့ မှတ်ချက်ပေးလို့ ရနေပါတယ်။

တနင်္ဂနွေနေ့မှာ ကာရာဘောင် ဖလား ဗိုလ်လုပွဲ ကစားဖို့ ရှိနေသည့်တိုင်အောင် ကလော့ပ် ဟာ ဒီပွဲမှာ အတောင့်တင်းဆုံး ကစားသမား စာရင်းကို အသုံးပြုပြီး ယှဉ်ပြိုင်ခဲ့ ပါတယ်။ လီဗာပူး ရဲ့ ကွင်းလယ်ကို ဖာဘင်ဟို + တီယာဂို အတွဲက ဦးဆောင်လာပြီ ဆိုတာ နဲ့ တစ်သင်းလုံး ရဲ့ ကစားကွက် တည်ငြိမ်တတ်တဲ့ အစဉ်အလာ အတိုင်း ဒီပွဲမှာလဲ ပွဲ အပိုင်း ကတည်းက လိဒ် ယူနိုက်တက် ဂိုးပေါက် ကို ဆက်တိုက် ခြိမ်းခြောက်ပြခဲ့ကာ သွင်းဂိုးတွေလဲ ဆက်တိုက် ရယူပြနိုင်ခဲ့ တာပါ။

လီဗာပူး အတွက် အဖွင့်ဂိုး ကို 18 ကိုက်အတွင်း လက်ထိဘောကနေ တဆင့် ရရှိလာတဲ့ ပင်နယ်တီ ကို မို ဆာလာ က အမှားအယွင်းမရှိ ကန်သွင်းရင်း ရယူပေးခဲ့တာ ဖြစ်ပြီး ၊ ဒုတိယ ဦးဆောင်ဂိုးကိုလဲ ဆာလာ ရဲ့ ဖန်တီးမှု ကနေ တဆင့် မာတစ်က အနီးကပ် ပိတ်သွင်း ပေးခဲ့တာ ဖြစ်ပါတယ်။

ပထမပိုင်း ပြီးခါနီးမှာ လိဒ် နောက်ခံလူ အေလင်း က မာနေး ကို နောက်ကနေ ဝင်တိုက်မိသလို ဖြစ်တာကြောင့် နောက်တစ်ကြိမ် ပင်နယ်တီ ကန်ခွင့်ရခဲ့ကာ ၊ ဆာလာ ကပဲ ပိုင်ပိုင်နိုင်နိုင် အသုံးချပြခဲ့ပြန်ပါတယ်။

ဒုတိယ ပိုင်းမှာတော့ မာနေး က 2 ဂိုး ဗန်ဒိုက် က 1 ဂိုး အသီးသီး သွင်းယူရင်း ပြတ်သားတဲ့ အနိုင်ရလာဒ်ကို ပွဲဆက်တွေ အကြားက ရယူပြသွားခဲ့ပါတယ်။

Matip
လီဗာပူး သမိုင်းကြောင်း တစ်လျှောက် တစ်ရာသီ အတွင်း စံချိန်တင် လိဂ် ဂိုး သွင်းယူနိုင်တဲ့ ကစားသမား အရေအတွက် က စုစုပေါင်း 17 ယောက် အထိ ပေါ်ထွက် ခဲ့ဖူးတာပါ။ ကလော့ပ် ရဲ့ လက်ထက်မှာ 2 ကြိမ် ၊ 1911-12 ဘောလုံးရာသီ က တစ်ကြိမ် ပေါ်ပေါက်ခဲ့ဖူးပြီး ၊ လက်ရှိ ဘောလုံးရာသီမှာလဲ အဆိုပါ စံချိန် မှတ်တမ်းကို အမှီလိုက်သွားနိုင်ခဲ့ ပါပြီ။

မာတစ် ဟာ ဒီရာသီမှာ လီဗာပူး အတွက် ပရီးမီးယားလိဂ် သွင်းဂိုး ရယူနိုင်တဲ့ 17 ယောက်မြှောက် ကစားသမား ဖြစ်ပြီး ၊ မေလ်နာ ၊ ဟာဗေး အယ်လီယော့ ၊ စီမီကတ် ၊ ကိုနာတေး ၊ ဂိုးမက်ဇ် တို့ထဲက တစ်ယောက်ယောက် ကများ လက်ကျန် ပွဲစဉ်တွေမှာ ဂိုးသွင်းယူဦးမယ် ဆိုရင် စံချိန် မှတ်တမ်းသစ် တစ်ခု ဒီရာသီမှာ ထပ်မံ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။

Mo Salah

အသင်းအတွက် ပင်နယ်တီ ကနေ တဆင့် 2 ဂိုး ရယူပေးခဲ့တဲ့ မို ဆာလာ ဟာ လီဗာပူး ကစားသမားဘ၀ စုစုပေါင်း သွင်းဂိုး က 152 ဂိုး အထိ ရှိလာခဲ့ပါပြီ။ အဲဒီ ပမာဏမျိုး အထိ သွင်းယူနိုင်ဖို့ သူဟာ 234 ပွဲသာ ကစားလိုက်ရပြီး Goal/Game အချိုးကျကြည့်လိုက်မယ် ဆိုရင် ကလပ် သမိုင်းကြောင်း တစ်လျှောက် စွမ်းဆောင်ရည် အမြင့်ဆုံး တိုက်စစ် ကစားသမား အဖြစ် ရပ်တည်နေ ပါတယ်။

သူဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ 114 ဂိုး ၊ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ 34 ဂိုး နဲ့ အက်ဖ်အေ ဖလား ပြိုင်ပွဲမှာ 4 ဂိုးစီ သွင်းယူပေးထားပါတယ်။

ဒါ့အပြင် ဟယ်ရီ ချန်ဘာ ရဲ့ 151 ဂိုး စံချိန်ကို ကျော်ဖြတ်ကာ ကလပ် သမိုင်းကြောင်း တစ်လျှောက် နဝမမြောက် သွင်းဂိုးအများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

လီဗာပူး သမိုင်းကြောင်း တစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမား 10 ယောက် –

1. Ian Rush – 346 goals
2. Roger Hunt – 285 goals
3. Gordon Hodgson – 241 goals
4. Billy Liddell – 228 goals
5. Steven Gerrard – 186 goals
6. Robbie Fowler – 183 goals
7. Kenny Dalglish – 172 goals
8. Michael Owen – 158 goals
9. Mohamed Salah – 152 goals
10. Harry Chambers – 151 goals

9 in a row

လီဗာပူး ဟာ ကာရာဘောင် ဖလား အကြိုဗိုလ်လုပွဲ ပထမ အကျော့ပွဲစဉ်မှာ အာဆင်နယ် ကို သရေကျပြီး နောက်ပိုင်း ကစားခဲ့တဲ့ 9 ပွဲ ဆက်တိုက် အနိုင်ကစားပြထားပါတယ်။ အဲဒီ စွမ်းဆောင်ရည်ကြောင့် ကာရာဘောင် ဖလား ဗိုလ်လုပွဲကို တက်ရောက်ထားနိုင်ခဲ့သလို ၊ ချန်ပီယံလိဂ် ရှုံးထွက် အဆင့် ပထမအကျော့ အဝေးကွင်းပွဲစဉ်မှာလဲ အသာစီး ရယူထားတဲ့ အပြင် ၊ မန်စီးတီး နဲ့ ကြားက အမှတ်ကွာဟချက်ကိုလဲ 3 မှတ် အထိ လျှော့ချနိုင်ခဲ့ ပါတယ်။

ပိုပြီး ထူးခြားတာက အဲဒီ 9 ပွဲမှာ စုစုပေါင်း သွင်းဂိုး က 25 ဂိုး အထိ ရှိခဲ့ကာ 6 ပွဲ Clean Sheet ရယူနိုင်ခဲ့ပြီး ၊ 3 ပွဲ မှာပဲ ဂိုးတွေ ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။

Thiago & VVD

စပိန် ကွင်းလယ် ကစားသမားကြီး တီယာဂို ကတော့ လီဗာပူး ကစားသမား ဘ၀ ပွဲပေါင်း 50 ပြည့်မြောက် သွားခဲ့ပြီ ဖြစ်ပြီး ၊ ခံစစ်မှုးကြီး ဗန်ဒိုက် ကလဲ လီဗာပူး ကစားသမားဘဝမှာ ပရီးမီးယားလိဂ် အန်ဖီးလ်ကွင်း ရှုံးပွဲ အရသာကို အခုထိ မကြုံဘူးသေးပါဘူး။

SM